ကွန်ပါဗူးလေးထဲမှာသိမ်းထားတဲ့ မြတ်နိုးမှုဟာ
သံချေးမတက်တော့ဘူး ချစ်သူ။
နင်က သစ်ရွက်လှုပ်တာကိုရယ်ချင်တယ်…
ငါက နင်ရယ်နေတာကိုရင်ခုန်တယ်…
စိန်ပန်းတွေဟာ
အသက်အရွယ်အလိုက်ဖူးပွင့်တတ်တယ် ဆိုရင်
ခေါင်းလောင်းသံနဲ့ စိုစွတ်နေတဲ့စိန်ပန်းဟာ
အလှဆုံး။
နင့်အလှက နတ်သမီးဝတ်ရုံမလိုဘူး
ဖြူလွလွလက်ပေါ်က
မွေးညှင်းစိမ်းစိမ်းလေးတွေအတွက်
ငါ့မျက်ဝန်းတွေက ဘာသာစကားမဲ့တယ်။
ဒီလိုနဲ့ ငါတို့နှစ်ယောက်
ရင်းနှီးခဲ့ကြတာပဲမဟုတ်လား မိငယ်။
တစ်ခါတစ်ခါ ကျောင်းပြတင်းပေါက်က
အပြင်ကိုငေးကြည့်လိုက်
သူငယ်ချင်းတွေနဲ့ ရယ်စရာပြောပြီး
ပါးစပ်ကိုလက်ကလေးနဲ့ကွယ် ရယ်လိုက်
စာရေးပြီးရင် ဘောပင်အဖုံးလေးကိုကိုက်လိုက်
ဆရာအလစ်မှာ နေကြာစေ့ခိုးစားလိုက်
ငါက ရောင်စဉ်ခုနှစ်သွယ်သက်တံလေးရဲ့
လှုပ်ရှားမှုလေးတွေကို မှတ်သားနေရရင်ပဲ
အလိုလိုပျော်နေတဲ့ကောင်။
စွဲလန်းနစ်ပျော်ခြင်းမှာ
အကြောင်းပြချက်မှမလိုတာ ချစ်သူရယ်
သိမ်းထားမယ် ချစ်သူ။
အဲဒီ ပျော်ရွှင်မှုမျိုးကို
ငါ တခုတ်တရ ။
ချစ်သူရေ………
နင် ဘယ်ဆီမှာများလဲ။
ကွန်ပါဗူးလေးထဲက မြတ်နိုးမှုဟာ
သံချေးမတက်တော့ပါဘူး။
#MSU-025