ခရီးရောက်မဆိုက်ပင် မလွန်း ချစ်သူရောက်လာကာ လက်ထပ်ဖို့ကိစ္စအဆင်ပြေလျှင် ချက်ချင်း လက်ထပ်ချင်ကြောင်း ပြောလာတော့ မလွန်းမှာ စိတ်မောရပါသည်။ အကျိုးအကြောင်းပြောပြကာ နှစ်သိမ့်ပေမဲ့ ထိုသူမှာ လက်မခံပါ။ မိမိအား တကယ်မချစ်သောကြောင့်သာ အချိန်ဆွဲထားခြင်း ဖြစ်ကြောင်းနှင့် မလွန်း မိဘများမှာ သဘောမတူသောကြောင့်သာလျှင် ထိုသို့ပြောဆိုတာဖြစ်ကြောင်း အခြေအတင်ပြောဆိုနေလေသည်။ ချစ်သူမျက်နှာညိုတော့ မလွန်းလည်း မျက်ရည် ခပြီပေါ့။ မနော်ထူးနှင့်တိုင်ပင်သောအခါ မိဘများပြောကြားချက်သည် သင့်လျှော်ကြောင်းနှင့် ထိုသူ့ အကြောင်းကိုလည်း သေချာစုံစမ်းစေချင်သေးကြောင်း အကြံပေးလာပါသည်။
တစ်ညလုံးပေါက်နီးပါး ငိုထားသောကြောင့် မလွန်း ဒီမနက် အိပ်ယာထနောက်ကျသည်။ နှင်းငွေ့ဝေနေသော ပြတင်းပေါက်ကို ငေးရင်း ညက အဖြစ်အပျက်ကို ပြန်တွေးနေမိသည်။ ထိုသူသည် သူ၏ မွေးရပ်ဇာတိသို့ ပြန်တော့မည်ဖြစ်ကြောင်းနှင့် မလွန်းလိုက်လိုပါက လက်ထပ်ပြီးခေါ်သွားမည် ဖြစ်ကြောင်း ပြောပါသည်။ မလွန်းကလည်း ယခုအရွယ်သည် ငယ်ရွယ်သေးသည့်အပြင် မိဘများကိုလည်း ငဲ့ညှာရအုံးမည် ဖြစ်သည့်အတွက် လက်မထပ်နိုင်သေးကြောင်း ပြောပြလိုက်ပါသည်။ မလွန်း၏ သဘောထားကို သိရသောအခါ ထိုသူမှ ချစ်ပင်ချစ်သော်လည်း မိမိသည်လည်း မိဘများထံပြန်ရမည်ဖြစ်သဖြင့် ဒီနေရာမှာ လမ်းခွဲကျပါစို့ဟုပြောကာ ထွက်ခွါသွားလေသည်။
ချစ်ရသူ၏ ကျောပြင်ကိုကြည့်ရင်း မလွန်း မျက်ရည်တို့တလိမ့်လိမ့်ဆင်းသက်လာပါသည်။ ရင်ထဲမှာနာကျင်ရသော ထိုဝေဒနာသည် ပြောမပြတက်အောင် ပြင်းထန်လွန်းလှသည်။ မည်သူမှား၍ မည်သူမှန်သည်ကို မလွန်း မဝေခွဲတက်ပါ။ မိမိသည်လည်း မပြစ်မကင်းလှသလို ထိုသူသည်လည်း မမှန်ဟု မလွန်း တွေးမိပါသည်။ အငိုမျက်နှာနှင့် ပြန်လာသော မလွန်းအား အခန်းဖော်များက ဝိုင်းဝန်းနှစ်သိမ့်ကျတော့ မလွန်း ပိုငိုမိသည်။ အသည်းဆိုင်တစ်ခုလုံး ဆွဲဆုတ်ထားသလို ရင်ထဲက မွန်းကျပ်စွာ ခံစားရပါသည်။ ရှိုက်၍ ရှိုက်၍ ငိုနေသော မလွန်းကို မနော်ထူးက ချော့မော့ဖျောင်းဖျရှာသည်။ မိမိတို့၏ ဘဝများသည် မိသားစု အရေးထက် မိမိအရေးကို စတေးခံကျရမှာ ဖြစ်ကြောင်း နှစ်သိမ့်လေသည်။
ချစ်သူ၏ ကျောခိုင်းခြင်းကို လိမ့်၍ ခံစားနေရသော မလွန်း၏ ဘဝတွင် ကံကြမ္မာအလှည့်အပြောင်းသည်လည်း တိုးဝင်၍ လာခဲ့ပါသည်။ မလွန်းတို့၏ ဆန္ဒသဘောအရ မလွန်းတို့အဖွဲ့ ဆိုင်သစ်သို့ ပြောင်းရွှေ့ခဲ့ကျရပါသည်။ ဆိုင်သစ်သည် ယခင်ဆိုင်ထက်များစွာ ကြီးမားကာ Night Clabလည်း ပါဝင်လေသည်။ ထိုဆိုင်ရောက်တော့ သီချင်းဆို ဝါသနာပါသော မလွန်း ဖြိုးစံပယ်နှင့် မိုးထက်တို့က အဆိုလိုင်းဘက်ကူးသွားသလို မနော်ထူးက အရက်ဘားတွင် တာဝန်ယူလိုက်သည်။ ဆိုင်တွင် မန်နေဂျာကသာကြီးစိုး၍ ဆိုင်ရှင် လောပန်းကိုမူ မတွေ့ရပေ။ နေရာစီစဉ်ပေးသည်မှစ၍ အလုပ်ခွဲဝေခြင်း လစာပေးခြင်းများကို မန်နေဂျာနှင့်သာ ပြောရသည်။ မနော်ထူးနှင့်မလွန်းလည်း နေရသည့် အဆောင်မတူတော့။ အဆိုတော်တွေသပ်သပ် ဆိုင်ဝန်ထမ်းတွေသပ်သပ်ထားသည်။