နှင်းစက်တို့က မိုးပေါက်များသဖွယ် တစ်စက်စက်ကျဆင်းနေ၏ မြင့်မားလှသော တောင်တန်းကြီးများကြားတွင် လူတစ်ကိုယ်စာမျှ ဖောက်လုပ်ထားသော လမ်းကျဉ်းထက်တွင်မတော့ ပလိုင်းများကို ခေါင်းထက်တွင် သိုင်းလွယ်ထားသော အမျိုးသမီးငယ်တစ်စု။ ပလိုင်းထဲတွင် သယ်ပိုးလာသော သစ်များကို တစ်ဖက်နိုင်ငံသို့ သယ်ပို့၍ ဝမ်းစာရှာဖွေနေရသော ထိုမိန်းမငယ်တစ်စုသည် အအေးဒဏ်ကိုလည်း အံ့တု။ မောပန်းရသည်ကိုလည်း မမှု။ ဥပဒေလည်း နားမလည်။ အသက်နှင့် အရှက် အန္တရာယ်ကိုလည်း ပဓာဏမထားဘဲ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ကြိုးစားရုန်းကန်နေကျရသည်။
မလွန်းသည် နဖူးထက်က စီးကျလာသော ချွေးစက်တို့ကို ဘယ်လက်ဖမို့ဖြင့် ပင့်သုတ်လိုက်ရင်း ခေါင်းထက်တွင် သိုင်းလွယ်ထားသော ပလိုင်းကို လက်နောက်ပြန်ထိမ်းမကာ ရှေ့က မြင်နေရသည့် အတက်ကို တက်လှမ်းနိုင်ဖို့ အားတင်းလိုက်ပါတယ်။ ထိုအတက်မှာ မိမိတို့လို သစ်ပိုးသမများ မာန်ချရသော အတက်ဖြစ်သည်။ တောင်အမြင့်ကို မော်မကြည့်အား။ ခြေလှမ်းကိုသာ ငုံ့ကြည့်တက်ကျရသည်။ တစ်ဖက်တွင်တော့ အဆင်းဖြစ်၍ အတက်လမ်းလောက် မောပန်းခြင်းမဖြစ်ဘဲ ထိန်းဆင်းရုံသာ။ ဒီတစ်ခေါက် သစ်ပိုးပြီးလျှင်တော့ ၁ပတ်ခန့် နားအုံးမည်ဟု မလွန်း စိတ်ကူးထားသည်။မနားလို့ကလည်း မဖြစ်။ ပန်းနာသည် အဖေ့အတွက် မြို့တက်ကာ ဆေးဝယ်ရအုံးမည်။ မောင်လေး နှင့် ညီမလေးအတွက်လည်း လိုအပ်သော စာအုပ်များဝယ်ပေးရအုံးမည်။ အမေ့တွင်လည်း လုံခြည်ကောင်းကောင်းမရှိ။ ရိုးရာဆင် တပတ်နွမ်းလေး၂ထည်ကို ဖာတေးဝတ်နေတာ မြင်တော့ မလွန်းစိတ်မကောင်း။ ဒီခေါက်ပို့ပြီးလျှင် လိုအပ်တာတွေဝယ်ဖို့ ပိုက်ဆံပြည့်လောက်ပေပြီ။ လောပန်းထံတွင် ခေါက်ကြေးများထုတ်ရမည်။ အတွေးနှင့်ပင် အပျော်လေးများကြောင့် မလွန်း မျက်နှာလေး ပြုံးရိပ်သန်းလာသည်။
credit image source
ဆောင်းရာသီမို့ နေဝင်ပျိုးပျ အချိန်ရောက်လာသည်နှင့် အအေးဓာတ်က လွှမ်းမိုးလာသည်။ ဒီည မိသားစု ထမင်းဝိုင်းလေးက စိုပြေလှသည်။ ဆက်သားခြောက်ကို ရှလက်ရွက် ငရုတ်သီးစိမ်းတို့ဖြင့် ကချင်ချက် ချက်ထားကာ ပန်းဥထောင်းထားသည်။ ကျောက်ဂျင်းကို လောဂျစ်နှင့် ချစ်ကာ အစိမ်းသုတ်ထားသည်။ ခေါင်းမဖော်တမ်းစားနေကျသော မောင်လေးနှင့် ညီမလေးများကိုကြည့်ရင်း ထမင်းလက်ကျန်နည်းနေပြီမို့ မလွန်းတစ်ယောက် စားလက်စအရှိန်ကို သတ်လိုက်သည်။ စားသောက်ပြီးသည်နှင့် အိမ်ရှေ့ ဝါးကွပ်ပျစ်ပေါ်တွင် မိသားစု ဝိုင်းထိုင်လိုက်ကျသည်။
credit image source
ဆက်ရန်....
msc 175