မအေးလှသည် ကိုသက်ခိုင်အိမ်ရောက်သည်နှင့် ခြံရှေ့တွင် ကောင်လေးတစ်ယောက်က စောင့်နေကာ အဘ တရားထိုင်နေကြောင်း ပြောလေသည်။ ခဏထိုင်စောင့်ပါရန်လည်း မှာထားကြောင်း ပြောလေသည်။ မအေးလှသည် ဧည့်ခန်းထဲရှိ ထိုင်ခုံတွင် စောင့်ဆိုင်းနေပြီး ၁၅မိနစ်ခန့်ကြာသော အခါ အခန်းအတွင်းမှ ကိုသက်ခိုင်က ဝင်လာခဲ့ရန် ခေါ်လေသည်။ မအေးလှလည်း အခန်းတွင်းဝင်သွားကာ ကိုသက်ခိုင်ရှေ့တွင် ထိုင်လိုက်လေသည်။ ကိုသက်ခိုင်က
'' ဧည့်သည်ကော ခေါ်လိုက် အေးလှ'' မအေးလှသည် မိမိ အပ်ချုပ်စက်ခေါင်းကို သတိရသွားပြီး ဧည့်ခန်းသို့ ထွက်ကာ ယူလေသည်။ ထိုနောက် ကိုသက်ခိုင်ရှေ့တွင်ချကာ အဝတ်ကို ဖြည်လိုက်လေသည်။ ဆေးရောင်များကွာပြီး အရောင်လွင့်ပျယ်နေသော အပ်ချုပ်စက်လေးသည် ပကတိငြိမ်သက်စွာရှိနေလေသည်။ ကိုသက်ခိုင်သည် အပ်ချုပ်စက်ပေါ်လက်တင်ကာ မျက်လုံးအစုံမှိတ်လျှက် မန္တန်တစ်ခုကို ရွတ်ဖတ်နေလေသည်။ ထို့နောက် မအေးလှ နားမလည်သော ဘာသာစကားဖြင့် စကားပြောလိုက် မန္တာန်ရွတ်လိုက်လုပ်နေလေသည်။ ထိုသို့ စကားပြောဆိုနေရာတွင် တချက်တစ်ချက် ဆာဒူးရုပ်ထုဘက်သို့လှည့်ကာ ကြည့်တက်လေသည်။ မအေးလှအထင် ကိုသက်ခိုင်သည် ဆာဒူး ရုပ်ထုနှင့် အပ်ချုပ်စက်မှ ဝိညဋ်တို့ကို ဆက်သွယ်ပေးနေဟန် ရှိလေသည်။
source
အတန်ကြာပြောဆိုကျပြီးနောက် ကိုသက်ခိုင်သည်
'' ကဲ အေးလှရေ...ဒီဝိညဋ်က မကျွတ်လွတ်နိုင်သေးတဲ့အတွက် သူ့ ဝိညဋ်ကပ်တွယ်ရာ ဒီစက်ထဲကနေ ထွက်မယ် မထင်ဘူး ပြီးတော့ ဒီအရေးက ငါတို့နဲ့လည်း သိပ်မပတ်သက်လေတော့ အထက်အဘ ဆာဒူးတွေကို အကူအညီတောင်းပြီ ဝိညဋ်ချုပ်ခိုင်းရမှာဘဲ ဒါက ပရလောကရဲ့ ထူးခြားဆန်းကြယ်မူဆိုပါတော့ အေးလှရေ အဲ့တော့ လောလောဆယ် သူ့လာရာ အရပ်ကို ပြန်ပို့တာ နင့် အတွက် အကောင်းဆုံးဖြစ်လိမ့်မယ် အေးလှ''
မအေးလှလည်း '' ကောင်းပါပြီ အဘ ကျမ သူ့နေရာကို ပြန်ပို့ပေးပါ့မယ်''
မအေးလှသည် အပ်ချုပ်စက်ကို ဆွဲခြင်းထဲထည့်ကာ ကိုသက်ခိုင်ကို နှုတ်ဆက်၍ ပြန်ခဲ့လေသည်။ ထို့နောက် အပ်ချုပ်စက် အဟောင်းတန်းသို့ ထွက်လာခဲ့လေသည်။ ဆွဲခြင်းတောင်းကိုဆွဲလျှက် မအေးလှ ဝင်လာတာမြင်သည်နှင့် စက်ရောင်းလိုက်သော ကုလားလေးသည် '' ဘာအလိုရှိသလဲ အမကြီး''ဟု ခရီးဦးကြို ပြုလေသည်။ မအေးလှလည်း
'' ဒီစက်ခေါင်း ပြန်ရောင်းမလို့''
'' ဟုတ်ကဲ့ အမကြီး ရပါတယ် ဒါပေမဲ့ ဈေးကတော့ ဝယ်ဈေးအတိုင်း ပြန်မရပါဘူး''
'' ကောင်းပြီလေ ရသလောက်ပေါ့ ဒါနဲ့ ဒီစက်ခေါင်းက ဒီဆိုင်မှာ ဝင်လိုက်ထွက်လိုက်ဘဲလား''
'' ဒီစက်က အကောင်းစား အင်္ဂလန် မိတ်ဆိုတော့ လိုချင်သူများပါတယ် အမကြီး''
'' ဒီမယ် ကုလားလေးရေ ဒီစက်ရဲ့ နောက်ကြောင်း ရာဇဝင်တော့ စက်ရောင်းသူအနေနဲ့ သိမှာပေါ့ ဒါကြောင့် ဒီအပ်ချုပ်စက်ကို မရောင်းသင့်ဘူး ထင်ပါတယ် တစ်ပါးသူ ဒုက္ခဖြစ်စေပါတယ်''
ကုလားလေးသည် မအေးလှစကားကို ပြန်လည် တုံ့ပြန်ခြင်းမရှိဘဲ ပိုက်ဆံများကို ရေတွက်နေလေသည်။ ထို့နောက်
'' ၁၅၀၀၀ ပေးလိုက်မယ် အမကြီး ကျေနပ်လား''
မအေးလှလည်း ကျေနပ်ရမည့် အခြေအနေမို့ ထို ပိုက်ဆံကို ယူကာ ထွက်ခဲ့လေသည်။ စိတ်ထဲတွင်မတော့ ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရလေသည်။ ထို့နောက် ဘုရားသို့ ဝင်ကာ ထို ငွေဖြင့်ပင် ဆီမီးနှင့် ပန်းများ ကပ်လှူ ပူဇော်ပြီး ကျန်ငွေကို ဘုရားထီးတင်ရန် လှူ ဒါန်းလိုက်လေသည်။ အပ်ချုပ်စက်အတွင်းမှ ကုလား အဘိုးအိုကိုလည်း မိမိပြုခဲ့သော ကုသိုလ်နှင့် ထပ်တူ ထပ်မျှ ရစေရန် အမျှအတန်းပေးဝေလိုက်လေသည်။ ထို့နောက်တွင် မအေးလှသည် စိတ်လက်ပေါ့ပါးစွာဖြင့် အိမ်ကို ပြန်ခဲ့လေသည်။
နောက်ပိုင်းတွင် မအေးလှသည် အပ်ချုပ်စက် အဟောင်းများဝယ်ယူတိုင်း ထိုစက် အကြောင်းကို ကုလားလေးထံတွင် မေးမြန်းသော်လည်း ထိုစက်ကလေးကို အရောင်းအဝယ် မပြုတော့ဘဲ ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်းသာ သိရလေသည်။ ယနေ့အချိန်အထိ ထို မှော်ဆန်သော အပ်ချုပ်စက်လေး အကြောင်းသည် မအေးလှစိတ်တွင် ပဟေဋ္ဌိတစ်ပုဒ်အဖြစ် စွဲထင်နေပါတော့သတည်း။
ပြီးပါပြီ...