မှန်တိုင်းလည်း မကောင်းဘူးဆိုတဲ့ စကားကို လူတိုင်းကြားဖူးကျပါတယ်။ အမှန်ကို ပြောတာဘဲ ဘာကြောင့် မကောင်းတာလည်းပေါ့။ တကယ်တော့ မှန်တဲ့ စကားဆိုတာ လူတိုင်းနီးပါးအတွက် နားဝင်ဆိုးလှပြီး မခံချိမခံသာ ဖြစ်တက်ကာ လူမုန်းခံရနိုင်လို့ပါဘဲ။ ကျမ အမြင်မှာတော့ မှန်တဲ့စကားကို နေရာတိုင်းအတွက် မပြောသင့်ဘူးလို့ ယူဆမိပါတယ်။ တချို့လည်း မှန်တော့မှန်တယ် ဒါပေမဲ့ မပြောသင့်တဲ့ အချိန် နေရာ ဒေသဆိုတာလည်း ရှိတက်ပါသေးတယ်။
မှန်သောစကားကို ခွဲခြမ်းစိတ်ဖြာကြည့်ရအောင်။ ပုဂ္ဂိုလ်ရေးနဲ့ ဆိုင်တဲ့ ဥပမာလေးတစ်ခုနဲ့ ပြောပြချင်ပါတယ်။ သူငယ်ချင်းတစ်ယောက်ဆံပင်ဖြောင့်လာတယ်။ သူ့ပုံသဏ္ဍာန်က ခပ်ဝဝ ခပ်ပုပု မျက်နှာ ပြားပြားနဲ့ ဆံပင်ကလည်း ပါးပါတယ်။ ဆံပင်ဖြောင့်လိုက်တဲ့အတွက် နဂိုပါးတဲ့ ဆံပင်မှာ ခေါင်းမှာကပ်ပြီး ဦးရေပါ မြင်နေရပါပြီ။ လူက ဝဝ ဆံပင်က ခေါင်းမှာကပ်နေကာ နဂို အလှပင် ပျက်စီးစေပါတော့သည်။ ထိုသူငယ်ချင်းမှ သူလှလားလို့ မေးတော့ ကျမတို့ အထက် ရာထူး အနည်းငယ်ကြီးသူလည်း ဖြစ်ရာ လှတယ် အမနဲ့ အရမ်းလိုက်တယ်လို့ ဝိုင်းပြောကျပါတယ်။ ကျမကတော့ ဘာမှ မပြောလိုက်ပါဘူး။ ဒါနဲ့ အဲ့အမနဲ့ မုန့်တွေ ထိုင်စားတော့ သူ လှလားလို့ ထပ်မေးပါတယ်။ ကျမလည်း စိတ်ထဲ ရှိတဲ့အတိုင်း ပြောင်ပြောင် ပြောတက်သူဖြစ်ရာ မလှဘူး ရုပ်ပိုဆိုးသွားတယ်ဟု ပြောလိုက်ပါတယ်။ ပြောလိုက်မိပြီးမှ စိတ်ထဲ လှတယ်လို့ ပြောလိုက်ရင်လည်း ပြီးနေတာကို ငါကိုက လျှာရှည်မိပြန်ပြီလို့ တွေးလိုက်မိပါတယ်။
ဒီ အဖြစ်အပျက်လေးကို ကြည့်မယ်ဆိုရင် မှန်တဲ့ စကားကို ဆိုတာပါဘဲ။ ဒါပေမဲ့ သူတစ်ပါး စိတ်မကောင်းဖြစ်သွားရပါတယ်။
ဒါကြောင့် တချို့အမှန်တရားလေးတွေက တဖက်လူစိတ်ချမ်းသာအောင် ကိုယ့်ဘက်က လိမ်ပေးရတာမျိုးလည်း ရှိပါတယ်။ မုသားမပါ လင်္ကာမချောဆိုတာ ဒီလို ကိစ္စမျိုးအတွက် ရှေးလူကြီးတွေက အမှာထားခဲ့ဟန်ရှိပါတယ်။ နောက် ဥပမာတစ်ခုက ကိုယ့်ကို လက်ဆောင်လာပေးတယ်။ သူပေးတဲ့ မုန့်က မှိုတက်နေပြီ။ ပေးတဲ့သူနဲ့ ပြန်တွေ့တဲ့အခါ ကောင်းလားမေးရင် အမှန်အတိုင်းဖြေမလား မုသားသုံးမလား။ ထိုကဲ့သို့သော အမှန်ပြောသင့်သလား မုသားသုံးသင့်သလားဆိုတဲ့ ဒွိဟကိစ္စတွေ များစွာရှိပါတယ်။ လူမူရေး ရှု့ထောင့်က ကြည့်မယ်ဆိုရင်တော့ အမှန်ပြောတက်တဲ့ သူတွေဟာ လူချစ်လူခင် နည်းတာကို တွေ့ရပါတယ်။ လူတွေနဲ့ လိုက်လျောညီထွေနေတက်ပြီး အကြိုက်ဆောင် ပေါင်းသင်းတက်မှသာလျှင် လူဝင်ဆံ့ပြီး ပေါင်းသင်းဆက်ဆံရေး ကောင်းတဲ့သူတစ်ယောက် ဖြစ်လာမည်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။
credit image source
msc 175