မကြီးမဟာဆန်ရေ ရေးပြီဗျာ.. သူတက်ဂ်တဲ့ပိုစ့်ပါ... ကောင်းရင် ကျနော်ကိုချီးမွမ်းပါ.. မကောင်းရင်တော့ မကြီးမဟာဆန်ကို ပြောပါ။ သူရေးခိုင်းတာကိုး။ ငယ်ငယ်တုန်းက အိမ်အောက်မှာ ခြံခတ်ပြီး ကြက်မွေးပါတယ်။ ဖိနပ်မစီးဘူးနော်။ ဥစားကြက်ပါ။ ဧည့်သည်လာရင် အောက်ဆင်းပြီး ရိုက်သတ်လိုက်တာပဲ။ အိမ်ဘေးမှာလည်း တနိုင်စိုက်ခင်းလေးပေါ့။ ကြက်ဟင်းခါးပင်၊ ငရုတ်ပင်၊ ကြောင်လျာသီးပင်၊ ဒန့်တလွန် စားလို့ရသမျှစိုက်ပါတယ်။ ဧည့်သည်လာပြီဆိုလို့ကတော့ ကြက်ဟင်းခါးသီးလေးနဲ့ ကြက်သားလေးကို အရည်စပ်စပ်လေးနဲ့ချက်လို့ချက်၊ ကြောင်လျာသီးလေး ပါးပါးလှီးပြီး ကြက်သားလေးနဲ့ ကြော်ချက်လေးချက်လို့ချက်ပေါ့။ တခါတလေ ဦးလေးတောထဲက တူးလာတဲ့ အင်ဥလေးတွေနဲ့ ကြက်သားနဲ့ချက် ခေါင်းမဖော်နိုင်ဘူး။
တခါတလေ အကိုဘယ်က ဖန်လာတယ်မသိဘူး ပုဇွန်လေးတွေ အချဉ်သိပ်ပြီး ကိုင်းဥလေးတွေနဲ့ ချက်တာများ ကိုယ့်နာမည်တောင် မေ့မေ့သွားတယ်။ တောမှာက တချို့တလေကျွဲသုံးတယ်ဗျ။ တခါတလေ ကျွဲပေါ်တယ်ဆိုရင် ဘုန်းကြီးကျောင်းထဲက ကြာရိုးကြာစွယ်လေး သွားခိုးပြီး တောချက်လေးချက်တာများ သူငယ်ချင်းတွေကို ကျွေးချင်လိုက်တာ။ ထူးထူးဆန်းဆန်း ဟင်းလေးတွေလေ။
မနက်စာလွေးပြီးလို့ကတော့ အရီးနွားလေး အလကား စားကျက်ထဲမောင်းရင်း အရိပ်ကောင်းကောင်း သစ်ပင်ရှာပြီး ဒွေးလေးမြို့က ပြန်လာလို့ပေးလိုက်တဲ့ ကိုကိုးချောကလက်နဲ့ နောက်ဘေးက သမလာတဲ့ မြေပဲလေးနဲ့ ထမင်းလုံးစီရတာလည်း အိန္ဒြာကျော်ဇင် ပြောသလို ဇိမ်ပဲ ဇိမ်ပဲ။
မိုးရာသီဆို မှိုရှာထွက်ရတာလည်း အတွေ့အကြုံတစ်မျိုးပဲ။ မှိုတွင်းတွေ့လို့ကတော့ ဘာပျော်သလဲမမေးနဲ့ အများကြီးရတာလေ တစ်တွင်းတစ်တွင်းကို။ အဲဒါကြောင့်ပြောတာ မှိုရတဲ့မျက်နှာဆိုတာ။ မနေ့ညက ရိုက်လို့ရတဲ့ ဖားသားလေးရယ် မှိုရယ် ငရုတ်သီးစပ်စပ်လေးချက် ဇီးဖြူသီးလေး မကြီးမဟာဆန်ပြောသလို တစ်တောက်တောက် ကိုက်စား.... အဲဒီအချိန် မင်းဘယ်သူလဲလာမေးရင် Rain လို့ပြောမိမယ်ထင်တယ်။ (ဤကား စကားချပ်)
တောစောင့်တဲ့အချိန်များ ဗျိုင်းကလည်းပေါမပေါ။ ကောင်းကင်ကိုကြည့်လိုက်ရင် တိမ်တွေနဲ့တောင်ရောလို့။ လယ်ထဲကထောင်လို့ရလာတဲ့ ဗျိုင်းသားလေးရယ် ရှားရှားပါးပါးရတာတဲ့ ဘဲဥချဉ်ချက်နဲ့ ရောစားရတာလည်း တမျိုးလေးကောင်းသားဗျ။ အညာမှာက ရှားဇောင်းလက်ပတ်ပင် တွေကလည်း ပေါမှပေါ။ အခါးလေးများစားချင်ရင် ရှားဇောင်းလေးနဲ့ အမဲသားလေးနဲ့ အခါးလေးချက်။မြိန်လိုက်တာမှ ၂ပန်းကန်လောက် ကုန်သွားမယ်။ နွားနို့စစ်စစ်ကလည်း ကျုပ်တို့တောမှာသာ ရတာဗျ။ တခါတခါအချဉ်လေးဖောက်ပြီး ၀က်သားနဲ့ ရောချက်တယ်။ ဒါမှမဟုတ် မှိုလေးနဲ့ပဲဖြစ်ဖြစ်ချက် တသက်မမေ့စေရဘူး။
အဲ့ ချက်စားကြရင်တော့ ကိုယ့်ဒေါသနဲ့ကိုယ်ပဲနော်...
ကုန်ကြမ်းလေးကို ဒီက ရယူပါတယ်။