ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ကို အဖေ ထွက်ခွာသွားခဲ့ပေမယ့် ကျွန်တော့်ရင်ထဲမှာ အဖေ ထာဝရ ရှိနေမှာပါ။အဖေရဲ့ နောက်ဆုံးထွက်သက်မှာ ကျွန်တော် မရှိခဲ့ပေမယ့် အဖေရဲ့ နောက်ဆုံးဆန္ဒအနေနဲ့ ရှိစေချင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။အဖေဟာ ညှင်သာသိမ်မွေ့စွာ သေမင်းခေါ်ဆောင်ရာ လိုက်ပါသွားခဲ့ပါပြီ။ဒီအချိန်မှာ အဝေးရောက်နေတဲ့ သားတစ်ယောက်ရဲ့ ခံစားချက်ကို ဘယ်သူက ကိုယ်ချင်းမစာပဲရှိနေမလဲ။အဖေမရှိတော့ဘူးလို့ ကြားမိတဲ့အခိုက်မှာ သစ်ရွက်လေးဟာ လေထဲမှာ မျောလွှင့်သလို ကျွန်တော့်ရဲ့ အသိတရားတွေ အဝေးသို့ ပျောက်ကွယ်လုမတတ်မျောလွှင့် သွားခဲ့ပါတယ်အဖေ။မယုံကြည်နိုင်လောက်အောင်ဖြစ်မိပြီး ဘာမှ မပြောနိုင်လောက်အောင် ဆွံ့အသွားခဲ့တယ်။အရှိန်ပြင်းပြင်း တစ်စုံတစ်ခုခုနဲ့ ပြေးတိုက်မိသလိုမျိုး နာကျင်ခံစားရပြီး ကျွန်တော့်ရဲ့အတွေးတွေဟာ လေဟာနှယ်ထဲ ရောက်ရှိသွားခဲ့ပါတယ်။မအောင့်နိုင်တော့တဲ့ နှလုံးသားရဲ့ ထိန်းချုပ်မှုဟာ အတိုင်းအတာအထိကျော်လွန်သွားတဲ့အခါ မငိုတဲ့ မျက်ဝန်းဟာ အလိုလို မျက်ရည်ဥများစီးကျလာခဲ့တယ်။အတွေးတွေ၊ အဖေနဲ့ ပတ်သက်တဲ့ ပုံရိပ်တွေ တဖျပ်ဖျပ်နဲ့ ထင်ဟပ်လာတဲ့အခါ နာကျင်ခံစားမှုတွေဟာ ရှိုက်သံအဖြစ်သို့ ပြောင်းလဲသွားခဲ့ပါတယ်။အကိုရဲ့ သတိပေးမှုသာ မရှိရင် ကျွန်တော်ဟာ ရုပ်ပျက်ဆင်းပျက်နဲ့ ပွဲပျက်ရမယ့်အဖြစ်လို အော်ငိုမိမှာ အမှန်ပါ။
ဒါပေမယ့် အဖေ့ရဲ့ နောက်ဆုံးခရီးလေးကို လိုက်ပါ ပို့ဆောင်ခွင့် ရငြားပါစေဆိုပြီး ပျော့နွဲ့နေတဲ့ ကျွန်တော့်အားကို စုပြီး ကျွန်တော်ဟာ အဖေ့ ခေါင်းချခဲ့ရာ အိမ်အိုလေးဆီသို့ရောက်ရှိရန် မာန်ကိုတင်းရင်း ရွှေစံကားဆိုတဲ့ ကားကိုစီးကာ ပြန်လာခဲ့ပါတယ်။ အဖေ့ရဲ့အရိပ်တွေကို အခြားအာရုံတွေနဲ့အစားထိုး တိုက်ပွဲဝင်ခဲ့ရတဲ့ ခရီးလမ်းတစ်လျှောက် ကျွန်တော်ဟာ တစ်ညလုံး ပင်ပန်းတယ်လို့ သဘောမထားပဲ အဖေ့ဆီရောက်အောင်လာခဲ့ပါတယ်။ မွေးရပ်မြေရဲ့ဖွားဖက်တော်ဖြစ်တဲ့ ကလေးမြို့နားက ပညာရည်နို့သောက်ရာ ကျေးဇူးရှင်အမိတက္ကသိုလ်ကိုရောက်တဲ့အခါ ပထမနှစ်ကျောင်းစတက်ဖို့ ကျောင်းလာအပ်တော့ အဖေနဲ့အတူ ပထမဦးဆုံး ရောက်လာခဲ့တာတွေ၊ ကျွန်တော့်ကို စိတ်မချနိုင်လို့ တစ်လတစ်ခါ နေပူပူဆိုင်ကယ်စီးပြီး လာခဲ့ရတာတွေကို တရိပ်ရိပ်မြင်လာမိတယ်။ လေးနှစ်လုံးလုံး မငြိုမငြင် အဖေတာဝန်မပျက်ခဲ့ပါဘူး။အဖေ့ကို ပင်ပန်းမှာစိုးရိမ်လို့ "အဖေ မလာပါနဲ့"လို့ အပ်ကြောင်းထပ်အောင်ပြောခဲ့တဲ့ စကားလေးဟာ ကျွန်တော့်အတွက်တော့ ထာဝရ အမှတ်တရတစ်ခု ဖြစ်ခဲ့ပါတယ်။နုပျိုခြင်းကို ဇရာက ဝါးမြိုလိုက်ပေမယ့် သားကိုချစ်တဲ့မိဘရဲ့မေတ္တာကြောင့် အပင်ပန်းခံပြီး ကျွန်တော့်ဆီ လာတွေ့၊ လာအိပ်ပေးခဲ့ပါတယ်။အဖေ့ရဲ့ ကျေးဇူးတွေကြောင့် ဒီကျောင်းတော်မှာပဲ အဖေ့ရဲ့ အပြုံးတွေနဲ့ ဓာတ်ပုံရိုက်ခွင့် ရခဲ့တာတွေ၊ဒီကျောင်းတော်ကြီးနဲ့ ကျွန်တော့်ကို အမြဲ ဂုဏ်ယူနေခဲ့တာတွေ ဘယ်မေ့နိုင်ပါ့မလဲနော်။ ကျွန်တော့်ရဲ့ အတွေးတွေဟာ မျက်ရည်အဖြစ်သို့ တစ်ဖန် ရုပ်ချင်းကူပြောင်းလာခဲ့တယ်။ကားထဲမှ ပါလာတဲ့ခရီးသည်တွေ မသိအောင် မျက်ရည်ကို ခိုးသုတ်ခဲ့ရတယ်။ တစ်ခါတစ်ခါ ငိုသံပါကြီးနဲ့ ပြောနေတဲ့ ကျွန်တော့်ရဲ့ စကားသံကို သူတို့ ရိပ်မိမှာပါ။ဒီလိုနဲ့ အဖေ့ရဲ့ချက်ကြွေ မွေးရပ်မြေ တမူးမြို့နယ် ဝိတုတ်ရွာကို ရောက်လာခဲ့ပါတယ်။ ကျွန်တော် ပြန်အလာတိုင်းကို စောင့်မျှော်နေတတ်တဲ့ ကားလမ်းဘေးက ကုက္ကိုပင်အောက်မှာ အဖေ့ရဲ့ အရိပ်တွေကို ပြန်မြင်လာရပါတယ်။ အဖေက အပြုံးမပျက် နွေးထွေးစွာစောင့်ကြိုပေးနေဦးမလားဆိုပြီး ရူးသွပ်စွာ လှမ်းကြည့်မိပြန်တယ်လေ။လာကြိုတဲ့ ဦးလေးကိုမြင်လိုက်တဲ့အခါမှာ မာန်တင်းခဲ့တဲ့ စိတ်တွေဟာ ဘယ်လိုမှ မထိန်းနိုင်တော့ဘဲ ငိုမိတယ်။အိမ်ကိုရောက်ဖို့ ခွန်အားကို မွေးထားရဦးမယ်လေ။သုသာန်မှာ သစ်ပင်ကြီးရဲ့အရိပ်အောက် အဖေ့ရဲ့ အုပ်ဂူဖြူ ဖြူ လေးကို သွန်းလုပ်နေတာ မြင်တဲ့အခါမှာလည်း ဦးလေးက ဆိုင်ကယ် ရှေ့ ကနေ ဆွဲထားရလောက်အောင် အော်ငိုမိတယ်။
အိမ်ကို ရောက်ဖို့ ခွန်အားတွေ နည်းနေခဲ့ပါတယ်။ အိမ်ကို လှမ်းမြင်ပြီ ဆိုရုံနဲ့ စည်ကားလှတဲ့ လူအုပ်ကြီးတွေဟာ အဖေ့ဆုံးပြီဆိုတာ ပိုပီပြင်စေခဲ့တယ်။အိမ်ထဲ တိုးဝင်လိုက်တာကို သိလိုက်ပေမယ့် ကျွန်တော့်ရဲ့ စိတ်တွေဟာ အမှောင်ကျသွားခဲ့ပါတယ်။အဒေါ်တွေက သတိရအောင်လုပ်ပေးပြီး အဖေ့ကို ကန်တော့ခိုင်းတယ်။ကျွန်တော်ပြန်အလာကို အဖေက နာမ်မရှိ၊ ရုပ်လည်း ပီပြင်စွာ မရှိတော့ပဲ ဆီးကြိုစောင့်မျှော်နေခဲ့တာပါ။နောက်ဆုံးခရီးကို ညီအကို မောင်နှမ စုံညီစွာ လိုက်ပါပို့ဆောင်နိုင်အောင်လို့ဆိုပြီး အဖေ့ကို နှစ်ညထားခဲ့ပြီး ကျွန်တော်ပြန်အလာကို စောင့်ပေးကြတာပါ။ အဖေ့ရဲ့ ရုပ်ဟာ ကျွန်တော်အတွက် အိပ်မက်ဆန်လှပါတယ်။အဖေနဲ့ မတွေ့ရတာ တစ်လတောင် မပြည့်သေးပေမယ့် သေခြင်းတရားက အဖေ့ရဲ့ ရုပ်ရည်ကိုပါ နှစ်ညတည်းနဲ့ သယ်ယူသွားခဲ့တယ်။သဘာဝကြီးကို လွန်ဆန်လို့မရပါလားဆိုတာ အားလုံးသိပါတယ်။ အိပ်မက်ပမာ ပြောင်းလဲသွားတဲ့ သံဝေဂတရားကြီးကို အံ့အော်လို့ မဆုံးပါဘူး။ အဖေ့ကိုမြင်လိုက်တဲ့အခါမှာ ကိုယ်ကိုယ်ကိုယ်သတိတရားလေးတောင်မထားနိုင်ခဲ့ပါဘူး။အဖေရဲ့ နောက်ဆုံးခရီးကိုလည်း လိုက်ပါ မပို့ဆောင်နိုင်ခဲ့လို့ ကိုယ်ကိုယ်ကိုယ် ဝမ်းနည်းလို့မဆုံးပါဘူးအဖေ။ အဖေ့ရဲ့ စကားသံတွေ၊ အဖေ့ရဲ့ အပြုအမူတွေဟာ ပျောက်ကွယ်သွားခဲ့တာ မှန်ပေမယ့် ကျွန်တော့်ရင်ထဲမှာ အမြဲသတိရနေမှာပါ အဖေ။