မိုးပွင့်လေးတွေက တောင်တန်းကြီးနဲ့အတူ ကဗျာဆန်ဆန် လောကကြီးကို တန်ဆာဆင်နေကြတယ်။သဘာဝတရားရဲ့အလှဟာ ခံစားမိသူတိုင်းကို စိတ်ရွှင်လန်းစေသလို စိတ်ဓာတ်ကျနေသူတိုင်းကိုလည်း ခွန်အားတွေပေးပါတယ်။တုနှိုင်းလို့မရတဲ့ ချင်းတောင်တန်းရဲ့ ရှုမျှော်ခင်းတွေဟာ ကဗျာမမီ၊စာမမီလောက်အောင် လွမ်းဆွေးသာမောဖွယ်ကောင်းလှပါတယ်။မိုးနှင်းဝတ်လွှာကို ခြုံလွှမ်းဝတ်ဆင်ထားတဲ့ ချင်းတောင်တန်းကြီးရဲ့ အလှဟာ ဘယ်တော့မှ ရိုးအီသွားမှာ မဟုတ်ပါဘူး။
ကျွန်တော်ဟာ လောကကြီးကို အလှဆင်ထားတဲ့ တောင်တန်းကြီးကို အရမ်းချစ်တယ်။တောင်တန်းကြီးပေါ်ကကြည့်ရတဲ့အရသာဟာ ကျွန်တော်အတွက်တော့ ဘာနဲ့မှ အစားထိုးနိုင်မှာ မဟုတ်ပါဘူး။အထူးသဖြင့် အံ့အော်စရာကောင်းလှအောင် မိုးပုလဲပန်းလေးတွေနဲ့အပြိုင် ဝေဆာပွင့်လန်းနေတဲ့ တောင်ကမ်းပါးယံပေါ်က သစ်ခွပန်းနှင့် တောင်ဇလပ်ပန်းနီလေးတွေ ၊ ဝဠာရှစ်ခွင်ရစ်သိုင်းနေတဲ့ ချစ်စဖွယ် နှင်းမိုးမှုန်လေးတွေ၊ ကားလမ်းတစ်လျှောက် တရိပ်ရိပ်တိုးဝင်ပျောက်ကွယ်သွားတဲ့ တောင်တန်းကြီးပေါ်က နှစ်လိုဖွယ် ထင်းရူးပင်လေးတွေနှင့် သူငယ်ချင်းတွေနဲ့ တောင်တက်ခဲ့ရတာတွေဟာ ရင်ထဲစွဲနေအောင် မမေ့နိုင်တဲ့ မြင်ကွင်းတွေ ဖြစ်ပါတယ်။
ကလေးကွန်ပျူ တာတက္ကသိုလ်မှာကျောင်းတက်ခဲ့ရတဲ့ ကာလအခိုက်အတန့်လေးမှာ သူငယ်ချင်းတွေ၊ဆရာမတွေနဲ့အတူ ချင်းတောင်တန်းကြီးဆီသို့ စူးစမ်းလေ့လာရန် ထွက်ခဲ့ဖူးပါတယ်။ အမှန်တကယ်တော့ ဒီခရီးစဉ်ဟာ ကျွန်တော်တို့ နောက်ဆုံးနှစ်ကျောင်းသားတွေအတွက် အမှတ်တရဖြစ်ခဲ့ရတဲ့ နေ့ရက်တစ်ခုပေါ့။ကျောင်းသားဘောလုံးပြိုင်ပွဲမှာ ဒုတိယဆု ရရှိခဲ့တဲ့ ကျွန်တော်တို့ ကျောင်းသားတွေဟာ ချင်းပြည်နယ်သို့သွားကြရန် အားလုံးသဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။ဒီခရီးမှာ ဆရာမတွေကို လိုက်ကြရန် စည်းရှုံးနိုင်ခဲ့လို့ စုစုပေါင်း လူ၄၈ယောက်နဲ့ ချီတက်ခဲ့ကြတယ်။ချင်းပြည်နယ်တက်မယ်ဆိုရင်တော့ အတွေ့အကြုံရှိပြီး ကျွမ်းကျင်တဲ့ ကားဆရာကိုတော့ ငှါးဖို့ အထူးလိုအပ်ပါတယ်။ မိုးရာသီမှာ လမ်းဆိုးတဲ့အတွက်ကြောင့် လွယ်လွယ်ကူကူ ရုန်းနိုင်မယ့် အမိုးဖွင့် ဒိုင်နာကားကြီးကိုစီးပြီး ကျွန်တော်တို့ဟာ ချင်းပြည်နယ်သို့ ပထမဦးဆုံး ရွက်လွှင့်ခဲ့ကြပါတယ်။
မိုးများလှတဲ့ သမပိုင်းဇုံဖြစ်တဲ့အတွက်ကြောင့် ခရီးအစမှာတင် မိုးက ဆီးကြိုနှုတ်ဆက်ပါလေပြီ။ချင်းတောင်တက်ပြီဆိုကတည်းက ကားက ဘယ်သံညာသံပါအောင် အော်သလို ကျဉ်းမြောင်းလှတဲ့ ကတ္တရာလမ်းကြောင့် တစ်ဖက်မှ လာသောကားကို လမ်းဘေးသို့ ရှောင်ရတဲ့အတွက် ဂျိမ်းဂျိမ်းဂလုန်းမြည်သံဟာလည်း အဆက်မပြတ်ကြားရပါတယ်။ ကလေးမြို့ကနေ စတက်ကတည်းက မိုးကြောင့် စိတ်ကသိကအောက်ဖြစ်ခဲ့ရပေမယ့် ချင်းတောင်အကြောင်းကြားဖူးကတည်းက ရောက်ဖူးချင်တာမို့ မညည်းညူ ခဲ့ပါဘူး။ကလေးမြို့ဟာ ချင်းပြည်နယ်နဲ့ ကပ်လျှက်ဖြစ်တာကြောင့် ကျွန်တော့်အဖို့ အနည်းငယ် တောင်တက်ပြီးရင် ရည်ရွယ်ထားတဲ့ ခရီးရောက်မယ်လို့ ထင်ရပေမယ့် နာရီတော်တော်ကြာကြာ ခရီးဆက်ခဲ့ရပါတယ်။
တောင်တန်းကြီးကို ချစ်တဲ့ စိတ်ကြောင့်သာ သွားကြရသော်လည်း အရမ်းကို အန္တရာယ်များလှပါတယ်။ကားလမ်းရဲ့ တစ်ဖက်မှာက မတ်စောက်လွန်းတဲ့ ချောက်ရှိပြီး အခြားတစ်ဖက်မှာတော့ တောင်ကမ်းပါးကြီး အလျားလိုက် ကန့်လန့်ရှိနေတာကြောင့် အသက်ကို ဖက်နဲ့ ထုတ်ထားရပါတယ်။ရံဖန်ရံခါ တောင်ပေါ် အမြင့်ကနေ နိမ့်ရာသို့ ဆင်းလိုက်တဲ့အခါ ရင်ထဲမှာ ကလီစာများမရှိတော့သလို ဟာခနဲဖြစ်ရပြန်ပါတယ်။အထူးသဖြင့် တောင်ပေါ် အတက်ကွေ့ရတဲ့အခါမျိုးဆိုရင် သတိထားရပါတယ်။ကျွန်တော်ဟာ ဘယ်နားလေးမှာ ပြုတ်ကျနေမလဲ၊ ဘယ်နားလေးမှာ ကားကသွားတိုက်မလဲဆိုတာကို သွားဖူးတဲ့အတွေ့အကြုံ မရှိတဲ့အတွက်ကြောင့် စိုးရိမ်မိပြန်တယ်။ဒါပေမယ့် ကျွမ်းကျင်ပါးနပ်လှတဲ့ ကားဆရာရဲ့ နှလုံးရည်မြင့်မားခြင်းကြောင့် ကြီးကြီးမားမား အခက်အခဲတော့ မတွေ့ခဲ့ရပါဘူး။