``ကိုသက်ရေ မတွေ့တာကြာပီ ရွာလာလည်တာလား။´´
ရွာထဲဝင်ပီဆိုတာနဲ့ ရွာထိပ်ဆိုင်ကယ်ဝပ်ရှော့က ဂျပုအောင်သူ လှမ်းနှုတ်ဆက်လေသည်။
``လမ်းကြုံလို့ဝင်လာတာမောင်ရေ ဘယ်နှယ် လုပ်ငန်းကိုင်ငန်း အဆင်ပြေလား ဘိကော ရောက်ဖြစ်လား။ မင်းတောင် ပိန်သွားတယ်နော် လျှော့ဦးဟ။´´
ကျနော်ပြောလဲပြော ထိုင်လည်းထိုင် အောင်သူ့ နား ဝင်ထိုင်လိုက်သည်။
``ပြောတော့မယ်အစ်ကိုသက်က ကျနော် မသွားတာကြာပါပီ။´´
``မင်းတို့ပြောလိုက်ရင်ဒီတိုင်းပဲ ပီးတော့ အပ်ရာတွေက ဗလဗွနဲ့ကွာ။´´
``ဟုတ်တယ်ကိုသက်ရေ ကိုသက်ညီကြည့်ပြောဦး ဟိုနေ့က အင်ဂျင်ကိုင်ဖို့လာအပ်တာ ပိုက်ဆံလေးရတာနဲ့ ပစ္စည်းဝယ်ပြောပီး သွားလုပ်နေတာလေ ညနေမှပြန်လာတယ် ပိုက်ဆံလည်း တပြားမှမကျန်ဘူး။ ဒီက မသိဘူးထင်နေတာ။ အရင်ပြန်လာတဲ့ မုန်တိုင်းက နင့်ယောက်ျား ရောက်နေပြန်ပီပြောပီးပီ။´´အောင်သူ့မိန်းမ ထားရီ ကျွန်တော့်ကိုရယ်ပြရင်း ပြောပြောဆိုဆို ဝင်လာသည်။
``မိန်းမရာ ငါလည်း နည်းနည်းပါးပါးပါဟ။ နင်တို့ အိမ်စရိတ်လည်း ငါဖြစ်အောင်လုပ်ပေးနေတာပဲ။´´ ဆိုင်ကယ်ပြင်ရင်း အောင်သူလှည့်အော်လေသည်။
``တော်ကြပါတော့ကွာ။ လာလိုက်ရင်ဒီအတိုင်းချည်းပဲ မင်းတို့ကတော့။ အောင်သူမင်းလဲလျှောတော့ ဟိုကောင်ဖက်တီးတောင် အိုးဘိုထဲရောက်သွားပီပြောတယ်။ ဟုတ်လားဘယ်လောက်ကျသွားတာလဲကွ ဟေ။´´
``ဘယ်လောက်ကျလဲတော့မသိဘူး။ ဆိုင်ကယ်ကသုံးစီးနဲ့ ဖောက်ထွင်းမှုတစ်ခု လို့တော့ကြားတာပဲကိုသက်။´´
အောင်သူ က လက်ကိုဆီနဲ့ဆေးရင်း ဘေးနားလာထိုင်ရင်းပြောလေသည်။ အင်ဂျင်လုံးပြီးဟန်တူသည်။
``အေး မင်းလည်း ဘယ်နေ့ ပါမလဲမသိဘူး။ ´´
စိုးရိမ်စိတ်ဖြင့် ငေါက်လိုက်သည်။
``ကျနော်တော့ ဘယ်တော့မှမဖြစ်စေရပါဘူးဗျာ။ စိတ်ချပါအစ်ကို နည်းနည်းပဲလုပ်တာပါ။ ´´
``ဟူး....
အေးပါကွာ ရွာထဲလည်း ဒါချည်းပဲဖြစ်ကုန်ပီ။
ရင်မောပါတယ်ကွာ။´´
ပြောရင်းသက်ပြင်းချမိသည်။
ရွာထဲတွင် နာမည်တူအောင်သူ လေးယောက်သည် ငယ်စဉ်ကတည်းက ပြောမနာဆိုမနာတပှုးတတွဲတွဲ နေလာခဲ့ကြသည်။ နာမည်တူသောကြောင့် သူတို့ ကို ကွဲပြားစေရန် ဂုဏ်လေးတွေတပ်ပီးခေါ်လေ့ရှိသည်။ ဝသောအောင်သူကို ဖတ်တီးအောင်သူ၊ နားကားသော နားကားအောင်သူ၊ အရပ်ပုသော ဝပ်ရှော့ဂျပုအောင်သူ၊ မိခင်နာမည် ဒေါ်ဝင်းသားအောင်သူကို အဝင်းအောင်သူ စသဖြင့် ခေါ်ကြလေ့ရှိသည်။
အောင်သူလေကွာဆိုလျှင် ဘယ်အောင်သူလဲ ဖက်တီးအောင်သူလေကွာ ဆိုတာမျိုးပေါ့။
နာမည်တူသလို အကျင်စရိုက်တူသည်။ အစအနောက်သန်လွန်းသောကြောင့် လေးယောက်စုံလျှင် ပြသာနာတခုတတ်ပီဟုဆိုကြသည်။ မကြာခဏ အောင်သူအချင်းချင်းထိုးကြကျိတ်ကြသော်လည်း ခဏပြန်တည့်ကြသည်။
ကျွန်တော် ကွမ်းယာဆိုင်ဖွင့်စဉ်က အိမ်မပြန်ပဲ ဆိုင်ထဲတွင် အမြဲတစေ ရှိသော ညီလိုတမျိုးနေကြသူများဖြစ်သည်။
ထိုစဉ်က အရက်ဘီယာတောင် လူစုံမှသောက်ကြလေ့ရှိကြသည်။ ယခုတော့...
IMAGE Source From
``ရင်မောနေကိုသက်ရေ အောင်သူ လေးအောင်သူထဲ ကိုသက်ညီ ဒီအောင်သူပဲကျန်တော့တယ်။ ကျွန်မမှာ တရက်တရက် ဒါရင်မောနေရတာပဲ။ ကလေးငယ်နဲ့ သူ့ကိုလဲပြောထားတယ် သူများပစ္စည်းတော့ မလုပ်ပါနဲ့တောင်းပန်ထားတာပဲ။
သံပရာရည်သောက်ပါဦး ကိုသက်။´´
အအေးဘူးလေး လာပေးရင်း အောင်သူ့မိန်းမ ထားရီပြောလာတော့မှ
``အဲ့ဗျာ ငါမသိလိုက်မိဘူး ဖက်တီးအောင်သူ၊ နားကားအောင်သူ၊ အဝင်းအောင်သူ အကုန်ကျကုန်တာပေါ့။´´
``နကားအောင်သူက ဟိုရက်ကမှ အောင်းသွားတာကိုသက်၊ အဝင်းကတော့ ဘိမှာပဲ ပုန်းနေတာ မထွက်ဘူး။ ထွက်ရင်လဲ ဖမ်းကြတော့မှာလေ ဆရာ မိုးမြင့်အိမ်ဖောက်ထားတာ အတော်ပါသွားတယ်ကြားတယ်။´´
ရင်ထဲတခုခုနုမျှောတတဖြစ်သွားရသည်။ ဟိုတချိန် လွန်ခဲ့သောလေးနှစ်က စူပါဖို့ ဆိုင်ကယ်တဗျင်းဗျင်းနှင့် ပန်းတိမ်ဆရာလေး အဝင်းအောင်သူ။
ကိုသက် ညီလေး ဘီယာလိုက်တိုက်ချင်လို့ အစ်ကိုနဲ့အတူသောက်ချင်တာ ဆိုင်စောစောသိမ်းဗျာ အစ်မကိုပြောပေးမယ်လေ။ ဆိုကာ အမြဲဆိုင်သိမ်းချိန်လာစောင့်နေသော သဌေးသားလေး။
အခုတော့ ဆေးသုံးစရာမရှိ ဆေးနွံ့နှစ်ပီး သူများအိမ်ဝင်ခိုးလို့ ထောင်ကျဖို့နီးနေတဲ့အခြေအနေရောက်နေရသည်။
``ကြားရတာစိတ်မချမ်းသာလိုက်တာကွာ။ ဟိုနေ့ကတောင် ငါ့ကို ပိုက်ဆံလာတောင်းနေတာ။ ပိုက်ဆံတော့မပေးဘူး ဘီယာသောက်ချင်သောက်သွားဆိုတော့ နှစ်လုံးယူသွားမယ်ဆိုပီးယူသွားသေးတယ်။´´
``ရောင်းစားတာနေမှာပေါ့အစ်ကို။´´
``အင်း ငါလည်းထင်ပါတယ်။ ဒါနဲ့သူက ဘိမှာပဲနေတာဆိုတော့ ဘာနဲ့စားလည်းဟ။´´
``ဟိုမှာ သူတို့ကိုကူလုပ်ရင် ထမင်းတနပ်ကျွေးတယ်အစ်ကို။ နည်းနည်းပါးပါးလည်း သုံးဖို့ပေးတယ်။ တနေကုန်အဲ့ထဲနေ ညကျမှငွေရှာထွက်တာပေါ့။´´အောင်သူ ကျွန်တော့ဆိုင်ကယ် ဘရိတ်တွေတင်းမတင်းစမ်းရင် ပြောပြသည်။
အောင်သူဆိုင်ရှေ့ ဆိုင်ကယ်ထိုးတာနဲ့ဘရိတ်မိမမိ ချိန်းတင်းမတင်းစမ်း ချိန်းဆီထည့်နဲ့ လုပ်ပေးနေကျဖြစ်သည်။ ဘာပြင်ပြင်ဘယ်တော့မှ လက်ခပေးမရ။ ပစ္စည်းသာဝယ်ပေးရသည်။
``နေစမ်းပါဦး။ သူတို့က
ဘယ်လိုငွေရှာထွက်တာလဲဟ။´´
``အဲ့ဒါတော့ သူပဲသိလိမ့်မယ်အစ်ကိုရေ ကျနော်တို့မြင်တာတော့ ဟန်းဆက်တွေတလုံးပီးတလုံးရောင်းနေတာပဲ။´´
``အေး ငါထင်တာတော့ မန်းလေးမြို့ကြီး မလှုံခြုံတော့ဘူးဆိုတာတွေ၊ အနည်းနဲ့အများ ဒီလိုကောင်တွေလက်ချက်တွေကောပါလောက်မယ်ထင်တယ်။´´
``ဟုတ်ရင်လည်း ဟုတ်မှာပေါ့အစ်ကို။ သူလိုပဲနေတဲ့သူတွေက အများသားကိုး။´´
အောင်သူတီးတိုးဆိုလေသည်။
``အေးအခုတော့ စီမံချက်ဆိုလားပဲ အသွားအလာဆင်ခြင်ကြကွာ ငါလည်းဒါပဲပြောနိုင်တယ်။
ဆိုင်ကယ်ပီးရင် သွားတော့မယ်ကွာ ဂရုစိုက်ဦးနော် မင်းလည်း။´´
ပြောရင်း ရွာမှထွက်လာခဲ့လေသည်။
ရင်ထဲမှာအတွေးတစ
အကယ်၍
ငါ ရွာကနေ ဆိုင်ပိတ်ပီး မပြောင်းခဲ့လေလျှင် သူတို့ကို စလုပ်စဉ်ကတည်းက ဆုံးမနိုင်လေမလား
တားဆီးနိုင်လေမလား..
နောက်ထပ် သူတို့နဲ့ဆက်စပ်ပီး ဘယ်လောက်သော အနာဂတ်တွေ.....ဟူ၍.......
MSC 05
That Ko Zaw