ကျနော့်နာမည် မောင်ထွေးပါ။ အမေက အငယ်ကောင်မို့လို့ ရှမ်းလို အယ်အယ် လို့ခေါ်ပါတယ်။ သူငယ်ချင်းတွေကတော့ဖြင့် ကျနော့ကို အထွေးလို့ပဲခေါ်ကြတယ်ပေါ့ဗျာ။ အလုပ်ထဲမှာတော့ ကျနော့ကို နှုတ်ခမ်းလေးဆူပီး ပြွတ်ပြွတ် လို့ခေါ်ကြတယ်။ တခါတလေတော့ နာမည်မခေါ်ပဲ လက်ခုပ်တီးခေါ်ကြတယ်။ အမည်သညာဆိုတာကလည်း သက်မှတ်ချက်တခု အနေနဲ့ ပညက်သဘောတွေပါပဲ။
အသက်မွေးဝမ်းကျောင်းအလုပ်ခေါ်ရမလား business ခေါ်ရမလား ဟုတ်ကဲ့ ကျနော်က စားပွဲထိုးတစ်ယောက်ပါ။ ဆိုင်ကိုလာနေကျအစ်ကိုတစ်ယောက်ကတော့ဖြင့် ခေါင်းငြိမ့်သည်းခံ လူတန်းစားအလုပ်လို့ ကဗျာဆန်ဆန်လေး ကင်ပွန်းတပ်ထားတယ်။
ကျနော်ကတော့ ဘာကိုဆိုလိုမှန်းနားမလည်ဘူးလေ။
အမေကတော့ပြောပါတယ် သမ္မာအာဇီဝ ရိုးသားစွာ လုပ်ကိုင်စားသောက်နေတာတဲ့ ရှက်စရာမလိုဘူးငါ့သားတဲ့။
ကျနော် မသိတာက ဘာလို့ရှက်စရာမလိုဘူးပြောနေတာလဲ၊ ဘာတွေရှက်ရမှာလဲ နားမလည်ဘူးလေ။ ကောင်တာကနေ ဘွားကြည်အော်ခိုင်းရင်လုပ်လိုက်တာပဲ။
ဒါများ ရှက်ရတာတွေကော ခေါင်းငြိမ့်သည်းခံတွေကော ရှုပ်နေအောင် ပြောနေကြတာ။
ကျနော်အသက်က 15နှစ်ရှိပါပီ။
ဒီဘီယာဆိုင်မှာလုပ်နေတာ 5 နှစ်ရှိပြီပေါ့။
အမေပြောတာပဲ သေချာတော့ ကျနော်ဖြင့်မှတ်မထားမိပါဘူး။
ဘွားကြည်ကတော့ တနှစ်တခါ ရွာပြန်ခွင့်ပေးပါတယ်။ သုံးရက်နေရင် ပြန်လာရတယ်။ အမေငွေတွေထုတ်ထားတာများလို့တဲ့။ ကျနော့ကိုရောင်းစားထားတာမဟုတ်ဘူးနော်တဲ့။
အဲ့ ကျနော်က ရောင်းစားလို့ရတယ်တဲ့လား အမေပြောလိုဆိုရင် ဂုဏ်ယူစရာပဲနော်။
အဖေဆုံးကတည်းက ကျနော်ကျောင်းထွက်ပီး ဒီဆိုင်ရောက်လာရတာပေါ့။ အဖေကဘီယာတွေ အသောက်များလို့သေတာတဲ့။ ဘီယာတော့ ကျနော်မုန်းတယ်။ ဒါပေမယ့် နေ့စဉ် ဘီယာကြိုက်ပီးသောက်နေတဲ့သူတွေ ကိုအံသြတယ်ဗျာ။ သူတို့မသိကြဘူးလားမသိ။ ကျနော် ဆိုင်ရောက်စကတော့ လိုက်ပြောတယ် အစ်ကို မသိဘူးလား အဖေဆို အဲ့ဘီယာတွေသောက်ပီးသေသွားတာဗျ မကောင်းဘူးမသောက်နဲ့ပြောမိတာလေ။
အရင်ရောက်နေတဲ့ မျက်နှာထားဆိုးဆိုးနဲ့ ဒိုမီဆိုတဲ့ကောင်က ဘွားကြည်ကိုသွားတိုင်လိုက်တာ။
အဲ့နေ့က ဘွားကြည် ကျနော့ကို ဆဲဆိုလိုက်တာများ ကြောက်စရာကြီး အခုထိမှတ်မိတုန်းပဲ။
ဘီယာကိုမုန်းပေမယ်နေ့စဉ်ဘီယာသောက်တဲ့ သူတွေနဲ့ စကားပြောရတာ ရန်လုပ်ခံရတာများပါတယ်။ တခါတလေ သူတို့အဆင်မပြေတိုင်း လိမ့်ရစ် ရန်လုပ်တာ ပုန်းတောင်နေရပါတယ်။
အကင် ကင်တဲ့ မမပြည့်စုံက ချော့ရှာတယ်။ သူတို့က အဲ့ဒါတွေသောက်ပီး ရှုးသွားကြတာတဲ့။ အရှုးတွေဘာပြောပြော စိတ်ထဲမထားနဲ့တဲ့။ ကျနော်နဲ့အဆင့်မတူဘူးတဲ့။
စိတ်ထဲထားတယ်ဆိုတာ ဘာကြီးလဲ ပီးတော့ အဆင့်မတူဘူးဆိုတာကော မသိဘူးဗျာ။ ကြောက်တာပဲသိတယ် တခါခွက်နဲ့ပေါက်ခံရဖူးတယ်လေ။ အဲ့တော့ကြောက်တယ်။
နေတာကြာလာတော့
လာသောက်နေကျလူတွေ တော်တော်များများနဲ့ခင်မိပါတယ်။ အဲ့တော့ ဘယ်သူက ဘယ်လိုဆိုတဲ့အချက်လေးတွေသိလာတယ်။
ကျနော်နည်းနည်းကျွမ်းကျင်လာတာပေါ့။
ကားပွဲစားလေးဖြိုးဝေအောင်ဆို ပုံမှန်အချိန်အတော် ကောင်းပေမယ့် ရည်းစားနဲ့အဆင်မပြေလို့ လာသောက်ပီဟေ့ဆိုရင်တော့ဖြင့် ဘယ်အချိန်များ ပြဿနာထရှာမလည်း လန့်နေရတယ်။
နည်းနည်းများလာပီဆိုရင် မိန်းမမကောင်းကြောင်း နိဒါန်းစတော့တာပဲ။ ကျနော်လည်း မအပါဘူးဗျာ။ အဲ့ဒါနဲ့ ပွဲစားလေးကိုဖြိုးကို အဲ့လိုကြေးဆိုအစ်ကို အစ်ကို့အမေတော့ကောင်းမှာဟုတော့ဘူးနော်ပြောမိတာ ခွက်နဲ့ပေါက်ခံရတာပဲ။
စိတ်တော့တိုတာပေါ့။
ဒါပေမယ့် ဘွားကြည်ကကြောက်ရသေး။ မပြောရဲဘူး။ ကာစတန်မာ အစ်တယ် ရိပ်စ် ကရှိနေတယ်ပြောတယ်လေ။ အဲ့ဒါက ခွက်နဲ့ပေါက်ရင် ရှောင်လို့ပြောတာလားဟင်။ ထိရင်နာတယ်ပြောတာလားဟင်။
ဆက်ရန်
😁😁😁😁
မှုရင်းဇာတ်ကောင်များ နာမည်အတိအကျသုံးပါက
ပုဂ္ဂိုလ်ရေးထိခိုက်မှာစိုးသဖြင့် နာမည်များလွဲသုံးထားပါသည်။ တိုက်ဆိုင်မူရှိရင်ခွင့်လွတ်ပါ။
That Ko Zaw
MSC 005