မျက်နှာဖုံးများနဲ့လမ်းလျှောက်ခြင်း

ကျွန်တော့်လျှောက်လှမ်းခဲ့ရတဲ့ မျက်နှာဖုံးတွေ နဲ့ လောကကြီးအကြောင်းကို ညီအစ်ကိုတို့ကို ရင်ဖွင့်ပြောပြမယ်ဗျာ နည်းနည်းပေါ့သွားအောင်လို့ပါ။ပထမတော့လောကကြီးကိုကဗျာတွေ စာတွေ ဖွဲ့သီကုံးသလို အရမ်းလှပမယ်လို့ ထင်မှတ်ထားခဲ့တာ စိတ်ကူးယဉ်ထားတာပေါ့။ တကယ်တော့ လိမ်ညာ မျက်နှာဖုံးတွေ ကောက်ကျစ်မူ တွေဖုံးလွှမ်းနေတဲ့ နေရာမှန်းကို လက်တွေ့ လျှောက်လှမ်းတော့မှ အံသြမှင်သက်စွာ တွေ့ခဲ့ရတယ်။ကြီးနိုင်ငယ်ညှင်း နိုင်သူစားစတမ်း လောကကြီးမှာ ကျားရဲ မဖြစ်ရင်တောင် အနည်းဆုံး လိုက်လျောညီထွေစွာ နေတက်မှ ရှင်သန်နိုင်မယ်မှန်း ကိုအတွေ့အကြုံတွေက တဆင့်သိခဲ့ရတယ်။လှပမူ့၊ဖေးမမူ၊သနားငဲ့ညှာမူတွေဆိုတာ စာအုပ်တွေထဲမှာဘဲ ရှာလို့ရပါမယ် ။မြေနိမ့်ရာ လှံစိုက်တဲ့ လောကကြီး၊ သနားညှာတာမူမရှိဘဲ အရက်စက်ဆုံး ဥပဒေတွေနဲ့ အားနည်းသူတွေကို နင်းပြီးတက်မယ့် လောကကြီးမှာ ကျွဲနှစ်ကောင် ကြားက မြေဇာပင်မဖြစ်အောင် ရှောင်ရတိန်းရတာနဲ့တင် မောပန်းလှပါပြီဗျာ။ ခုကြိုးစားပြီးဆက်လက်လျှောက်လမ်းနေတာလဲ လှဲကျ ကျန်ခဲ့တဲ့ အပေါင်းအသင်း ညီအစ်ကိုတွေအတွက် ကမ်းမယ့်လက် ဖြစ်ချင်တဲ့ မျှော်လင့်ချက်တစ်ခုကြောင့်ပါဘဲ။

ရာထူးကြီးလေ၊ပညာတက်လေ ကြောက်ဖို့ကောင်းအောင် လှည့်စား တက်လေပါဘဲ။လိုချင်တာတစ်ခု အတွက်ကို အပြုံးမျက်နှာဖုံးတွေနဲ့ ဆက်ဆံတက်ကြတယ်၊အသုံးချတက်ကြတယ်။စစ်တုရင်ထိုးနေသလို့ အကွက်တွေ နဲ့ plan တွေချ ကြတယ်။စစ်တုရင်စကားနဲ့ ပြောရရင် ကိုယ့်က player မဟုတ်ရင် ထိုးကျွေးမခံရအောင် နေနိုင်မှ တော်ရုံကျတဲ့ လောကကြီးဖြစ်တယ်။
ပိုက်ဆံ အတွက်ဆို ညီအစ်ကိုတွေ အဖေအမေတွေ မိတ်ဆွေတွေကိုပါ မျက်နှာဖုံးတပ်ပြီး ဆက်ဆံတဲ့လူစားမျိုးတွေကို ကြုံတွေခဲ့ရတယ်။
ကြားညှပ်တဲ့အဖြစ်မျိုး တွေကနေ လွတ်အောင်ထွက်ခဲ့ဖူးတဲ့အကြိမ်ပေါင်းမနည်းလှတော့ပါဘူး။ ကုမ္ပဏီ ဝန်ထမ်းဆိုတော့ သူဋ္ဌေး မျက်နှာကြည့်ပြီး နေရတာတွေ ဓာတ်သဘောတွေပါ နားလည်ကျွမ်းကျင်လာခဲ့တယ်။ဓာတ်ပျက်လို့ကတော့ သိတယ်မဟုတ်လား........ ဘာလုပလုပ် အကောင်းမမြင်တော့ဘဲ အပြစ်တွေချည်း ဖြစ်နေတဲ့ ဘဝမျိုးတွေ လျောက်လှမ်းရဖူးပါတယ်။

မျက်နှာရလိုတဲ့စိတ်နဲ့ အတိုအထောင်သမားတွေလည်း မြင်ခဲ့ရဖူးပါတယ်။အပေါ်ယံ ပြုံးပြီး နောက်ကွယ်မှာချောက်ချတက်တဲ့သူတွေကြောင့် အရူံးပေးရင်း ဘာမှ မပြောတော့ဘဲ ကျောခိုင်းထွက်ခွာသွားတဲ့ မိတ်ဆွေတွေလဲရှိခဲ့ဖူးပါတယ်။သူဋ္ဌေးဖြစ်တော့မှ လာပြန်ပေါင်းတဲ့ သာပေါင်းညာစား မိတ်ဆွေတွေလည်းတွေ့ခဲ့ရတယ်။ပြီးတော့ လူလည်လို့ခေါ်ဆိုရလောက်မယ့် အလိုလိုက်အကြိုက်ဆောင် သာကူးတွေကိုလည်း တစ်စုတစ်ဝေးထဲတွေ့ခဲ့ဖူးပါတယ်။
သူများ မျက်ခုံးမွှေးပေါ် စင်္ကြန် လျှောက်တယ်ဆိုတာ ငယ်ငယ်က အရပ်စကားလို့ထင်မှတ်ထားဖူးတာ လုပ်ငန်းခွင်ထဲရောက်မှ လက်တွေ့ကျကျ မြင်ဖူးလိုက်မှ ပါးစပ်အဟောင်းသားနဲ့ သူတို့ကိုငေးကြည့်ဖူးခဲ့တယ်။သူ့တပါးစိတ်ဝင်စားအောင် စကားကို ဂျပိုးကလိပ်ဖြစ်အောင်ပြောတက်တဲ့အပြင် ဟိတ်ဟန်များနဲ့ လူအထင်ကြီးအောင်နေတက်ကြတယ်။ပြီးမှ လိုချင်တာကို ဖြည်းဖြည်းချင်း ဖဲ့ယူသွားတက်ကြတယ်။လိုချင်တဲ့အရာ ဥပမာ-ငွေကြေး or ရာထူးရဖို့အတွက် ရှိပြီးသားအစုအဖွဲတွေကို သွေးကွဲအောင်လုပ်ဆောင်ပြီး တစ်ခုချင်းစီ ဖဲ့ချွေပြီး နောက်ဆုံးလိုချင်တာ ရအောင်လုပ်ယူကြတယ်။တော်ရုံ စကားပြောကောင်းတာမဟုတ်ဘဲ လူစိတ်ဝင်စားအောင် စကားပြောတက်တဲ့အပြင် လူအထင်ကြီး အားကိုးအောင်နေထိုင်တဲ့စရိုက်ပုံစံမျိုး ဖမ်းပြီးနေထိုင်တက်တယ်။နောက်ဆုံး သူ့သတ်မှတ်ထားတဲ့ ပန်းတိုင် ဒါမှမဟုတ် နေရာ ၊ငွေကြေးရလျှင် သူတို့ရဲ့ ဘီလူးခေါင်းကို မြင်တွေ့ကြရမှာပါ။
အဲ့အခြေအနေဆိုရင်ကြား ထဲမှာ စတေးလိုက်ရတဲ့ လူတွေ နင်းတက်ခဲ့တဲ့ သူတွေ ဘယ်လောက်တောင်များလဲတွေးကြည့်လို့ရပါတယ်။

အဲ့လို လူတွေကြားထဲမှာ ရှင်သန်ရုန်းကန်နေရင်း ကိုယ့်ကိုယ်ကိုယ် သန်မာအောင် အားပေးနေရင်း ဘက်ရွေးမမှားအောင်လည်း ဂရုစိုက်ဖြတ်သန်းနေရတဲ့ ဘဝဟာလဲ ပင်ပန်းလွန်းပါတယ်။တစ်ခါတစ်ခါ အရူံးပေးလိုက်ချင်ပြီး ကိုယ်ပိုင်စီးပွားရေးလေး လုပ်မလား စိတ်ကူးလိုက်တိုင်း.... စဉ်းစားချိန်ဆ ရင်းနဲ့ မလုပ်နိုင်သေးပါဘူး။ဒါပေမယ့် လာမယ် ၂ နှစ်အတွင်းဘကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ကိုင်မယ်လို့ရည်မှန်းချက်ထားထားပါတယ်။
မင်းအသက်က ဘယ်လောက်ရှိလို့လဲ ဒါတွေ ပြောနေရအောင်ဆိုခဲ့ရင် ကျွန်တော်အသက် 29 နှစ်ရှိပါပြီ အသက် 19 နှစ်မပြည့်ခင်ကတဲ့က ကုမ္ပဏီဝန်းထမ်းဘဝကို လျှောက်လှမ်းခဲ့တဲ့ သူပါ။ လုပ်သက် 10 နှစ်ဝန်းကျင်တော့ရပါပြီ။ အဲ့ဒီ အချိန်လေးထဲမှာ ကြုံတွေ့ခဲ့ရတဲ့ အပြင်လောကကြီးအကြောင်းကို share လုပ်ပေးတာပါ။ နောက်ဆုံး ကိုယ့် မိဘတွေရဲ့ အုပ်ထိန်းမူအောက်က လောကကြီးသာ ရိုးသားမူတွေ ချစ်ခြင်းမေတ္တာတွေနဲ့ ပြည့်နေပြီး အပြင်လောကကြီးကတော့ မျက်နှာဖုံးတွေ ကောက်ကျစ်မူတွေ အပြည့်နဲ့ ကြောက်စရာ လောကကြီးတစ်ခုမှန်း ကို သိရှိလိုက်ရပါတယ်။
Photo credited by google
MSC-157