ကျနော် ၃လသားအရွယ်တွင် ကျနော့်ဖေဖေနှင့်မေမေမှာ စိတ်သဘောထားခြင်းမတိုက်ဆိုင်၍ ၃နှစ်ခန့်လောက်ကွဲကွာသွားကြပါသည်။တစ်ယောက်နှင့်တစ်ယောက် သံယောဇဉ်မရှိတော့၍မဟုတ်ဘဲ ပါတ်ဝန်းကျင်ဆွေမျိုးများရဲ့ သွေးထိုးနှောင့်ယှက်သောစကားများကြောင့် တစ်ဦးနှင့်တစ်ဦး ညှိနှိုင်းမရတော့သည့်အဆုံး ကျနော့်မေမေမှာကျနော့်ကိုခေါ်ပြီး ကျနော့်အဖိုးအဖွါးများဖြစ်သည့် မေမေ့မိဘများအိမ်တွင် ပြန်လည်နေထိုင်ခဲ့ပါသည်။ ကျနော့်ဖေဖေလည်း လသားအရွယ်သားလေးဖြစ်သည့်ကျနော်နှင့်ကျနော်မေမေ မနေထိုင်တော့သည့်အိမ်တွင် သူတစ်ယောက်တည်းဆက်မနေလိုတော့၍ အိမ်မှထွက်ခွါပြီး နယ်စပ်တွင်သွားရောက်အလုပ်လုပ်နေခဲ့ပါသည်။လက်ရှိအသက်၈၀ကျော်နေပြီဖြစ်သော ကျနော့်အဖိုးနှင့်အဖွါးသာ ဖရိုဖရဲဖြစ်နေသော မိသားစုအခြေအနေများကြောင့် မိတကွဲဖတကွဲဖြစ်နေသော ကျနော့်ကိုမိဘများနှင့်မခြား ကျွေးမွေးပြုစုစောင့်ရှောက်ခဲ့ပါသည်။
ကလေးငယ်တွေဆိုတာ မိဘနှစ်ပါးလုံးရဲ့အေးမြတဲ့ ရင်ခွင်ရိပ်မှာ ခိုလှုံပြီးကြီးပြင်းရမည့် အရွယ်ဖြစ်နေပေမယ့် ကျနော်ငယ်ရွယ်စဉ်ကလေးဘဝတုန်းက တခြားသောကလေးငယ်များလို ဖေဖေမေမေနှစ်ယောက်လုံးရဲ့ ကြည်ကြည်နူးနူးနဲ့ ချော့မြူထွေးပွေ့သံတွေကြားမှာ မရှင်သန်ခဲ့ရပါဘူး။မေမေ့ရဲ့ အသံတိတ်နာကျင်ငိုရှိုက်သံတွေနဲ့ပြည့်နှက်နေတဲ့ ရင်ခွင်ထဲမှာနေရင်း အဖိုးအဖွါးတွေရဲ့ချော့မြူကျီစယ်သံလေးတွေကိုနားစွင့်ရင်းနဲ့သာ ကြီးပြင်းခဲ့ရပါတယ်။ဘယ်သူမှားတယ် ဘယ်သူမှန်တယ်လို့မရှိခဲ့ပေမယ့်လည်း မိဘနှစ်ပါးရဲ့မပြေလည်မှုတွေကြားမှာ မြေစာပင်ဖြစ်တဲ့ကျနော်သာ ၃နှစ်တာလောက် ဖေဖေ့မေတ္တာကို ငတ်မွတ်ခဲ့ရပါတယ်။သို့ပေမယ့် ကျနော်ဖေဖေကို ယနေ့ချိန်ထိ တစ်စက်လေးမျှအပြစ်မမြင်ခဲ့ပါဘူး။မေမေ့ကိုလည်းသံယောဇဉ်မကုန်ခဲ့တဲ့ဖေဖေဟာ ကျနော်တို့နဲ့အတူရှိမနေတဲ့ ၃နှစ်တာကာလအတွင်းမှာလည်း သားဖြစ်တဲ့ကျနော့်ရဲ့ငိုသံလေးတွေ ကြားယောင်ရင်း ကျနော်တို့သားအမိကို အမြဲလွမ်းဆွတ်သတိရနေခဲ့တယ်ဆိုတာကို ကျနော်သိတတ်နားလည်တဲ့အရွယ် ဖေဖေ့ရဲ့ပြန်လည်ပြောပြချက်များအရ သိခွင့်ရခဲ့ပါတယ်။
ငွေကြေးချို့တဲ့မှုကြောင့်မိသားစုမပြေလည်တာမျိုးမဖြစ်စေရန်,နဲ့ သားဖြစ်တဲ့ကျနော် အရွယ်ရောက်ပညာသင်ချိန်မှာအပူအပင်မရှိဘဲ မကြောင့်မကြနဲ့သင်ယူနိုင်ရန်အတွက် ကျနော့်ဖေဖေဟာ ကျနော်တို့သားအမိနဲ့ဝေးကွာပြီး နယ်စပ်ရောက်နေချိန်မှာ အလုပ်တွေသာဖိလုပ်ပြီး ပိုက်ဆံတွေအများကြီးရှာခဲ့ပါတယ်။ အဝေးရောက်ဖခင်တစ်ယောက်ရဲ့မေတ္တာကို အနီးကပ်ခံစားခွင့်မရခဲ့ပေမယ့်လည်း ဖေဖေရဲ့လုပ်ဆောင်ချက်တိုင်းဟာ နောင်တစ်ချိန်မှာ ကျနော်တို့သားအမိနဲ့အတူ အေးချမ်းစွာနေထိုင်နိုင်ရန်သာ အပင်ပန်းခံခဲ့ခြင်းဖြစ်လို့ အဖေနဲ့အကြာကြီးခွဲနေရပေမယ့် ကျနော်ကျေနပ်နိုင်ခဲ့ပါတယ်။ရင်ထဲမှာရှိတဲ့ ဖေဖေ့ရဲ့မေတ္တာတွေကို ကျနော့်သိအောင်ကိုယ်တိုင်ကိုယ်ကျ ထုတ်ဖော်ပြောပြပြီး လက်ပွန်းတတီး မယုယ မစောင့်ရှောက်နိုင်ခဲ့ပေမယ့်,ဖေဖေဟာ သားဖြစ်တဲ့ကျနော့်ကို အရမ်းချစ်ခဲ့တယ်ဆိုတာကို မေမေအမြဲပြောပြလေ့ရှိပြီး အကြောင်းကြောင်းကြောင့်သာ ဖေဖေကျနော်တို့နဲ့အတူရှိမနေနိုင်တာကို သားတစ်ယောက်အနေနဲ့ အပြစ်မမြင်ရန် အမြဲဆုံးမလေ့ရှိပါတယ်။စိတ်အလိုလိုက်ကာ လသားအရွယ်သားလေးနဲ့ဇနီးကိုပစ်ပြီး အဝေးဆုံးနေရာကို ထွက်သွားခဲ့ရလို့ အချိန်တိုင်းကိုယ့်ကိုကိုယ် အပြစ်တင်နေမိတဲ့ဖေဖေ့ရဲ့ နောင်တသံနှောနေတဲ့စကားလုံးတွေကိုလည်း ဖေဖေနဲ့ပြန်တွေ့တဲ့အချိန်မှာကျနော်ကြားသိခဲ့ရပါတယ်။
ကျနော် ၃နှစ်သားအရွယ်မှာ နယ်စပ်ကနေဖေဖေပြန်လာခဲ့ပြီး ကျနော့်ရဲ့ရှေ့ရေးအတွက်အပြင်, မေမေ့ကိုလည်း သံယောဇဉ်မကုန်ခဲ့တာရောကြောင့်ပါ အဖိုးအဖွါးနဲ့အတူနေထိုင်နေတဲ့ ကျနော်တို့သားအမိကို ဖေဖေဟာ သူနဲ့အတူလာနေပြီး အရင်လိုမိသားစုတွေ ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လည်နေထိုင်ကြဖို့ပြောခဲ့ပါတယ်။သို့ပေမယ့် ၃လသားအရွယ်တည်းက သားသမီးနှင့်မခြား ကြင်နာယုယစွာကျနော့်ကို ကျွေးမွေး စောင့်ရှောက်ခဲ့တဲ့ အဖိုးနဲ့အဖွါးကိုမခွဲနိုင်တာရော,မိဘများအတွက်သားဦးဖြစ်တဲ့ကျနော်ဟာ အင်္ဂါဖြစ်တဲ့အတွက် မိဘတွေကိုခလောက်ဆန်ပြီး ကောင်းကျိုးမပေးနိုင်ဘူးလို့ ဝေဖန်တိုက်ခိုက်ပြောဆိုတဲ့ ပါတ်ဝန်းကျင်ရဲ့စကားသံတွေကို မခံနိုင်တာရောကြောင့်ပါ ကျနော့်အဖိုးနဲ့အဖွါးဟာ ကျနော့်ကို ဖေဖေမေမေတို့နဲ့အတူ မထည့်လိုက်ဘဲ သူတို့ဘဲ တစ်သက်လုံးရင်အုပ်မကွာစောင့်ရှောက်မယ်လို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဖေဖေလာခေါ်တဲ့နောက်ကို မေမေတစ်ယောက်သာ ပြန်လိုက်သွားခဲ့ပြီး ကျနော်ကတော့ အဖိုးအဖွါးတွေနဲ့ဘဲ ဆက်လက်နေထိုင်ခဲ့ပါတယ်။မြေးဦးဖြစ်တဲ့ကျနော့်ကို ကျနော့်အဖိုးအဖွါးတွေဟာ ငယ်ရွယ်စဉ်ကတည်းက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သည့် အခုအချိန်ထိ အတတ်နိုင်ဆုံးပြည့်စုံအောင်ထားပြီး ကျွေးမွေးစောင့်ရှောက်ခဲ့ပါတယ်။တောင်ယာလုပ်ငန်း,ထန်းတန်းလုပ်ငန်းများလုပ်ကိုင်ရင်းနဲ့ဘဲ အဖိုးနဲ့အဖွါးဟာ ကျနော်ဘွဲ့ရပညာတတ်ကြီးဖြစ်ပြီး လူလားမြောက်သည်အထိ ပြုစုပျိုးထောင်နိုင်ခဲ့ပါတယ်။အဖွါးရဲ့အေးမြတဲ့မေတ္တာရိပ်ကိုခိုလှုံပြီး အဖိုးရဲ့စည်းကမ်းတကျဆုံးမသွန်သင်မှုတွေကိုနာခံရင်းနဲ့ဘဲ ယခုအချိန်မှာ ကျနော်ဟာလောကကြီးအလယ်မှာ ရဲရဲဝံ့ဝံ့နဲ့ရှင်သန်ရပ်တည်နိုင်တဲ့ လူတစ်ယောက်ဖြစ်ခဲ့ပါပြီ။မိဘများနဲ့မခြား စုန်ရေလိုစီးဆင်းနေတဲ့ မေတ္တာတွေရင်မှာပိုက်ပြီး ကျနော့်အဖိုးနဲ့အဖွါးဟာ ကျနော့်ဆီမှ ဘာမှပြန်လည်မမျှော်လင့်ဘဲ ကျနော့်ဘဝလေးတင့်တယ်အောင်သာ ရည်ရွယ်ထိန်းကျောင်းပေးခဲ့ပါတယ်။အချိန်တန်အရွယ်ရောက်လျင်သာ ကျေးဇူးရှင်မိဘနှစ်ပါးကို ပြန်လည်ပြုစုလုပ်ကျွေးရန်မမေ့ဖို့ကို အမြဲ တတွတ်တွတ်ဆုံးမခဲ့တဲ့ ကျနော့်အဖိုးအဖွါးတွေရဲ့ ကြီးမားလှတဲ့မေတ္တာစေတနာတွေကို ခံစားနားလည်ရင်း ဤဆောင်းပါးလေးဖြင့်ဂါရဝပြုကန်တော့လိုက်ပါသည်။
Own writer:
MSC.no-034