새 해 복 많 이 받 으 세 요.
Steemitမှ ညီအစ်ကိုမောင်နှမများအားလုံး မင်္ဂလာပါခင်ဗျာ။ဒီတစ်ပါတ်ဆောင်းပါးလေးမှာ ကိုရီးယားသင်ခန်းစာ သင်ကြားပို့ချတဲ့ဆောင်းပါးလေးတွေကို ခေတ္တရပ်ဆိုင်းပြီး ကျနော်စိတ်ကူးထားတဲ့ ကျနော်တို့မိသားစုရဲ့ သင်္ကြန်ခရီးစဉ်လေးအကြောင်းကို ကြိုတင်ရေးသားခြင်ပါတယ်။များမကြာမီ အချိန်အတွင်းမှာ ကျနော်တို့မြန်မာနိုင်ငံ နွေဦးရာသီလေးရဲ့ အလှပဆုံးအချိန်လေးတစ်ခုဖြစ်တဲ့ သင်္ကြန်ကာလလေးလည်း ကျရောက်တော့မှာမို့ ကျနော့်အတွက် အမှတ်တရများစွာ ကြုံတွေ့ရလေ့ရှိတဲ့ သင်္ကြန်ပွဲတော်အကြောင်းလေးကို ရေးသားခြင်ပါတယ်။
ရန်ကုန်မှာ လုပ်ငန်းတာဝန်အရနေထိုင်ရပေမယ့် နှစ်စဉ်နှစ်တိုင်း သင်္ကြန်ကာလရောက်ပြီဆိုတာနဲ့ ကျနော့်မွေးရပ်မြေ အညာကိုသာ ပြန်လေ့ရှိပါတယ်။အညာဓလေ့ သင်္ကြန်ပွဲတော်အရ စည်ကားလေ့ရှိတဲ့ သင်္ကြန်ပုံရိပ်လေးတွေကိုလည်း ဘယ်အရပ်ဒေသဘဲရောက်ရောက် အမြဲတမ်းအမှတ်ရမိနေတဲ့ အတွက်ကြောင့်လည်း သင်္ကြန်အချိန်အခါရောက်တိုင်း ကိုယ့်အရပ်ကိုယ့်ဒေသကို ရောက်အောင်ပြန်ခြင်း ဖြစ်ပါတယ်။မှတ်မှတ်ရရပြောရရင် ကျနော့ရဲ့ချစ်ဇနီးလေးနဲ့ လက်ထပ်တဲ့အချိန်, အညာကို ဆွေပြမျိုးပြ အလည်ခေါ်သွားတဲ့အချိန်ကလည်း သင်္ကြန်တွင်း အချိန်အခါလေးဘဲ ဖြစ်ပါတယ်။ အခုလာမယ့် သင်္ကြန်ဆိုရင် ကျနော်တို့နှစ်ယောက်ရဲ့ အိမ်ထောင်သက်ကလည်း ၂နှစ်တင်းတင်း ပြည့်ပြီဖြစ်ပါတယ်။လွန်ခဲ့တဲ့၂နှစ်တုန်းက ကျနော့်ဇနီးလေးနဲ့အတူ ဆင်နွှဲခဲ့တဲ့ သင်္ကြန်အချိန်အခါတွေတုန်းကဆို သူမကိုကျနော်တို့မြို့ရဲ့ သင်္ကြန် အကအလှလေးတွေ , ပခန်းပွဲတော်တွေ,ကျနော်တို့ရွာရဲ့ရေကစားပွဲတော်တွေကို ကျနော်နဲ့အတူ လှည့်လည်ဆင်နွှဲစေခဲ့တာလေးတွေဟာ ခုချိန်မှာ ပြန်တွေးမိတိုင်း ကြည်နူးစရာလေးတွေအဖြစ် စွဲထင် ကျန်ရစ်နေမိပါတယ်။
ကျနော့သူငယ်ချင်းတွေနဲ့စုပြီး ပုဂံဘုရားမဖူးဘူးတဲ့သူမကို သင်္ကြန်အကြတ်နေ့မှာ ပုဂံဘုရားလိုက်ပို့ပြီး ကုသိုလ်ယူရင်း ရေပက်ခံထွက်ခဲ့တာလေးတွေလည်း ပြန်ပြီးအမှတ်ရမိပါတယ်။ဒီနှစ်အညာသင်္ကြန်ခရီးစဉ်လေးကတော့ ကျနော်တို့နှစ်ယောက်အတွက် ပိုပျော်ရွှင်စရာ ကောင်းရုံသာမက ပိုပြီးပြည့်စုံသွားမယ့် ခရီးလေးတစ်ခု ဖြစ်သွားမယ်လို့ထင်ပါတယ်။ဘာလို့လည်းဆိုတော့ ကျနော်တို့ရဲ့ အရမ်းချစ်စရာကောင်းတဲ့ သမီးလေးကို သူ့ရဲ့ ဖိုးဖိုးဖွါးဖွါးတွေနဲ့ သမီးလေးကိုအပြင်မှာ တစ်ခါမှမမြင်ဖူးသေးတဲ့ အညာကကျနော့်အမျိုးတွေဆီ ကျနော်တို့နဲ့အတူ ခေါ်သွားခွင့်ရတော့မှာမို့လို့ ဖြစ်ပါတယ်။
၂နှစ်အကြာမှ ပြန်လည်ဆင်နွှဲရမယ့် ကျနော်တို့ရဲ့ အညာသင်္ကြန်ပွဲမှာ ကျနော့်ဇနီးနဲ့အတူ သမီးလေးလည်း ပါဝင်ရတော့မှာမို့ ပိုပြီးလည်းကြည်နူးမိပါတယ်။အညာရောက်တဲ့အချိန်မှာလည်း ကျနော်တို့ရွာထဲမှာရှိတဲ့ ကျနော့်အမျိုးတွေအိမ် တစ်အိမ်တက်တစ်အိမ်ဆင်းနဲ့ ချစ်စရာကောင်းတဲ့ ကျနော့်သမီးလေးကိုလိုက်ကြွားရင်း သမီးလေးကိုဝိုင်းချစ်ကြမယ့် ကျနော့်အမျိုးအဆွေတွေရဲ့ မျက်နှာတွေကို မြင်ယောင်ရင်းလည်း ကြိုပြီးပီတိဖြစ်မိပါတယ်။
ဒီနှစ်သင်္ကြန်ခရီးစဉ်မှာတော့ ပုပ္ပါးမရောက်ဖူးသေးတဲ့ သမီးလေးရဲ့မေမေကို သင်္ကြန်တွင်းမှာ ပုပ္ပါးတောင်ကလပ်ပေါ်ကို လိုက်ပို့ကုသိုလ်ယူရင်း သင်္ကြန်ပွဲတော်ကို ဆင်နွှဲမယ်လို့လည်း စိတ်ကူးထားပါတယ်။အညာရောက်တဲ့အခါ ဝိုင်းဝန်းပြီးချစ်ပေးကြမယ့် အမျိုးအဆွေတွေကြားမှာ ပျော်ရွှင်နေမယ့် သမီးလေးရဲ့အမူအယာလေးတွေနဲ့ သင်္ကြန်တွင်းမှာ သွားခြင်တဲ့နေရာလေးတွေကို လည်ပတ်ခွင့်ရလို့ ကျေနပ်နေမယ့် သမီးလေးမေမေရဲ့ မျက်နှာလေးကို မြင်ယောင်ရင်းလည်း စိတ်ချမ်းသာမိပါတယ်။ဒါကြောင့် ကျနော်တို့မိသားစုရဲ့ ကြိုတင်စီစဉ်ထားတဲ့ သင်္ကြန်ခရီးစဉ်အပျော်လေးတွေကို steemitမှ ညီအစ်ကိုမောင်နှမတွေကိုပါ ကူးစက်စေလိုတဲ့ဆန္ဒလေးနဲ့ ကျနော်တို့ရဲ့စိတ်ကူးအိပ်မက်လေးတွေကို ရေးသားဝေမျှလိုက်ပါတယ်။
Photo by ko chit
Author@thihakoko
MSC.034