အားလုံးပဲ မင်္ဂလာ အပေါင်းနဲ့ ပြည့်စုံကြပါစေရှင်။ဒီတစ်ခါတော့ ကျွန်မအတွေ့အကြုံနဲ့ ပတ်သက်ပြီး တင်ပြပါရစေ။ကျွန်မတို့တွေ တက္ကသိုလ်တက်ခဲ့ကြတာ ၅နှစ်ကြပါ။အခုတော့ ကျောင်းပြီးသွားလို့ သူငယ်ချင်းတွေ အသီးသီးနေရာတွေကိုယ်စီရောက်နေကြလောက်ပါပြီ။ကျောင်းတက်ခဲ့စဉ်တစ်လျှောက် ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းခဲ့ကြတယ်၊အပူဆိုတာ မရှိသလောက်ပါပဲ။ရန်ဖြစ်လိုက်၊ပြန်တည့်လိုက်နဲ့ တကယ်ကိုချစ်စရာကောင်းတဲ့ အကျင့်လေးတွေ ရှိကြပါတယ်။အခုချိန်မှာတော့ အဲ့ဒါလေးတွေက လွမ်းစရာလေးတွေဖြစ်နေတာပေါ့။မျှော်လင့်ရတဲ့ ကျောင်းဖွင့်ချိန် ဆိုတဲ့ သီချင်းလေးကြားတိုင်း ပြန်သွားချင်မိတယ်။အတိတ်တွေက အရိပ်တွေလို ကိုယ်နဲ့ မခွာလိုက်နေလေတယ်။ဒါပေမယ့် ပြန်သွားလို့မရတော့ဘူး၊ပြန်လိုချင်လို့မရတော့ဘူး။အခုတောင် canteen ပြေးဖို့ ကျောင်းလစ်ပြီး အဖွဲ့လိုက်သွားကြတဲ့ ပုံရိပ်လေးပြေးမြင်မိပြန်သည်။
ပြောချင်တာက ပျော်စရာတွေ ရှိခဲ့ကြတယ်၊ lectures တွေကောင်းကောင်းလိုက်ခဲ့ကြတယ်။ကျောင်းမှာ စာကြည့်တိုက်ရှိပါတယ်။ကျောင်းသားဟောင်းတွေက တတ်နိုင်သမျှ လှူတန်းထားကြလို့ စာအုပ်တွေကလည်း အတော်လေးစုံပါတယ်။ဝတ္တု ၊ရသ၊ဟာသ၊သုတ ကျန်းမာရေး ဆိုင်ရာစာအုပ်တွေ အမျိုးမျိုးရှိပါတယ်။ ပျော်စရာတွေ ကျွန်မတို့တတွေ အမျိုးမျိုး ဖန်တီး ကြပေမယ့် စာအုပ်၊စာပေတော့ အချိန်ပေးပြီး မဖတ်ခဲ့ကြဘူး။ကျောင်းလစ်ပြီး ရုပ်ရှင်၊shoppingတွေ သွားခဲ့ကြပေမယ့် စာကြည့်တိုက်တော့ အချိန်မပေးခဲ့ကြဘူး။ စာအုပ်၊စာပေ လူ့မိတ်ဆွေဆိုတဲ့ စကားပုံတွေလည်းကြားဖူပါတယ်။ဒါပေမယ့် အလေ့အထမရှိတော့ မဖတ်ဖြစ်ဘူး။စာအုပ်တစ်အုပ်ဖတ်ပြီးဖို့ ဝန်ထုတ်ဝန်ပိုးကြီး တစ်ခု ထမ်းထားရသလို ခံစားရတယ်။စာမျက်နှာလေး နည်းနည်းရောက်ပြီးရင်ကို မဖတ်ချင်တော့ဘူး သူငယ်ချင်းတွေနဲ့ စကားပေါလိုက်၊စလိုက်၊နောက်လိုက် ပဲနေခဲ့ကြသည်။ သူများတွေစာပေလိုက်စားနေတာတွေ မြင်တွေ့ရတယ်။ဒါပေမယ့် ခဏတာပျော်ရွှင်ရမည့် အရေးပဲ ဦးစားပေးမိခဲ့တယ်။သူငယ်ချင်းတွေ စုပြီဆိုရင်ကို စိတ်ထဲကြည်နူးမိတယ်။အဲ့လိုတွေ နေရတာ ကြိုက်လာတယ်။ စာအုပ်တွေ ဖတ်ရာ၌ ဤကဲ့သို့သော ခံစားချက် မဖြစ်ဖူးပေ။ဒါတွေကိုကြည့်ခြင်းအားဖြင့် စာအုပ်၊စာပေကို ကျွန်မတို့တွေ ချစ်မြတ်နိုးရကောင်းမှန်းမသိခဲ့ကြပေ။
Image source
ကျောင်းတွင် အမျိုးမျိုးသော ပွဲတွေ မကြာမကြာလုပ်လေ့ရှိတယ်။ဗိုလ်ချုပ်မွေးနေ့၊ပြည်ထောင်စုနေ့၊လွတ်လပ်ရေးနေ့ ၊အာဇာနည်နေ့ ဤကဲ့သို့သော နေ့ထူးနေ့မြတ်များအတွက် စကားရည်လုပွဲတွေ၊ပြောချင်တဲ့ အကြောင်းအရာကို ခေါင်းစဉ်တစ်ခုနဲ့ ပြောရတာမျိုးတွေ ကျင်းပပေးပါတယ်။ဤနေရာတွင် ကျွန်မတို့တွေ ကိုယ့်ကိုယ်ကို သတိထားမိလာကြပြီ။စာအုပ်စာပေတွေ အမျိုးမျိး ဖတ်ကြတဲ့ သူတွေ ကိုယ့်ရှေ့မှာ ဟန်ပန် အပြည့်နဲ့ တက်ပြောနေတာမြင်တော့ အားကျမိလာတယ်။သူတို့တွေလို ပြောတတ်ချင်လာတယ်။နောင်တတွေလည်း ရမိပြန်တယ်။ ဒီလို အဖြစ်မျိုးတွေဖြစ်နေကြတာ အတော်များများပါပဲ။အနည်းစုသာ စာအုပ်ဖတ်လေ့ရှိတော့ တစ်ခုခုဆို ပြောဖို့အရေး ဘယ်လောက်တိုက်တွန်းတွန်း မလုပ်ရဲကြဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်ချက်မရှိကြပေ။ စာအုပ်၊စာပေတွေ မဖတ်တော့ ယုံကြည်ချက်က နည်းနည်းမှမရှိ။ အတန်းစာပေတွေ ကျက်မှတ်ပေမယ့် ပြင်ပစာပေတွေ မလိုက်စားတော့ ပွဲတစ်ခုခုဆို ကိုယ့်အတွက်နေရာမရှိပေ။
Image source
အချိန်တွေ သူများတွေ စာအုပ်စာပေ ဖတ်လာတာ ဘယ်လောက်ကြာပြီ၊စာအုပ်စင် တစ်ခုလုံး ဖတ်လို့ ပြီးသွားပြီ ဆိုတာတွေ ပြောပြတော့ ကိုယ့်ကိုကိုယ် ရှက်မိတာအမှန်ပါ။မိမိကိုယ်၌က ဆယ်ကျော်လောက်ပဲဖတ်ဖူးသေးတယ်။ သူများတွေကိုအားကျမိတယ်။ သူတို့တွေ စကားပြောစွမ်းရည် တွေ ပြောင်မြှောက်ကြတယ်၊တစ်ခုခုဆို သူများနဲ့အပြိုင်ပြောနိုင်တယ်။ဒါတွေဟာ စာပေတွေရဲ့ အကျိုးကျေးဇူးဆိုတာ အသိတာကြီးပါ။ သူတို့တွေလည်း တစ်အုပ်တစ်အုပ်နဲ့ ဖတ်လေ့ရှိတော့ စာအုပ်ဖတ်ဖို့ အချိန်လေးတွေ သတ်မှတ်ကြတယ်၊စာအုပ်မဖတ်လိုက်ရရင် အိပ်မပျော်ကြဘူး၊အပြင်တွေသွားပြီး အပျော်အပါးတွေ ဖန်တီးတာထက် အိမ်မှာပဲ နေပြီး စာအုပ်လေးနဲ့ အချိန်ကုန်ချင်လာတယ်။ စာအုပ်၊စာပေကို ချစ်တတ်လာကြတယ်။တကယ်ကို ကောင်းတဲ့အကျင့်လေးတွေပါ။ဘဝတွက် ပြင်တင်းပေါက် တွေဖွင့်ပြီးနေကြပြီ။ဘဝတိုက်ပွဲဝင်ဖို့ အဆင်သင့်ပြင်ပြီနေကြပြီ။ ဤကဲ့သို့သော လူမျိုးတွေ များလေလေ နိုင်ငံအတွက်အကျိုးရှိလေလေပါ။ အနာဂတ်ကို ပြောင်းလဲပစ်နိုင်တဲ့ လူမျိုးတွေဖြစ်ကြပါစေ။နောင်တ တွေ ရင်ဝယ်ပိုက်ပြိး ပါးစပ်ဟောင်းသားတွေနဲ့ သူများတွေကို ငေးမောနေရတဲ့ ဘဝက ကင်းလွှတ်ကြပါစေ။စာအုပ်စာပေ ကို ချစ်တတ်တဲ့ သူတွေဖြစ်ကြပါစေ။ ဘဝအတွက် စာကိုကြည့်နိုင်ပါစေ။ ကမ္ဘာကြီး ရဲ့ ပြင်တင်းပေါက်တွေကို စာအုပ်စာပေကတဆင့် လှမ်းကြည့်နိုင်သူတွေဖြစ်ကြပါစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။