ဘဝပြောင်းလဲသွားခြင်းဟုခေါင်စဉ်တက်လိုက်လို့ သေရွာသို့ သွားသည့်အကြောင်း ရေးချမည်ဟုတော့ မထင်လိုက်ကြပါနဲ့ စာဖတ်သောသူအပေါင်းတို့ခင်ဗျာ။
ဟိုအရင်အချိန်ကပေါ့ မိမိ၏နိုင်ငံမဟုတ်သော မှုဆယ်နယ်စပ်ဖြစ်သည့် ရွှေလီနှင့်ကျယ်ကောက်မြို့တို့တွင် ကျွန်တော်သည် အလုပ်လုပ်ကိုင်ခဲ့လေသည်။
မိမိ၏ ဝမ်းသုံးထွာပြည့်ဝဖို့ အူမတောက်မှ သီလစောင့်နိုင်မည့်စကားအတိုင်း တရုတ်လူမျိုးတို့၏ ပိုက်ဆံအိပ်ကပ်ထဲက တရုတ်ယွမ်များကို ကျွန်တော်၏ အမြဲပြားကပ်နေသော ပိုက်ဆံအိပ်ပြားထဲသို့ ရောက်ရှိလာရန် ဒူးမထောက် လက်မမြောက်သောစိတ်ဓါတ်တို့ဖြင့် သမာအာဇိဝကျသော နည်းလမ်းများဖြင့် ရှာဖွေရယူခဲ့၏။တရုတ်လူမျိုးတို့သည် သူတို့အလုပ်လုပ်၍ ရရှိလာသော ယွမ်ငွေများကို တန်ဖိုးထားပြီး စုဆောင်းသိုမှီးကြ၏။
ထိုလူမျိုးတို့သည် သူတို့ပင်ပန်းကြီးစွာ လုပ်ကိုင်၍ ရရှိလာသော ငွေကြေးများကို သတ်မှတ်ချက်အတိုင်းအတာတစ်ခုသို့ရောက်သော် ထိုသူတို့ မျှော်ရည်မှန်းထားသော အိမ်မက်တစ်ခုကို အသေးဆုံးအလုပ်မှစတင်လုပ်ကိုင်ကြ၏။
ထိုသူတို့၏ မျှော်လင့်ချက်အိမ်မက် ရုပ်လုံးပေါ်မလာသေးသရွှေ့ အနေကုတ်ပြီး ရွှေထုတ်နဲ့မြပဝါလို နေထိုင်လျက်ရှိသည်။
လူသားတိုင်း စိတ်ဝင်စားနေကြသော ငွေကြေးဆိုသည့်အရာနှင့်ပတ်သက်လာလျှင် သူတို့အတွက် အကျိုးမရှိပဲ သူတို့ခန္ဒာကိုယ်၌ သွားလေရာအမြဲဆောင်ထားတက်သော စီးကရက်ဆေးလိပ်ဖြူကိုပင် အလကားထုတ်တိုက်လေ့မရှိပါလေ။
သို့သော် သူတို့အတွက် အကျိုးပြုသူ မည်သူမဆို အသိအမှတ်ပြုသည့်အနေဖြင့် စီးကရက်တစ်လိပ်ကိုမက စီးကရက်ဘူးအသစ်ကိုပင် လမ်းဘေးဈေးဆိုင်မှ ကိုယ်တိုင်ဝယ်ယူ၍ ပေးကမ်းဖို့ရန် ဝန်မလေးတက်ကြပေ။
ဒီလိုစေတနာတွေ ရေစီးကမ်းပြိုသလို ရှိလှသော်လည်း သူတို့ကိုယ်တိုင်သောက်သော စီးကရက်ဘူးခွံကိုတော့ အလဟသအဖြစ်မခံ သောက်ခဲ့သမျှစီးကရက်ဘူးခွံများကို ကျွန်တော်တို့ရွှေမြန်မာများလို နေ့စဉ်ပိုက်ဆံစုဘူးထဲသို့ထည့်သလို ဆာလာအိပ်တစ်လုံးထဲသို့ထည့်ကာ နေထိုင်သောအိမ်အတွင်းထဲ၌ ပြည့်လာသည်အထိ သိမ်းစည်းထားတက်ကြသည်။
ဆာလာအိပ်အတွင်း၌ စီးကရက်ဘူးခွံများပြည့်သော် ဝယ်သောဆိုင်သို့ရောင်းကာ သူတို့နေအိမ်အတွက် အပိုဝင်ငွေရအောင် ရှာကျန်ကြ၏။
အထက်၌ ရေးသားတင်ပြခဲ့သောအကြောင်းအရာများသည် ကျွန်တော်ရွှေလီမြို့၌ နေထိုင်လုပ်ကိုင်စဉ်ကာလတစ်ခု၌ ရိုးသားပြီး အလုပ်ကိုတစ်ရက်မှမပျက်ပဲ သုံးနှစ်လောက် ကြိုးစားပြီး မွေးရပ်ဇာတိသို့ အပြီးပြန်သွားခဲ့သော တရုတ်လူမျိုး အစ်ကိုကြီးတစ်ယောက်၏ အကျင့်စရိုက်အလေ့အကျင့်တွေကို လိုရင်းတိုရှင်းတင်ပြလိုက်ခြင်းဖြစ်ပါသည်။
ဒီအကြောင်းအရာနဲ့ ပတ်သက်ဆက်နွယ်လာမည့် အကြောင်းအရာလေးတွေကို ဆက်လက်တင်ပြချင်သေးပါသဖြင့် အပိုင်းဆက်အနေဖြင့် ဆက်လက်ရေးသားခွင့်ပြုပါဟု စာဖတ်သောသူတို့အား တောင်းဆိုလိုက်ပါရစေဗျာ။အပြင်အလုပ်မအားလပ်သည့်ကြားမှ ရေးသားတင်ပြလိုက်ပါတယ်ခင်ဗျာ။