ရောင်နီသည် မှင်စာကလေးအဖြစ်သို့ လွန်ခဲ့သော ခုနစ်ရက်ကမှ ရောက်ခဲ့သည်။ လူကလေးကနေပြီး မှင်စာကလေးဖြစ်လိုက်သည်မှာ အင်မတန် မြန်လွန်းလှ၍ ဘာမှန်းပင် မသိလိုက်ပေ။ သူသည် မှင်စာဖြစ်နေမှန်း ကိုယ့်ကိုယ်ကို သိသော်လည်း ပျော်ရမှာလား၊ ဝမ်းနည်းရမှာလား မစဉ်းစားတတ်။ နဂိုစိတ်အတိုင်းဆိုလျှင်တော့ လူတုန်းကရှိသည့်အတိုင်း ပျော်ရွှင်အပြစ်ကင်းသော ကလေးစိတ်ပင် ရှိသည်ဟု ဆိုရမည်။
မှင်စာမဖြစ်ခင်ကတော့ မှင်စာဆိုသည်မှာ တစ္ဆေအငယ်စားပေတည်းဟု သာမည သိသည်။ မှင်စာသည် တစ်စုံတစ်ယောက်ကို ခုနစ်ပတ်ပတ်လိုက်လျှင် ထိုလူ ကိစ္စချောပါရော ဟူ၍လည်း ကြားဖူးသည်။ မှင်စာသည် ကြောင်နက်ကလေးများပမာဆောင်၍ လူကို ပတ်တတ်သလိုလိုလည်း ကြားဖူးနားဝ ရှိလေရကား ရောင်နီအင်မတန်ချစ်သည့် ကြောင်ကလေး မိစိန်ကိုပင် ည၌ မှောင်မှောင်များတွင် ခြေကို ခေါင်းနှင့် လာလာဝှေ့သည့်အခါ ကြောက်ကြောက်နှင့် ကန်ပစ်တတ်သည်။
မှင်စာဆိုသည်မှာကား အခုထိမသိ။ ရောင်နီသည် မသေခင်က ရောင်နီကလေးအတိုင်းပင် ရှိ၏။ မိမိခေါင်းပေါ်ကို ပြန်စမ်းကြည့်လျှင် နီကြင်ကြင်ရှိ၍ အထွေးလိုက်ခဲသော သျှောင်ထုံးကလေးကို စမ်းမိသည်။ ဆံရစ်ဝိုင်းကလေး ထိုးထိုးထောင်ထောင်ကိုလည်း စမ်းမိသည်။ သျှောင်ထုံးတင်းတင်းထုံးထားသဖြင့် အဖူးအသီးကလေးများ ထနေသော ချာရစ်ဝိုင်းကိုလည်း စမ်းမိသည်။
ထိုအခါ ရောင်နီသည် " အလို ... မှင်စာကလည်း ဒီလိုပါပဲကလား " ဟု အံ့သြမိလေသည်။ စင်စစ်တော့လည်း ရောင်နီသည် ကလေးသေလျှင် မှင်စာဖြစ်သည်ဟု ဆိုရိုးရှိ၍သာ ကိုယ့်ကိုယ်ကို မှင်စာဟု အမည်တပ်လိုက်ရသည်။ ဘာရယ်လို့တော့ မဟုတ်လှ။
သေခါစကဆိုလျှင် ရောင်နီသည် အလောင်းစင်ဘေးမှ မတ်တတ်ရပ်ကာ အံ့သြခြင်းသာ ကြီးစွာဖြစ်သည်။ မသာခုတင်မှာ ဘုန်းကြီးကျောင်းမှ ဟောင်းအိုစုတ်ချာလှသော ဘယ်သူသေစဉ်ကစ၍ လှူထားမှန်းမသိသည့် ပွတ်လုံးပွတ်တိုင် မြိုင်မြိုင်နှင့် ခုတင်ပေတည်း။ ထိုခုတင်ကို မသာအိမ်များမှ ငှားကာ အလောင်းစင်ပြင်သည်ကို ရောင်နီ အသက်ပိုင်းခြား ဆယ့်နှစ်နှစ်သောကာလတွင် မကြာခဏ မြင်ခဲ့လေပြီ။
ခုတင်သည် ဘယ်လောက်ပင် အိုဟောင်းသော်လည်း သေသည်အထိ ဝါးကြမ်းပြင်ပေါ်တွင် ဖျာမခင်းဘဲ အိပ်ခဲ့ရသော ရောင်နီအဖို့ မိမိ၏ မလှုပ်ရှားတော့သောရုပ်ခန္ဓာကို ခုတင်ပေါ် အစန့်သား မြင်ရသည်မှာ ကျေနပ်စရာပင်တည်း။
ခုတင်ကို ချစ်တီးပိတ်စိမ်းပါး အဝါကလေးများ တိုင်လေးတိုင်တွင် ချည်ကာ အလယ်လောက်တွင် ဂုန်နီအိတ်ကြိုးဖြင့် တုပ်၍ထားရကာ ခြင်ထောင်ကလေးလိုလို၊ ပွဲထဲက ကန့်လန့်ကာလေးလိုလို ကြည့်၍လှသည်။ ပိတ်စိမ်းပါး၏ အပေါက်ကျဲများထဲသို့ ရွှေချည် ငွေချည်တပ်သော စက္ကူပန်းရောင်စုံကို ခပ်မြိုင်မြိုင် ထိုးထားပြန်ရာ အတော်စိတ်ကြီးဝင်စရာ ခန့်ညားလှ၏။ ရောင်နီ၏ ရုပ်ကလာပ်အပေါ်ကိုမူ အမေ၏ အလှူတိုင်းကိုသော်မှ ထုတ်၍မတင်သည့် အလျားလေးတောင်ရှည်သည့် ပွင့်ရိုက်ဆပ်တွန့်ပုဝါကို ခြုံလွှမ်းထားသည်။
ရောင်နီသည် သေခါစ၌မူကား အလောင်းစင်ဘေးမှ ရပ်ကာ ငိုယိုနေကြသူများကို နားမလည်နိုင်ဘဲ ကြည့်၍နေသည်။ အမေသည် အပူပင်ဆုံးဖြစ်လေ၏။ မျက်လုံးများမှာ နီရဲအစ်မို့ကာ တစ်မျက်နှာလုံး ရောင်နေတော့သည်။ " အမယ်လေး ဖြစ်မှဖြစ်ရတယ် ရောင်နီကလေးရဲ့" ဟု တတွတ်တွတ် ရွတ်သည်။ ဖွဲ့ဖွဲ့နွဲ့နွဲ့တော့ ဘာမှ မပြောတတ်ရှာ။
တစ်ညဥ့်တွင်မူကား အမေသည် တစ်ရေးပင် မအိပ်တော့ဘဲ အလောင်းစင်နားထိုင်ကာ ကြည့်နေသည်။ နှလုံးမခုန်တော့သော ရောင်နီ၏ရင်ဘတ်ကိုသပ်ကာ သျှောင်ထုံးပြင်ထုံးပေးသည်။ မဝနိုင်သော ကြည့်ခြင်းဖြင့် " အမယ်လေး ... ပစ်လိုက်ရတော့မှာပါကလားနော် " ဟု ကြိတ်မနိုင်ခဲမရ ပြောကာ မျက်ရည်ပေါက်ကြီးများ စီး၍ကျသည်။
ထိုအခါ၌ ရောင်နီသည် ရောကာ ငိုလိုက်မိလေတော့သည်။ သို့သော်လည်း သူသည် ဘာမှနားလည်လှသည် မဟုတ်သေး၍ ခါတိုင်းလိုပင် အိပ်နေကျ အိမ်ရှေ့ဝါးကြမ်းပြင်ပေါ် သွားကာ အိပ်ပစ်လိုက်သည်။
ရောင်နီ၏ ရုပ်ကလာပ်သည် အလောင်းစင်ပေါ်တွင် သုံးရက်မျှ လျောင်းရသည်။ ထို့နောက် ငွေစက္ကူပြားကလေးများ ဖွေးနေအောင်ကပ်ထားသော ခေါင်းထဲ၌ နေရသည်။ ခေါင်းကလေးမှာ လှလှပပဖြစ်သော်လည်း အလောင်းပေါ်သို့ မီးသွေးမှုန့်များ လောင်းထည့်ကာ အဖုံးပိတ်၍ သံရိုက်လိုက်သောအခါတွင်မူ မှင်စာကလေးအဖို့ အလွတ်ကြီးပင်ဖြစ်သော်လည်း ကြားထဲကဝင်၍ အသက်ရှူရခက်လိုက်သေးသည်။
အမေသည် အတော်ငိုသည်။ " ဟဲ့ ... မိုက်ဦးဟဲ့၊ ဟဲ့ ... ဆော့ဦးဟဲ့ ငရောင်နီရဲ့ " ဟု ငိုသည်။ ပထမတော့ ရောင်နီ နားမလည်ချေ။
မသာအိမ် လာကြသူများကို အမေက ပြောပြသည်။
" ဒီလောက်ဆော့တဲ့ကလေးနော်၊ သေအောင်ဆော့တဲ့ကလေး၊ ဘယ်လောက်ဆော့သလဲဆိုရင် မြွေပခြုပ်ကို လက်ထိုးထည့်သတဲ့တော်၊ ကြားဖူးကြရဲ့လား၊ ဒီကလေးမှ မသေရင် ဘယ်ကလေး သေဦးမလဲ"
ထို့နောက် အမေသည် ဘယ်လူကိုမျှ အဖက်မလုပ်တော့ဘဲ ထဘီအထက်ဆင်နှင့် မျက်နှာကိုအုပ်ကာ ငုတ်တုတ် ဆောင့်ကြောင့်ထိုင်ပြီး အသံထွက်၍ ငိုသည်။
သည်တော့မှ ရောင်နီ သတိရသည်။ မှင်စာဖြစ်သည့်ညနေက သူသည် ရွာဦးဆုတောင်းပြည့်ဘုရားနားက ကွင်းပြင်၌ တခြားသောကလေးများနှင့် စုရုံးလျက်ရှိသည်။ မြွေအလမ္ပါယ်ဆရာလင်မယားသည် ပခြုပ်ကြီးများကိုယ်စီရွက်ကာ နေရာရွေးလျက်ရှိသည်။ ယောက်ျားမှာ ထိုးကွင်းမင်ကြောင်များကိုဖော်ကာ တင်ပါးဆုံနှစ်လုံးစလုံးပေါ်သည်အထိ ခါးတောင်းမြှောင်မြှောင် ကျိုက်လျက်နေသည်။ မိန်းမကတော့ ထ/ဘီကို ရှန်သားရင်ဖုံးအင်္ကျီအပေါ်မှထပ်၍ ရင်ရှားဝတ်သည်။ " အောက်လမ်းဆရာတွေထဲမတော့ ဘယ်သူ့မှ ဗိုလ်မထားဘူးကွနော် " ဟု လင်မယားနှစ်ယောက်သည် တစ်လှည့်စီပင် တစ်ကြိမ်းတည်းကြိမ်းလျက် နေကြလေသည်။
ကလေးများ စု၍ပြီးသော် လူကြီးများ ရောက်လာကြသည်။ ပထမဆုံးရောက်လာသူများမှာ ရွာထဲ၌ အလုပ်လုပ်မစားသော ဘိန်းစားကိုညိုကြီး၊ လူမိုက်ထွန်းမြင့် စသော သူများပေတည်း။ ထိုနောက်ကား အလမ္ပါယ်လင်မယား၏ ရမ်းရမ်းကားကား ကစားပြပုံကြောင့် လူအုပ် ကြီးမားလာသည်။
MSC 002
Author @TinMyoAung