အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေလို့ ဆုတောင်းရင်း...ဒီတစ်ပတ်တော့ ပုံပြင်လေးတစ်ပုဒ်ကို မိမိစိတ်ကူးနဲ့ပြန်လည် ပုံဖော်ရေးသားမျှဝေလိုက်ရပါတယ်ခင်ဗျာ...
တစ်ခါက ကျီးကန်းတစ်ကောင် ရှိတယ်...
သူက သူ့ကိုယ်သူ လောကမှာ ငါဟာအပျော်ဆုံးငှက်တစ်ကောင်ပဲ ဆိုပြီး သာယာနေတယ်...
တစ်နေ့တော့ သူဗျိုင်းတစ်ကောင်ကိုတွေ့တယ်...
သူ့တစ်ကိုလုံးကဖြူဖွေးနေတာပဲ...ငါကတော့ မည်းနက်နေတာ...သူဟာလောကမှာအပျော်ဆုံးငှက်ဖြစ်မယ်လို့ တွေးမိတယ်။ဒီလိုနဲ့ ကိုဗျိုင်းကိုသွားမေးတယ်။"ကိုဗျိုင်းရာ ခင်ဗျားအရောင်က ဖြူဖွေးနေတာပဲ လှလိုက်တာ ဧကန္တ ခင်ဗျားဟာ လောကမှာ အပျော်ဆုံးငှက် ဖြစ်လိမ့်မယ်မှတ်လား...
ဒီတော့ ဗျိုင်းကပြန်ပြောတယ်...ကျွန်တော်လည်း အစက ခင်ဗျားပြောသလို ထင်ခဲ့တာ ကြက်တူရွေးနဲ့ မတွေ့ခင်အထိပဲဗျာ...
ကျွန်တော်ကသာ အရောင်တစ်ခုတည်းရှိတာဗျ...
ကြက်တူရွေးငှက်က အရောင်နှစ်မျိုးနဲ့ လှလိုက်တာဗျာ...
ဒီလိုနဲ့ ကျီးကန်းလည်း ကြက်တူရွေးဆီသွားပါတယ်...
ခင်ဗျားက အရောင်နှစ်မျိုးနဲ့ သိပ်လှတယ်ဗျာ...ခင်ဗျားက ကမ္ဘာပေါ်မှာ အပျော်ဆုံးပဲ မှတ်လား...
ကြက်တူရွေးက "ဟား ကျွန်တော်က အရောင်နှစ်မျိုးတည်းရှိတာ ဘာဟုတ်သေးလဲဗျာ...ဒေါင်းမှာဆိုအရောင်တွေအများကြီးနဲ့ဗျ ခင်ဗျားသူ့ကို သွားမေးပါလားလို့"ဖြေလိုက်တယ်...
ဒီလိုနဲ့ ကျီးကန်းလည်း ဒေါင်းကိုလိုက်ရှာရင်း တိရိစ္ဆာန်ရုံတစ်ခုထဲမှာ လူတွေအများကြီးဝိုင်းကြည့်နေတဲ့ ဒေါင်းကိုတွေ့လိုက်တယ်။အား...ပါး...လှလိုက်တာ သေချာပေါက် အပျော်ဆုံးငှက်ဖြစ်မယ်လို့ တွေးလိုက်တယ်...ဒီလိုနဲ့ တိရိစ္ဆာန်ရုံပိတ်ချိန်ထိစောင့်နေပြီး ညနေလူရှင်းတော့ ဒေါင်းကို သွားပြောတယ်...
ကိုဒေါင်း ခင်ဗျားဒီလောက်လှတာ ခင်ဗျားက လောကမှာ အပျော်ဆုံးငှက်ပဲဗျာ...လူတွေက ခင်ဗျားရဲ့ အလှကို ဒီလိုတကူးတက လာကြည့်ရတယ်...ကျုပ်ကိုမြင်ရင်ဖြင့် မောင်းလွှတ်တာပဲဗျို့...တခါတလေ ခဲနဲ့တောင်ပေါက်လို့ မနည်းရှောင်ရတယ်ဗျာလို့ပြောတယ်...
ဒီအချိန်မှာ ဒေါင်းက "အင်းဗျာ ကျွန်တော်က အလှဆုံးငှက်ဆိုတာတော့ မှန်ပါရဲ့..ကျွန်တော့ရဲ့အလှတရားကြောင့် ကျွန်တော်ဟာ လှောင်အိမ်ထဲချုပ်နှောင်ခံထားရတယ်...ဒီမှာ မိတ်ဆွေကျီး ကျွန်တော် တိရိစ္ဆာန်ရုံတစ်ခုလုံး သေချာစူးစမ်းပြီးပြီ လှောင်အိမ်ထဲထည့်ထားမခံရတာဆိုလို့ ကျီးကန်းပဲ ရှိတယ်...ကျွန်တော် တခါတလေ တွေးမိတယ်...လောကမှာ အပျော်ဆုံးငှက်ဟာ ကျီးကန်းပဲဖြစ်မယ်လို့ပေါ့...လွတ်လွတ်လပ်လပ်ပျံသန်းနေတဲ့ ကျီးကန်းတွေမြင်ရင် ကျွန်တော်အရမ်းအားကျမိတယ်လို့ ပြန်ပြောလိုက်လေသတည်း။
ဤပုံပြင်လေးကို ကြည့်ခြင်းအားဖြင့် ကျွန်တော်တို့ လူတွေမှာလည်း မိမိဘဝမှာကြုံတွေ့လာတဲ့ ပြဿနာတွေ အခက်အခဲတွေကို မကျေမနပ်ဖြစ်ခါ သူများဘဝတွေကို အားကျနေမိတတ်ကြပါတယ်။အမှန်တကယ် လောကသဘာဝထဲမှာ နေထိုင်ကြတဲ့ ဆင်းရဲ ချမ်းသာ မည်သူမဆို လောကဓံတရားတွေနဲ့ ရင်ဆိုင်ကြရမှာပါ။ဒါ့ကြောင့် ဆင်းရဲတဲ့ သူလည်း အခက်အခဲတွေ ပြဿနာတွေနဲ့ တွေ့ကြုံနေရသလို ချမ်းသာတဲ့ သူလည်း သူပုံစံနဲ့ သူ အခက်အခဲတွေ ပြဿနာတွေကို ကြုံတွေ့ ဖြေရှင်းနေကြရမှာမလွဲပါ။မိမိကျတော့ ဆင်းရဲပြီး သူကတော့ ချမ်းသာနေတာပဲ ဆိုတဲ့ အထင်မျိုးမထင်လိုက်ပါနဲ့ သူ့မှာလည်း မိမိနဲ့ ပုံစံသာကွာချင်ကွာမယ် စိတ်ဆင်းရဲသောကရောက်စရာတွေ အခက်အခဲ ပြဿနာတွေ ရှိနေမှာပါ။
ဒီလိုမိမိဘဝကို မကျေမနပ်ဖြစ်ပြီး သူများဘဝတွေကိုအားကျနေမိတဲ့အခါ... အားကျနေရုံနဲ့တင် ရပ်မနေပဲ မိမိဘဝအတွက် ဗဟုသုတတွေ ရှာဖွေရင်း ကောင်းမွန်သော... မိမိစိတ်တိုင်းကျသောဘဝရရှိလာအောင် ရည်မှန်းချက်ထားပြီး မိမိကိုယ်တိုင် ဖန်တီးကြိုးစားလုပ်ဆောင်ကြရမှာဖြစ်ကြောင်း...မိမိရရှိထားသောဘဝကို မိမိကျေနပ်နိုင်အောင် မိမိကိုယ်မိမိ ယုံကြည်ချက်ရှိရှိဖြင့် ကြိုးစားရမည်ဖြစ်ကြောင်း... အလုံးစုံပြည့်စုံသည်ဟူ၍မရှိပါကြောင်း...
မိမိဘဝကို မိမိကျေနပ်မှသာ လောကမှာ အပျော်ဆုံးလူသားဖြစ်မည် ဖြစ်ပါကြောင်း
ကိုယ်ပိုင် ဝေဖန် ရေသားတင်ပြလိုက်ရပါတော့သည်။
စတီးမစ် မိသားစုများအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်သောဘဝများပိုင်ဆိုင်ကြပါစေလို့
ဆုမွန်ကောင်းတောင်းလျက်
MSC-211
photos from facebook & google