အားလုံးပဲ မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့ နုတ်ခွန်းဆက်သရင်း...ဒီနေ့တော့ ကျွန်တော်ဖတ်ထားမိတဲ့ စာစုလေးတစ်ခု သတိရတာနဲ့ပြန်တင်ပေးလိုက်ပါတယ်ခင်ဗျာ။
Crd-org-source
တစ်ခါက သူတောင်းစားတစ်ယောက်ဟာ ဗိုက်ဆာနေ၍ ဘုန်းကြီးကျောင်းတွေ့သောအခါ မနက်ကတည်းက ဘာမျှမစားရသေးသဖြင့် ဘုန်းကြီးကျောင်းပေါ်သို့ တက်သွားလေသည်။ကျောင်းပေါ်၌ ဆရာတော်တစ်ပါးတွေ့သောအခါ ဦးချပြီး အရှင်ဘုရား တပည့်တော် ဗိုက်ဆာနေပါ၍ ဆွမ်းကျန်..ဟင်းကျန်လေးများရှိရင် တပည့်တော်ကို စွန့်ကျဲပေးသနားပါဘုရားဟု လျှောက်တင်လိုက်လေသည်။ထိုအခါ ဆရာတော်မှ ဟဲ့ဒကာသူတောင်းစား ငါ့မှာကိစ္စတွေများတယ်။အခုလည်းဆွမ်းစားချိန်နီးပြီ ငါမအားသေးဘူး ဆွမ်းကျန်လည်းမရှိသေးဘူး ကျောင်းပေါ်ကဆင်းတော့လို့ မိန့်လိုက်ပါတယ်။ထိုအခါ သူတောင်းစားက တပည့်တော် ကျောင်းပေါ်ကဆင်းပါမည်။တပည့်တော်မဆင်းခင် စကားလေးတစ်ခွန်းတော့ ပြောခွင့်ပြုပါဘုရား။အေးအေး ပြောပြီးဆင်းတော့ဟု ထပ်မံမိန့်ကြားတာနဲ့ သူတောင်းစားက
***ခုကောင်းတာဟာ - အရင်ကကောင်းခဲ့လို့ပါ...
ခုကောင်းရင်တော့ - နောင်ကောင်းပါလိမ့်မည်။
***ခုမကောင်းတာဟာ - အရင်က မကောင်းခဲ့လို့ပါ...
ခုမကောင်းရင်တော့ - နောင်မကောင်းပါလိမ့်မည်။
ဤသို့ပြောပြီးသောအခါ ဆရာတော်မှ ဟဲ့ကိုရင်လေး အဲဒီစားပွဲပေါ်က သပိတ်ထဲကဆွမ်း တစ်ယောက်စာလောက်ခွဲပြီး ဒီ ဒကာအား စွန့်လိုက်ပါဟုပြောခဲ့လေတော့သတည်း။
ဒီစာစုလေးကို ဖတ်ပြီး ကျွန်တော်တို့အားလုံးသည်လည်း မိမိတို့၏စားဝတ်နေရေးအတွက် နေ့စဉ်နဲ့အမျှ ကြိုးစားရှာဖွေရင်း များပြားလှတဲ့ကိစ္စရပ်တွေနဲ့ လှုပ်ရှားရုန်းကန်ဆောင်ရွက်နေကြရပါတယ်။ဒီလိုကြိုးစားဆောင်ရွက်ကြရင်း တခါတရံမှာ ဒီစာစုလိုအခြေအနေမျိုး ဒါမှမဟုတ် အလားတူအခြေအနေမျိုးလေးတွေ ကြုံလာတတ်ပါတယ်။အဲဒီအခါ မိမိမအားလို့ မိမိကိစ္စတွေများလို့ဆိုတဲ့ အခြေအနေမျိုးနဲ့ အမှတ်တမဲ့ သတိလက်လွတ် ဖြစ်သွားနိုင်ပါသဖြင့် ဂရုတစိုက်သတိထားပြီး ကုသိုလ်လေးပါတွဲပြီးလုပ်ဆောင်ရမယ်လို့ မှတ်ယူရပါမယ်။နောက်ပြီး အတိတ် ပစ္စုပ္ပန် အနာဂတ် ဒီအချိန်သုံးခုလုံးအတွက် ပစ္စုပ္ပန်လက်ရှိအချိန်ကို မီးမောင်းထိုးပြပြီး လက်ရှိအချိန်ကို ကုသိုလ်ကောင်းမှုများပါတွဲလုပ်၍ ကောင်းမွန်စွာနေထိုင်ရမည်ဖြစ်ပေသည်။
Crd-org-source
ထို့ကြောင့် ကျွန်တော်တို့အားလုံး လက်ရှိအချိန်အား အမှတ်တမဲ့မဖြစ်စေပဲ သတိလေးနဲ့ ကုသိုလ်ကောင်းမှုများပါ ပူးတွဲလုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်း...
သို့မှသာ ကောင်းမွန်တဲ့အနာဂတ်လေးတွေ ရရှိလာကြမှာဖြစ်ပါကြောင်း... တိုက်တွန်းရေးသားလိုက်ရပါတော့သည်။
မြန်မာစတီးမစ်မိသားစုအားလုံး ကျန်းမာ ချမ်းသာ ပျော်ရွှင်ကြပါစေလို့...
ဆုမွန်ကောင်းတောင်းလျက်
MSC-211