တစ်ခါတုန်းက သင်္ဘောသားတစ်စုက ကုန်သွယ်ဖို့အတွက် ကုန်စည်ပစ္စည်းများနဲ့အတူ ပင်လယ်ပြင်ကို ဖြတ်သန်းလာခဲ့ကြတယ်။
သဘောင်္သားတစ်ယောက်က သူ့ရဲ့ အိမ်မွေးမျောက်ကလေးကိုပါ ဒီခရီးမှာ ခေါ်လာခဲ့တယ်။
အတော်အတန်ကြာ ခရီးပေါက်လာခဲ့အပြီးမှာတော့ သူတို့ဟာ ကံဆိုးစွာပဲ ကြောက်မက်ဖွယ်အင်အားပြင်းမုန်တိုင်းကြီးနဲ့ ရင်ဆိုင်ခဲ့ရတယ်။
သူတို့ရဲ့သင်္ဘောကြီးက မှောက်သွားခဲ့ပြီး သဘောင်္သားတွေက ကိုယ်စီ အသက်ရှင်နိုင်ဖို့ ရုန်းကန်ကူးခတ်နေကြရတယ်။
သဘောင်္သားတွေက ကိုယ့်ကိုယ်ကို အသက်ဘေးကလွတ်အောင် ရရာစည်ပိုင်းကို လုတက်နေကြရတယ်။
တစ်ချို့တွေလည်း ပင်လယ်ရေအောက်အထိ ထိုးကျသွားပြီး အသက်သေဆုံးသွားခဲ့ကြတယ်။
ဒီအချိန်မှာ သေချာပေါက် ဘယ်သူမှ မျောက်တစ်ကောင်အတွက် ထည့်တွေးမပေးနိုင်ဘူးပေါ့။
မျောက်လေးက သူ့ကိုယ်သူရေနစ်သေတော့မယ်လို့ပဲ ထင်နေခဲ့တယ်။
အဲ့ဒီအချိန် ရုတ်တရက် လင်းပိုင်တစ်ကောင်က ပေါ်လာပြီး မျောက်လေးကို ကျောပေါ်တင် ကယ်လာခဲ့တယ်။
အနီးဆုံး ကျွန်းစပ်နားရောက်တော့ _
"ကိုရွှေမျောက် ဒီမှာခဏနားကြရအောင် ပြီးမှ အဆွေ့အတွက် အဆင်ပြေနိုင်မဲ့နေရာ ကျွန်ုပ်ဆက်ပို့ဆောင်ပေးပါ့မယ်၊ ဒါနဲ့ ဒီနေရာကို အဆွေသိသလား"လို့ လင်းပိုင်လေးက ပြောတယ်။
မျောက်လေးက _
"ရပါတယ် အေးအေးဆေးဆေးပါပဲအဆွေ ... ဒီကျွန်းကို ကျွန်ုပ်သိပ်သိတာပေါ့၊ ဒီကျွန်းရဲ့ဘုရင်က ကျွန်ုပ်မိတ်ဆွေပဲလေ၊ အရမ်းရင်းနှီးကြတာ၊ ကျွန်ုပ်ကိုယ်တိုင်လည်း မင်းသားတစ်ပါးဖြစ်ပါတယ်" လို့ ပြန်ပြောတယ်။
မျောက်လေးရဲ့စကားကိုကြားပြီးနောက် လင်းပိုင်လေးက အမြင်ကတ်သွားခဲ့တယ်။
ဒီကျွန်းမှာ ဘယ်သူမှမရှိတာ သူသိနေတာကိုး။
မျောက်လေးကိုသနားစိတ်ပျောက်သွားတဲ့ လင်းပိုင်လေးက _
"အော် ... ဟုတ်လား ... ဒါဆို အဆွေ အခု ဘုရင် လုပ်လို့ရပြီ"လို့ ပြန်ပြောတယ်။
နားမလည်နိုင်ဖြစ်သွားတဲ့ မျောက်လေးက _
"ဘာလို့လဲ အဆွေ" လို့ ပြန်မေးတယ်။
"ဘာလို့ဆို အဲ့ဒီကျွန်းမှာ သက်ရှိဆိုလို့ အဆွေတစ်ယောက်ပဲ ရှိတာမို့ အဆွေပဲ ဘုရင်ဖြစ်စရာရှိလို့ဗျို့!" လို့ပြောပြီး မျောက်လေးကို ထားခဲ့ကာ ပြင်လယ်ပြင်ဘက် ပြန်ထွက်သွားပါတော့တယ်။
ကြွားဝါလိမ်ညာတတ်တဲ့သူတွေဟာ နောက်ဆုံးမှာ အခက်အခဲ ဒုက္ခတွေနဲ့ပဲ ရင်ဆိုင်ကြုံတွေ့ရတတ်ပါတယ်။
မျောက်ကလေးကို သင်ခန်းစာယူပြီး လိမ်ညာကြွားဝါခြင်းတွေ ကင်းကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ...
ချစ်ခြင်းများစွာဖြင့် ...
Yadanar Poekyuu