ပရိတ်တော်ရွတ်ဖတ်နာကြားရခြင်း အကျိုး
https://pixabay.com/en/buddah-thailand-golden-triangle-buddah-b-173621/
နှင်းရေ...အမြန်လုပ်ဟေ့ ဘုန်းကြီးက ညနေ၆နာရီကြွမှာတဲ့နော်´´အင်းပါကိုကလည်း ဆံထုံး ထုံးပြီးရင်ပြီးပါပြီ´´
အေးပါတော်ကြာကိုယ်တွေက နောက်ကျ နေရင်ကိုယ့်အောက်ကငယ်သားတွေ ပြောစရာဖြစ်မယ်လေ အဲ့တာကြောင့် ကိုကလောနေရတာ´´ပြီးတော့ ဒီနေ့က ကိုတို့တပ်ခွဲက ဘုန်းကြီးနဲ့ တရားနာပရိတ်သတ်ကို အအေးကုသိုလ်လုပ်မှာဆိုတော့ လိုအပ်တာ သွားစီစဉ်ရအုံးမယ်လေ´´
ပြောပြောဆိုဆိုနဲ့နာရီကိုကြည့်တော့ ညနေ၅နာရီ၁၀မိနစ်ရှိပြီ။ဒီနေ့က မြန်မာနှစ်ဆန်း တစ်ရက်ဆိုတော့ ဗုဒ္ဓဘာသာတို့ ထုံးတမ်းစဉ်လာအတိုင်း ကွီးဇင်တို့တပ်ထဲမှာလည်း ဘေးအန္တရာယ်တွေကင်းဝေးအောင် ပရိတ်တရားတော်ရွတ်ဖတ်ကြသည်။မနက်ပိုင်းကတော့ ကွီးဇင်တို့လင်မယားနှစ်ယောက်တောင်ငူမြို့ ကျက်သရေဆောင် ရွှေဆံတော် စေတီတော်မြတ်ကြီးကိုသွားရောက်ဖူးမြော်ကြသေးသည်။ဘုရားလဲဖူး၊မဟေသီက ဝါသနာအတိုင်း selfieလဲဆွဲပေါ့။
ပြီးပြီ..ကိုရေ တကတည်း လောလော၊လောလောနဲ့ ´´ ယောဂီဝတ်စုံနဲ့ ရင်အေးဖွယ်လှနေသော ချစ်ဇနီးလေးကပြောပြာဆိုဆိုနဲ့ အိမ်ခန်းထဲမှ ထွက်လာသည်။ကဲပြီးပြီဆိုရင်လည်း သွားကြစို့၊ ဒါနဲ့ ပရိတ်ရေလုပ်ဖို့ သောက်ရေသန့်ဗူးဝယ်ထားတာကော´´
``ဒီမှာပါရှင်..အားလုံးအဆင်သင့်ပါပဲ၊ ပရိတ်ပန်းရော၊အပ်ခြည်လုံးရော၊ဆန်ရော´´
အိမ်တံခါးသော့ခတ်ပြီးနောက်လင်မယားနှစ်ယောက် ပရိတ်တရားနာမည့် တပ်ရင်းလမ်းဆုံသို့လမ်းလျောက်လာခဲ့ကြသည်။ကွီးဇင်ကတော့ ပရိတ်ဆန်ထည့်ထားတဲ့ဘန်းရယ်၊ရေသန့်ဗူးကိုင်လို့ပေါ့၊ချစ်ဇနီးကတော့ ပရိတ်အိုးလေးကိုင်လို့။
ကို´ ဗျာ´
ဟိုဟာလေ..မေးစရာရှိလို့´´အော်မေးစရာရှိတာများ စကားပလ္လင်ခံနေသေးတယ်၊ကိုယ့်အချင်းချင်းတွေကို မေးမေးဘာများလဲ´´
``ဟိုးအရင်တုန်းက ပရိတ်ရွတ်ရင် ရေပွက်တယ်၊ဆူတယ်လို့ကြားဖူးတယ်၊ခုခေတ်ကြတော့ ဘာလို့အဲ့လိုမျိုးမဖြစ်တော့တာလဲဟင်´´
အော်..ဒါကဒီလိုရှိတယ်နှင်းရဲ့၊ဟိုးအရင်က လူတွေက ကိုယ်ကျင့်သီလနဲ့ပြည့်စုံကြ တယ်လေ၊ဘုရင်မင်းမြတ်တွေဆို နဂါးမင်းကိုတောင်ကြိမ်စင်္ကြာနဲ့ရိုက်ခေါ်နို်င်လောက်အောင် စွမ်းကြသကိုး၊ခုခေတ်မှာ လူတွေက ကိုယ်ကျင့်သီလ သစ္စာတရားတွေနဲပါးကုန်ကြတာကြောင့်လေ၊နောက်ပြီး ပရိတ်တရားတော် အစွမ်းထက်ဖို့ဆိုတာ ရွတ်ဖတ်တဲ့ ပုဂ္ဂိုလ်ရယ်၊နာကြားတဲ့လူပုဂ္ဂိုလ်ရယ်မှာညီညွှတ်ရမယ့် အင်္ဂါရပ်တွေလည်းရှိ တယ်နှင်းရဲ့´´အော်အဲ့လိုလား..စောနက ကိုပြောတဲ့ ညီညွှတ်ရမယ့်အင်္ဂါရပ်တွေဆိုတာ ဘာတွေလည်းဟင်´´
အဲ့တာတွေမပြောပြခင် ပရိတ်တော်အကြောင်းအရင်ပြောပြမယ်´´ဟုတ်´´
ချစ်ဇနီးလေးကတော့စိတ်ဝင်တစား နဲ့အာရုံစိုက်နားထောင်နေလေသည်။ကွီးဇင်တို့အိမ်နဲ့ တပ်ရင်းလမ်းဆုံအနဲငယ်လှမ်းသောကြောင့် စကားတပြောပြောနဲ့လမ်းလျှောက်လာကြခြင်းဖြစ်သည်။
အကိုကြီးတို့လင်မယားစကားတပြောပြောနဲ့ ဘာတွေပြောလာကြတာတုန်း´´ ဗိုလ်ကြီးဇော်ဇော်ဦးတို့အိမ်ရှေ့အရောက် သူတို့လင်မယားကလည်း ပရိတ်တရားနာသွားရန်ထွက်အလာခိုက်ဆုံသဖြင့် လှမ်းမေးလိုက်ခြင်းဖြစ်သည်။ဒီလိုညီလေးရ မင်းအမက ပရိတ်တော်အကြောင်းမေးနေလို့ အကိုလဲ သိသလောက်တတ်သလောက်ပြောပြနေတာ´´
``ဟုတ်လား ဆက်ပါအုံး ဗိုလ်ကြီးရဲ့ ညီမတို့လည်း သိရတာပေါ့´´
ဗိုလ်ကြီးဇော်ဇော်ဦး အမျိုးသမီးကပါ စိတ်ဝင်တစား စကားဝင်ထောက်သဖြင့် ကွီးဇင်လည်း စကားဆက်ရတော့၏။
`` ပြောရမယ်ဆိုရင်တော့ ပရိတ်တော်ကို ဟိုး မြတ်စွာဘုရားရှင်လက်ထပ် ဝေသာလီပြည်မှာ ရောဂါကပ်ဆိုး၊ဘေးဥ ပါဒ်အန္တရာယ်ကြရောက်တဲ့အချိန်မှာ ပရိတ်တော် ရွတ်ဖတ်ပူဇော်မှုကြောင့် ဘေအန္တရာယ်ကပ်ရောဂါဆိုးတွေကင်းစင်ပြီး ဝေသာလီပြည်ကြီးဟာပြန်လည် စည်ပင်သာယာ ဝပြောလာတယ်တဲ့´´
အော်..ဟုတ်ကဲ့´´ ဗိုလ်ကြီးဇော်ဇော်ဦးအမျိုးသမီးက စကားဝင်ထောက်သည်။စိတ်ဝင်စားစရာကောင်းနေပြီ ဆက်ပါအုံးကိုရဲ့´´
ပရိတ်တော်ဆိုတာက ဘေးအန္တရယ်ကင်းကြောင်းဖြစ်စေတဲ့ ဘုရားရှင်ဟောကြားတော်မူတဲ့တရားစကားတွေ၊ ရဟန္တာ အရှင်သူမြတ်တို့ရဲ့ သစ္စာဆိုသောစကားတွေ၊နတ်မင်းကြီးတွေသီကုံးရွတ်ဆိုတဲ့ ဂါထာစကားတွေ၊ပညာရှိတို့ သီကုံးတဲ့ဂါထာတွေ အစရှိသည်တို့ကို ပရိတ် လို့ခေါ်တယ်၊ပရိတ်ဆိုတာက ပရိတ္တဆိုတဲ့ ပါဠိကနေဆင်းသက်လာတယ်နှင်းရဲ့၊မြန်မာလိုပြန်မယ်ဆိုရင်တော့ အရံအတား ပေါ့၊ပရိတ္တ ဆိုတဲ့ သဒ္ဒါ ဟာ ထက်ဝန်းကျင်အရပ်ဆယ်မျက်နှာကနေ ကျရောက်လာတတ်သောဘေးအန္တရာယ် အသွယ်သွယ်ကို တားဆီးကာကွယ်စောင့်ရှောက်တတ်တဲ့အတွက် ပရိတ်လို့ခေါ်တယ်၊ နောက်ပြီး ပရိတ်တရားဟာ စကြဝဠာ ကုဋေ တစ်သိန်းတိုင်အောင် တန်ခိုးအာဏာပျံနှံ့နိုင်တယ်လို့ ဆရာတော်ကြီးတွေကဟောခဲ့ကြတယ်၊ဒါကြောင့် မြတ်စွာဘုရားရှင်ရဲ့ ပိဋကတ်ဒေသနာတော်တွေဟာအလွန်မွန်မြတ်တန်ဖိုးရှိတဲ့အတွက် သဒ္ဒါတရားအပြည့်နဲ့ ရွတ်ဖတ်ပူဇော်မယ်ဆိုလျင် အကျိုးမများနိုင်ပေဘူးလား´´အင်းနော်ကို.. တကယ် ယုံယုံကြည်ကြည်နဲ့ရွတ်ဖတ်မယ်ဆို တကယ်အကျိုးထူးမှာပေါ့နော်´´
``ဒါပေါ့ နှင်းရဲ့..ကဲ တရားနာမယ့်နေရာ လည်းရောက်ပြီ၊ပရိတ်အိုးတွေနေရာချလိုက်အုံး၊ပြီးမှ စကားဆက်တာပေါ့´´
ကွီးဇင်လည်းတရားနာမည့် နေရာတွင်ကျကျနနထိုင်လိုက်သည်။တချို့စစ်သည်၊ရဲမေတွေလည်းရောက်နှင့်ပြီး တချို့ကတော့ လာနေဆဲဖြစ်သည်။ကွီးဇင်ရဲ့မဟေသီလည်း ပရိတ်အိုးနေရာချပြီး အနားလာထိုင်ကာ
ကို ဆက်ပြောအုံးလေ´´ပရိတ်သတ်ကအားပေးနေမှတော့လည်းဆက်ပြောရတာပေါ့ကွာ´´
``ဘာတွေများလည်းဗိုလ်ကြီးရဲ့´´
နောက်နားက ရဲမေတစ်ယောက်ကလှမ်းမေးသဖြင့်
ဒီလိုလေ ကျနော့မိန်းမက ပရိတ်တော်အကြောင်းမေးလို့ သိသလောက်လေးပြောပြနေတာပါဗျာ´´ အော်..ကျမတို့လည်း သိရတာပေါ့ ပြောလေဗိုလ်ကြီးရဲ့၊ ပရိတ်တော်ရဲ့အကျိုးကျေးဇူးကိုသိတော့ တရားနာတဲ့အချိန် ပိုအကျိုးထူးတာပေါ့ ´´
``ကောင်းပါပြီဗျာ ဒါဖြင့် စောနက စကားပြန်ဆက်မယ်၊ပရိတ်တော်ရွတ်ဖတ်တဲ့ အချိန်မှာပါရမီဆယ်ပါး ဖြစ်တည်တယ်ဗျ၊အဲ့တာတွေက တစ်- မိမိကိုယ်ပိုင်ပစ္စည်းကို သူတစ်ပါးအားပေးကမ်းခြင်းဆိုတဲ့ ဒါနပါရမီ၊ဥပမာ ပရိတ်ရွတ်ဖတ်ကာနီးအချိန်တိုင်းမှာ နတ်ဒေဝါတွေနဲ့ နာကြားသူတွေကို ပင့်ဖိတ်ပြီးနာကြားစေတာ ဒါနပါရမီပေါ့၊နှစ်-စောင့်ထိန်းအပ်သော အကျင့်သီလဖြစ်တဲ့ သီလပါရမီ၊ဥပမာ ပရိတ်တော်မရွတ်ဖတ်မှီ ငါးပါးသီလစောင့်တည်ကြရတာဟာ သီလပါရမီပေါ့။နံပါတ်သုံးအချက်က မိမိစည်းစိမ်ကိုစွန့်၍ တောထွက်ခြင်းကဲ့သို့သော နိက္ခမ္မပါရမီ၊ပရိတ်တော်ရွတ်ဖတ်နေစဉ်မှာ ကာမဂုဏ်စွဲလန်းခြင်း ကင်းမဲ့နေတာကြောင့် နိက္ခမ္မ ပါရမီဖြစ်တည်တယ်တဲ့´´
ကွီးဇင်လည်းအာဂေါင်အနဲငယ်ခြောက်လာသဖြင့် အိမ်ကထည့်ယူလာသောရေဗူးသေးသေးလေးထဲမှ ရေအနဲငယ်မော့သောက် လိုက်သည်။ဘေးမှာလူကတဖြေးဖြေးများလာတာ ခုမှ သတိထားမိသည်။အားလုံးက ကျနော်ဘာဆက်ပြောမလဲ သိချင်စိတ်ဖြင့် ဝိုင်းကြည့်နေကြသဖြင့် အဟမ်းဟု လည်ချောင်းရှင်း၍ စကားပြန်ဆက်ရသည်။
ဆက်ရန်......