သံယောဇဉ် ငွေကြေးဥစ္စာ ရာထူး ဂုဏ်သိက္ခာ စသဖြင့်ကိုယ်တန်ဖိုးထားတဲ့ အဆုံးရှုံးမခံနိုင်တဲ့အရာတွေအတွက် ဆုံးရှုံးမှာကြောက်တဲ့စိတ်နဲ့ဆုပ်ကိုင်ထားမိတာတွေဘယ်လောက်တောင်မှများပြားနေခဲ့ပြိလဲ။ လူဆိုတာမျှော်လင့်ချက်နဲ့အသက်ရှင်ကြတယ်ဆိုတဲ့အတိုင်းလိုချင်တာလေးရလာဖို့ ကိုယ်ဖြစ်ချင်တာလေးဖြစ်လာဖို့ကိုလည်းနည်းလမ်းမျိုးစုံနဲ့ကြိုးစားအားထုတ်ကြပါတယ်။ တနေ့တာရဲ့ ၂၄နာရီမှာမျှော်လင့်ချက်မရှိတဲ့အချိန်ဆိုတာမရှိသလောက်ကိုနဲပါးပါတယ်။ ညအိပ်ချိန်မှာတောင်အိပ်မက်ထဲထိဖြစ်ချင်တာလေးတွေထည့်မက်တတ်ကြပါသေးတယ်။
မျှော်လင့်သလိုလေးများဖြစ်မလာခဲ့ရင် ငါကံဆိုးလိုက်တာလို့လည်းတွေးမိတတ်ကြပါတယ်။
တကယ်တော့ ဖြတ်သန်းခဲ့တဲ့ဘ၀တလျှောက်ကိုပြန်ကြည့်ရင်ကျမတို့မျှော်လင့်သလို မျှော်လင့်တာထက်ပိုပြီး ရရှိခဲ့ဖူးတာတွေဘယ်လောက်များလဲပြန်တွေ့ရမှာပါ။ အဲဒီအချိန်တွေတုန်းက ငါကံကောင်းလိုက်တာလို့တွေးရမယ့်အစားနောက်ထပ်မျှော်လင့်ချက်တွေနောက်ကိုလိုက်ရင်းနဲ့ပဲဒါတွေကို ကျော်လွန်ဖြတ်သန်းခဲ့ကြတာလည်းအကြိမ်ကြိမ်ပါပဲ။ တကယ်တော့ကိုယ့်ရဲ့ပျော်ရွှင်ခြင်းတွေ ကံကောင်းခြင်းတွေကိုသေသေချာချာလေးအသိအမှတ်ပြုပေးဖို့လိုအပ်ပါတယ်။ ဘ၀မှာကောင်းတာတွေရလာတာကြာလာတော့ ရရှိထားတဲ့ကံကောင်းခြင်းနဲ့ပျော်ရွှင်ခြင်းတွေကိုကျမတို့တွေ မေ့နေတတ်ပါတယ်။
ကျမခုလိုအေးအေးဆေးဆေးလေးစာထိုင်ရေးခွင့်ရနေတာကလည်းကျမရဲ့ကံကောင်းခြင်းပါ။ စာရေးခြင်းကနေ တခြားသူတွေဆီကို ကိုယ်သိထားတဲ့အသိပညာတွေ ခံစားမိတဲ့အတွေးတွေ မျှဝေခွင့်ရတာကလည်းကျမရဲ့ကံကောင်းခြင်းပါ ။ မိဘတွေရဲ့ချစ်ခြင်းမေတ္တာကိုခံစားနေရတာလည်းကျမရဲ့ကံကောင်းခြင်းပါ။ အသေးအမွှားလေးဖြစ်စေ ကြီးကြီးမားမားဖြစ်စေ ဒါကို appreciate လုပ်ဖို့လိုပါတယ်။ တန်ဖိုးထားဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ ကံကောင်းခြင်းတွေ ပျော်ရွှင်ခြင်းတွေဆိုတာ အမြဲကူးစက်တတ်လို့ပါပဲ။ ကိုယ်ပျော်နေရင် ကိုယ့်ဘေးကလူပါပျော်ရွှင်လာစေပါတယ်။ စိတ်ချမ်းသာပြီးပျော်ရွှင်နေတဲ့အခါကံကောင်းခြင်းတွေလည်းမကြာခဏအလည်ရောက်လာတတ်ကြပါတယ်။
ဒီတော့ ဘ၀မှာဖြစ်ပျက်သမျှ တခြားသူတွေကိုလက်ညိုးထိုးဝေဖန်နေမယ့်အစားကိုယ့်ရဲ့ကံကောင်းခြင်းပျော်ရွှင်ခြင်းလေးတွေကိုအသိအမှတ်ပြုပြီး ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ ကံကောင်းခြင်းနဲ့အပျော်တွေကူးစက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း အဆုံးသတ်ပါရစေရှင်။။
Steemit Myanmar အဖွဲ့သားများအားလုံးလည်း ကံကောင်းခြင်းပျော်ရွှင်ခြင်းတွေ ရရှိပိုင်ဆိုင်နိုင်ကြပါစေ။။