ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ ကာဘိုင်သေနတ်တွေအကြောင်း တင်ပြချင်ပါတယ်။ကာဘိုင်ဆိုတဲ့အမည်ကိုလည်း တော်တော်များများကြားဖူး၊ သိဖူးပြီးသားဖြစ်မှာပါ။ ကာဘိုင်သေနတ်တွေဟာ သာမန်ရိုင်ဖယ်တွေထက် ပြောင်းတိုပြီး အရွယ်အစား ပိုတို၊ ပိုပေါ့တဲ့အပြင် ပစ်အားပိုနည်းလေ့ရှိတဲ့ သေနတ်အမျိုးအစားဖြစ်ပါတယ်။ယေဘုယျအနေနဲ့တော့ ရိုင်ဖယ်ကျည်ဆံတွေကိုသာ အသုံးပြုလေ့ရှိပါတယ်။
၁၈၀၀ ပြည့်နှစ်မှာ အရွယ်အစားပိုရှည်ကာ ပိုဝေးဝေးပစ်နိုင်တဲ့ သာမန်ရိုင်ဖယ်တွေကို ခြေလျင်တပ်သားတွေက အဓိကအသုံးပြုခဲ့ကြပြီး အရွယ်အစားတိုကာ ပေါ့ပါးတဲ့ကာဘိုင်သေနတ်တွေကိုတော့ မြင်းစီးတပ်သားတွေက အသုံးပြုခဲ့ကြပါတယ်။ ကာဘိုင်ရဲ့ အဓိကအားသာချက်ကတော့ အနီးကပ်တိုက်ပွဲတွေမှာ သာမန်ရိုင်ဖယ်တွေထက် ပိုမို ထိရောက်စေခြင်းဖြစ်ပါတယ်။ အားနည်းချက်ကတော့ အဝေးပစ်တိုက်ပွဲတွေမှာ ရိုင်ဖယ်လို တိကျမှုမရှိတဲ့အပြင် ကျည်ဆံရောက်တဲ့အကွာအဝေးကလည်း တိုပါတယ်။ ဒီသေနတ်တွေကို စစ်မြေပြင်မှာ သီးခြားတာဝန်ယူရတဲ့ အင်ဂျင်နီယာစစ်သားတွေ၊ ဆက်သွယ်ရေးစစ်သားတွေ လျင်လျင်မြန်မြန် လှုပ်ရှားနိုင်ဖို့ ဖန်တီးထားတာဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်အတွင်းကလည်း ပထဝီအနေအထားနဲ့ ဗျူဟာတို့အပေါ် မူတည်ကာ ရိုင်ဖယ်တွေကို ကာဘိုင်အဖြစ် ပြုပြင်ပြောင်းလဲ အသုံးပြုခဲ့ကြပါတယ်။ M-1 ကာဘိုင် နဲ့ M-4 ကာဘိုင်တွေက လူသိများတဲ့ ကာဘိုင်သေနတ်တွေဖြစ်ပြီး M-4 ကာဘိုင်ကတော့ အမေရိကန်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီ colt က ထုတ်လုပ်တဲ့ ကာဘိုင်အမျိုးအစားဖြစ်ပါတယ်။ M-16 ရိုင်ဖယ်တွေကို ကာဘိုင်အဖြစ် ပြန်ပြောင်းထုတ်လုပ်မှုကနေ အစပြုခဲ့တာဖြစ်ပြီး M16A2 ရဲ့ ၈၀ ရာခိုင်နှုန်းသော အစိတ်အပိုင်းတွေကို M4 မှာ ပြန်လည်အသုံးပြုထားတယ်လို့ သိရပါတယ်။