စိတ်ဖိစီးခြင်းဆိုတာ နေ့စဉ်ဘဝမှာ မရှောင်လွှဲနိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ တကယ်တော့ သင့်ရဲ့တနေ့တာ လုပ်ငန်းတွေအတွက် ပြီးမြောက်အောင် အားစိုက်နိုင်ဖို့ ဖိစီးမှုကို အတိုင်းအတာတခုအထိ လိုအပ်ပါတယ်။ ဒါပေမယ့် တချိန်လုံး စိတ်ဖိစီးမှုကြီးမားနေရင်တော့ ကျန်းမာရေးကို ထိခိုက်လာပါလိမ့်မယ်။
အထူးသဖြင့် ကော်တီဆောဟော်မုန်းမြင့်မားပြီး ဇီဝဖြစ်စဉ်လည်း ကမောက်ကမဖြစ်လာပါလိမ့်မယ်။ သရေစာတွေကို တစွတ်စွတ်စားလာပြီး ရောဂါဘယတွေ ဖြစ်နိုင်ခြေများလာပါတယ်။ စိတ်ဖိစီးဖန်များလာရင် စိတ်ဓာတ်ကျခြင်းပါ ဖြစ်လာနိုင်ပါတယ်။
စိတ်ဖိစီးမှုလျှော့ချဖို့အတွက် လမ်းလျှောက်ခြင်း၊ မိတ်ဆွေသူငယ်ချင်းများနှင့် စကားပြောဆိုခြင်း၊ သီချင်းနားထောင်ခြင်း၊ စာဖတ်ခြင်း၊ ယောဂကျင့်ခြင်း စတဲ့နည်းလမ်းမျိုးစုံ ဆောင်ရွက်နိုင်ပါတယ်။ အကယ်၍ မိမိဖာသာ ဖြေရှာင်းလို့ အဆင်မပြေရင် စိတ်ကျန်းမာရေးဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။