ရုတ်တရက် ရွာချလာသောမိုးကြောင့်ကျွန်တော့်တစ်ကိုယ်လုံးရွဲရွဲစိုကုန်တော့သည်။
မကျေမချမ်းနှင့် ကောင်းကင်ကိုမိုက်ကြည့်ကြည့်ပစ်လိုက်၏။
ကောင်းကင်မှာ တိမ်ညိုမဲတွေ အုံ့ဆိုင်းမှိုင်းညို့လာတာကို ကျွန်တော်မကြိုက်ပါ ။
နွေရဲ့ရက်ကျန်တွေကို ဗိုလ်ကျအနိုင်ယူပစ်လိုက်နိုင်သော မိုးကိုကျွန်တော်မုန်းသည်။
ဤပုံအတိုင်းဆိုလျှင်တော့ ကျွန်တော်အိမ်ပြန်နိုင်တော့မည်မထင်။
မိုးတိတ်ဖို့သာ စောင့်ရပေတော့မည်။
အမိုးအကာတစ်ခုကိုရှာဖွေခိုနားရင်းမပြီးသေးသောဆောက်လုပ်လက်စအိမ်ကိုသတိရ၏။
သည်အချိန်ဆို ချစ်ဇနီးနှင့်သမီးငယ် မလုံမခြုံသော အမိုးအကာအောက်မှာ ခိုက်ခိုက်တုန်အောင် ချမ်းရှာအေးရှာရော့မည်။
ထို့အတွက် အချိန်ရှိခိုက် လုံ့လမစိုက်မိသော ကိုယ့်ကိုကိုယ်ပင်အပြစ်တင်ရမည်ဖြစ်သည်။
မိုးမကျမီကတည်းက ဆောက်လုပ်လက်စအသိုက်အမြုံသည် ယခုအချိန်အထိ မပြီးနိုင်သေး၍ဖြစ်သည်ပင် ..။
....
အချို့ကလည်း ကြီးနိုင်ငယ်ညှင်း ဝါဒရှိ၏။
ကိုယ့်အတွက်သာ ကိုယ်ကြည့်၍ ကျွန်တော်တို့လို အကောင်သေး များအပေါ် တိုက်ခိုက်ထိုးနှက်တတ်ကြသည်။
မိုးတွင်းဆိုသည်မှာ ကျွန်တော်တို့အတွက် .. အမိုးအကာကောင်းတစ်ခုတော့ မလွဲမသေလိုမည်ပင် ။
မလုံမခြုံ ယိုယွင်းသော မပြီးသေးသည့်အမိုးအကာသည်ချစ်ဇနီးနှင့် သမီးငယ်အပေါ် မညှာမတာ ရက်စက်စွာ တုန်ရီစိုရွဲနေစေမှာကိုတွေးမိရင်း စိတ်မကောင်းလည်းဖြစ်မိသည်။
အရာအားလုံးအတွက် ကိုယ့်မှာပင်တာဝန်ရှိသည်မဟုတ်ပေလား ..။
ငယ်ရွယ်သေးသော သမီးငယ်ကိုထိန်းသိမ်းစောင့်ရှောက်ရမည့် ချစ်ဇနီးကို တစ်စိုးတစိမျှပင် မပင်ပန်းစေချင်၍ ဤအလုပ်ကို ကိုယ်တိုင်ပင် တစ်ဦးတည်းလုပ်ခဲ့တော့သည်။
ကြီးနိုင်ငယ်ညှင်းဝါဒရှိသော တချို့သူတွေက ဗလအားကိုးနှင့် အနိုင့်အထက်ပြုကြသည်။
အမိုးအကာကောင်းတစ်ခုရဖို့အရေး တိုက်ခိုက်ထိုးနှက်ကြသည်။
ဒါတွေကို ချစ်ဇနီးကိုမသိစေချင်ပါ ...။
ချစ်ဇနီးသည်ကို စိတ်ဆင်းရဲခြင်းလည်း အလျှင်းမဖြစ်စေလို ..။
ထို့အတွက်ကြောင့် မိုးရိပ်မိုးငွေ့တွေသမ်းလာကတည်းက သာမာန်ထက်နှစ်ဆကြိုးစားပြင်ဆင်ခဲ့သည်ပင် ..။
သို့ပေမယ့်လည်းကံမကောင်းအကြောင်းမလှတော့ ဤနေ့လို လက်စသတ်မည့်နေ့မျိုးမှာ မိုးက ရုတ်တရက်ရွာချလိုက်လေသည်။
စိုရွဲနေသော အတောင်တွေကိုတဖျပ်ဖျက်ခါရင်း .. မိုးတိတ်လို့ ပွင့်လင်းသာယာလာမှာကိုသာ ဆုတောင်းမိနေသည်။
မကြာမီ ညနေရီလို့ မိုးစုန်းစုန်းချုပ်တော့မည် မဟုတ်ပေလော ..။
ဤမိုးတိတ်ရင်ဖြင့် .. စိုနေသော အတောင်အလက်တွေဖြန့်ကျက်ရိုက်ခတ်လို့ .... ချစ်ဇနီးနှင့်သမီးငယ်ကို လုံခြုံနွေးထွေးမှုအပြည့်အဝပေးနိုင်ဖို့သာ အားသွန်ခွန်စိုက် အိမ်အမြန်ပြန်ရမည်ပင် ။
နောက်တစ်မနက်မှာဖြင့် ဤနေ့လို အဖြစ်ဆိုးမျိုးမဖြစ်နိုင်အောင် လတ်စသတ်ကြိုးစားရမည်ဟုတွေးရင်း ...
စာဘူးတောင်းတစ်ကောင်ရဲ့ ခက်ထန်တဲ့မိုးညနေခင်းကို ငိုချင်းချမိတော့သည်။
မနက်ဖြန် ... အိမ် ... ကို ... လက် ... စ ... သတ် ... ရ ... မည်။၊
Lay Cho