အရေးအသားပျိုးထောင်ခြင်း ၁
စာမေးပွဲရာသီရောက်လာတဲ့အခါ ကျောင်းသားတွေဟာ အရေးအသားဆိုင်ရာ မေးခွန်းတွေအတွက် စိုးရိမ်ပူပန်မှုတွေ ပေါ်လာတတ်ပြီး ကျောင်းဆရာဖြစ်သူကို အပူကပ်လာပါတော့တယ်။ တချို့ကလည်း ကိုယ့်ဝါသနာနဲ့ကိုယ် စာလေးပေလေး အစမ်းပျိုး ရေးသားချင်လို့ ဒီမေးခွန်းကို မေးတာလည်း ရှိပါတယ်။ မြန်မာစာလို မိခင်ဘာသာစကားမှာ စာစီစာကုံး ဝတ္ထု ကဗျာ စတာကို စာဟန်တခုတည်ဆောက်ပြီး ရေးသားတတ်အောင် သင်ပေးရင်တောင် မလွယ်သေးတာ အင်္ဂလိပ်စာသင်ဆရာအတွက် ဒီပြဿနာကို ဖြေရှင်းပေးရ ပိုမလွယ်ပါဘူး။
စာရေးတဲ့ အလုပ် အနှစ်ချုပ်လိုက်ရင် စာကောင်းပေမွန် နမူနာပြုစရာတွေကို စိမ်ရည်လို အဝါးဝအောင်ဖတ်မိ သဘောကျမိရာကနေ အားကျစိတ်နဲ့ အတုလိုက်မယ်တွေးကာ စိတ်ကူးစိတ်သန်းကောင်းခြင်း နဲ့ နည်းပညာလေ့ကျင့်ထုံမွှမ်းထားခြင်း နှစ်ခုကို မျှတအောင် သမပြီး ကိုယ်သန်ရာတခုဘက်မှာ အားပြုထားတာချည်းပါပဲ။ ဒီတော့ စာဖတ်နာတဲ့ ပါရမီရှိသူတွေဟာ နည်းကို သူ့ဘာသာပဲ စမ်းသပ်တွေ့သွား ရေးသားသွားကြတာဖြစ်ပါတယ်။ ဒါပေမယ့် အားကိုးလာတဲ့ ကျောင်းသားများအတွက် နည်းလမ်းရှာကြံ ပေးရမှာပါပဲ။
စာရေးမယ့်သူ (ဝါ) ကိုယ်ပိုင်အရေးအသားနဲ့ရေးပါလို့ တောင်းဆိုတဲ့ မေးခွန်းတပုဒ်ဖြေဆိုမယ့်သူဟာ ဘာရေးရမှာလဲ ဆိုတာကိုရော သိပါသလား။ ဘာရည်ရွယ်ချက်နဲ့ ရေးမှာလဲ။ အခြေခံအားဖြင့် အောက်က ရည်ရွယ်ချက်တွေမှာ အကျုံးဝင်တတ်ပါတယ်။ စာရဲ့ အာဘော်ပေါ့။ စာရဲ့အကြောင်းအရာနဲ့ ရည်ရွယ်ချက်ဆိုတာ စာမရေးခင်စတဲ့ နေရာပဲ။ ကျန်တာက အရေးအသားပိုင်းခေါ်တော့တယ်။ အကြောင်းအရာ ရပြီ ရေးချင်ပြီဆိုရင် ဘာရည်ရွယ်ချက်နဲ့ရေးမှာလဲ။
၁။ သတင်းအချက်အလက်ပေးမှာလား။ သုတစာပေမျိုးပေါ့။ (informative)
၂။ ကိုယ်ထောက်ပြ ညွှန်ပြ အကြံပြုတာကို လိုက်နာစေချင်တာလား။ ကိုယ့်ပစ္စည်း ကိုယ့်အသိ ကိုယ့်ယုံကြည်ချက်ကို စာဖတ်သူ နားလည် လက်ခံလာအောင် ပြောချင်တဲ့အခါ ဒီရည်ရွယ်ချက်ရှိပါတယ်။ (persuasive)
၃။ ခံစားချက်ကို ဖော်ကျူးချင်တာလား။ ခံစားချက်ပေါ်လာအောင် ပုံသွင်းချင်တာလား။ (emotive)
ဒီသဘောသုံးခု ဦးစီးတဲ့စာက များပါတယ်။ စာမေးပွဲမေးခွန်းမှာက ဘာကို ဘယ်လိုဖော်ပြပါလို့ ခိုင်းပါတယ်။ ဒါ အကြောင်းအရာနဲ့ ရေးသားရမယ့် ရည်ရွယ်ချက်ကို ဖော်ပြပေးထားတာဖြစ်ပါတယ်။
အကြောင်းအရာအလိုက် ပစ်မှတ်ထားစာဖတ်သူအမျိုးအစားအလိုက် စာရေးသူသုံးသင့်တဲ့ ဟန်ရှိသလို ရည်ရွယ်ချက်အလိုက် စာရေးသူ သုံးနှုန်းသင့်တဲ့ စာရေးနည်းပုံစံ စာသားဖွဲစည်းမှုပုံစံတွေ ရှိပါတယ်။ Text Types နဲ့ Text Frames လို့ ခေါ်ပါတယ်။ ဒါကို ခုရှင်းပြပါ့မယ်။