ဆရာမရေးတဲ့ 'အစိုးရသစ် ဘာကြောင့်ထင်သလောက် ခရီးမပေါက်သလဲ'ဆောင်းပါးဖတ်ရတော့ အလယ်အလတ်စား တိုင်းရင်းသားလုပ်ငန်းရှင်တယောက်အနေနဲ့ ပြောပြချင်တာတွေက အများကြီးပါ။ ဒီလိုပြောချင်နေတာက ကျွန်မတယောက်တည်း မဟုတ်ပါဘူး။ အစိုးရ၀န်ကြီးဌာနတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်နေရတဲ့ အသေးစားလုပ်ငန်းရှင်တွေ အလယ်အလတ်စားလုပ်ငန်းရှင်တွေ အားလုံးနီးပါးမှာ ပြောချင်တာတွေ မပြောရဲတာတွေ ရှိကြပါတယ်။
ကျွန်မတို့က သာမန်စီးပွားရေးသမားတွေပါ။ ခရိုနီတွေလို နောက်ခံလူအင်အား ငွေအရင်းအနှီး အင်အား မတောင့်တင်းကြပါဘူး။ ရှိတဲ့ငွေကြေးနဲ့ လည်ပတ်ရင်းနှီးလုပ်ကိုင်ကြရတာပါ။ စီးပွားရေးသမားဆိုတာ ကိုယ့်အတွက်၊ ကိုယ့်အလုပ်သမားတွေအတွက် အမြဲထည့်စဉ်းစားရ လုပ်ကိုင်ရတာပါ။ ဒီတော့ ၀န်ကြီးတွေ၊ ညွှန်ကြားရေးမှူးချုပ်တွေ၊ ညွှန်ကြားရေးမှူးတွေသာမက ကိုယ်ဆက်စပ်အလုပ်လုပ်နေရတဲ့ ၀န်ကြီး ဌာနက၀န်ထမ်းတွေကို အဆင်ပြေအောင် ပေါင်းသင်းနေထိုင်ပြောဆိုရပါတယ်။
၂၀၁၅ ရွေးကောက်ပွဲပြီးတော့ အစိုးရအပြောင်း အလဲဖြစ်လာတဲ့အခါ အမေစုကို နဂိုကတည်းက ကြည်ညိုရင်းစွဲ ယုံကြည်ရင်းစွဲရှိတာမို့ အစိုးရဌာနတွေနဲ့ ချိတ်ဆက်အလုပ်လုပ်ရတဲ့အခါ လက်ဆောင်ပေးတဲ့ ကိစ္စကို သိပ်သတိထားပါတယ်။ ခွင့်ပြုထားတဲ့အတိုင်းအတာထက် ဘယ်တော့မှ မပိုစေရပါဘူး။ အစိုးရသစ် အပေါ်လည်း အများကြီးမျှော်လင့်ထားတာပေါ့။ ကျွန်မအပါအ၀င် လုပ်ငန်းရှင်အလတ်စားတွေက အရင် အစိုးရ (ဦးသိန်းစိန်လက်ထက်)ဆီမှာ ရစရာကြွေးတွေ အနည်းနဲ့အများ ရှိနေသူတွေပါ။