#ပခုက္ကူမြို့နှင့်၁၀မိုင်ဝေးသည့်
ဧရာဝတီမြစ်ကမ်းဘေးက ပလင်းကမ်းသာယာဆင်စခန်း (သို့)
#ပုဂံညောင်ဦးဒေသရဲ့ပထမဆုံးဆင်စခန်း
မြန်မာနိုင်ငံရဲ့အလယ်ပိုင်း၊ မြန်မာနိုင်ငံရဲ့အသည်းနှလုံး၊
မြန်မာတို့ရဲ့ယဉ်ကျေးမှုအမွေအနှစ်များ တည်ရှိရာ
ပြည်တွင်းပြည်ပ အားလုံးကစိတ်ဝင်တစား
လာရောက်လည်ပတ်ကြတဲ့ ပုဂံ/ညောင်ဦးဒေသ မှာ
ပထမဆုံး ဖွင့်လှစ်လိုက်တဲ့ ဆင်စခန်းလေး…..
ဆင်စခန်းရဲ့နာမည်က ပလင်းကမ်းသာယာ ဆင်စခန်း…..
ပလင်းကမ်းသာယာဆင်စခန်းတည်နေရာကတော့
ညောင်ဦး-ပခုက္ကူ-မြင်းခြံ လမ်းမကြီးရဲ့မြောက်ဘက်၊
ညောင်ဦးက ၅ မိုင် ၅ ဖာလုံ အကွာ၊
မိုင်တိုင်အမှတ် 9 Km နဲ့ အတည့် မြေလမ်းလေးအတိုင်း
အတွင်းကို ၂ ဖာလုံလောက် ၀င်လိုက်ရင်
အလွယ်တကူ ရောက်ရှိနိုင်တဲ့
ဧရာဝတီမြစ်ကမ်းဘေးက
ဆင်စခန်းလေး ဖြစ်ပါတယ်။
ကားလမ်းနဘေးမှာလည်း အလွယ်တကူမြင်သာနိုင်အောင်
သဘာဝ ပျဉ်ပြားတွေနဲ့
ဆိုင်းဘုတ်တွေလည်း စိုက်ထူထားရှိထားပါတယ်။
ဆင်စခန်းကို ညောင်ဦးကလာမယ်ဆိုရင်
ကားမောင်းချိန် ၁၅ မိနစ် သာကြာမှာဖြစ်ပြီး
E bike နဲ့ လာမယ်ဆိုရင်လည်း
မိနစ် ၂၀ ခန့်သာ ကြာမြင့်မှာပါ။
ဆင်စခန်းရှိရာကို ညောင်ဦးက
အသွားအပြန် အကွာအဝေးကလည်း
E bike –Battery ကောင်းကောင်းသွားလို့
ရနိုင်တဲ့ အနေအထားမှာရှိတဲ့အတွက်
Battery အားကုန်သွားမှာလည်း ပူစရာမလိုပါဘူး။
ညောင်ဦးမြို့ရှောင်လမ်းကလာမယ်ဆိုရင်
ဆင်စခန်းရှိရာ လမ်းခွဲကို ၂ မိုင်လောက်ပဲ
ကွာဝေးပြီး ကားမောင်းချိန် ၇ မိနစ်လောက်ဆိုရင်
ရောက်နိုင်တဲ့ သိပ်အလှမ်းမဝေးလှတဲ့
ဆင်စခန်းလေးပါပဲ။
မြင်းခြံ/ ပခုက္ကူဘက် က လာမယ်ဆိုရင်လည်း
ဧရာဝတီမြစ်ကူးတံတား (ပခုက္ကူ )က ၁၀ မိုင်သာ
ကွာဝေးပြီး ကားမောင်းချိန် ၁၅ မိနစ်ပဲ ကြာမှာပါ။
ရေကြောင်းကလာမယ်ဆိုရင်လည်း
ဧရာဝတီမြစ်ကြောင်းအတိုင်း
အပျော်စီးသဘောင်္တွေ၊ မော်တော်တွေနဲ့
အလွယ်တကူ လာရောက်နိုင်ပြီး
ညောင်ဦးကနေ ရေမိုင် ၆ မိုင်ခန့်သာ
ကွာဝေးပါတယ်။
ကဲ ဒီလို သွားလာရေးလွယ်ကူတဲ့
ပလင်းကမ်းသာယာ ဆင်စခန်းမှာ
ဘာတွေကြည့်ရှုခံစားနိုင်မလဲ……
ဆင်စခန်းမှာ သက်တမ်းရင့်
သစ်ပင်ကြီးတွေရဲ့ အရိပ်အာဝါသနဲ့
မြစ်ပြင်ကိုဖြတ်ပြီးတိုက်ခတ်လာတဲ့
လတ်ဆတ်တဲ့လေညှင်းကို ရှုရှိုက်ရင်း
မောပန်းသမျှ ပြေပျောက်လို့
အညာရဲ့ သရုပ်သကန် အပူဒဏ်က
သက်သာရာရစေနိုင်မှာလည်း
အမှန်ပဲဖြစ်ပါတယ်။
ဆင်စခန်းအတွင်းမှာတော့ ထန်းရွက်တဲကြီးတွေမှာ
ဝန်တင်ဆင် နှစ်ကောင်၊
ဆင်သားအမိ မိခင်ဆင်မကြီးနဲ့ ဆင်ကလေးတစ်ကောင်
စုစုပေါင်း လေးကောင်ရှိပြီး
လာရောက်လည်ပတ်သူ ဧည့်သည်များအနေနဲ့
ဆင်တွေကို ကိုယ်တိုင်ထိတွေ့ကိုင်တွယ်နိုင်ခြင်း၊
ဆင်နဲ့ပတ်သက်တဲ့ သိသင့်တာတွေကို
ဗဟုသုတအဖြစ် လေ့လာသိရှိနိုင်ခြင်း ၊
ဆင်စာကျွေးနိုင်ခြင်း၊ ဧရာဝတီမြစ်ကမ်းတလျှောက်
မြစ်ဧရာရဲ့အလှကို ခံစားရင်း ဆင်စီးနိုင်ခြင်း၊
နံနက်နဲ့ ညနေအချိန်တွေမှာ ဆင်တွေကို
မြစ်ဧရာအတွင်း ကိုယ်တိုင်
ရေချ (ရေချိုး) ပေးနိုင်ခြင်း တို့
ခံစားနိုင်မှာပဲ ဖြစ်ပါတယ်။
ဆင်စီးခြင်းအနေနဲ့ မြစ်ကမ်းဘေးတလျှောက်
ကမ်းပါးကတစ်ဖက် ၊ မြစ်ဧရာက တစ်ဖက်ထားလို့
လှပတဲ့ရှုခင်းတွေ တ၀ကြီး တွေ့မြင် ကြည့်ရှုနိုင်သလို
အောက်ဘက်က မြစ်ပြင် ၊ တစ်ဖက်က ကမ်းပါးအမြင့်ကြီးနဲ့
ကမ်းပါးမှာ ပေါက်နေတဲ့ သဖန်းပင်တွေ၊ မြစ်ကမ်းဘေးက
ရင်းရဲခြုံတွေရဲ့ တောဆန်ဆန် သဘာဝအလှနဲ့
သစ်ရိပ်၊ ကမ်းပါးရိပ်အောက်မှာ နေပူဒဏ်မခံရဘဲ
သဘာဝကျောက်တုံး ကျောက်ခဲတွေကြားက
ဆင်စီးရတဲ့ ရသကို
ရင်ခုန်လှုပ်ရှား ခံစားရမှာပါ…..ဒါပြီးရင်
မြစ်ကမ်းဘေးယာခင်း/ကိုင်းခင်းတွေကြားက တဆင့်
သဘာဝအလှအပများ ခံစားရင်း
အသွားအပြန်ခရီး ငါးဖာလုံခန့်ကို
မိနစ် နှစ်ဆယ်ကြာ ဆင်စီးနိုင်မှာ ဖြစ်ပါတယ်။
နေ၀င်ရိုးရီ ညနေဆီမှာလည်း
မြစ်ဧရာနောက် ငုပ်ဆင်းဝင်ရောက်သွားတဲ့
သူရိယနေမင်းကြီးအလှကို ဆင်စီးရင်း
မြင်တွေ့ခံစားနိုင်ဦးမှာလည်း ဖြစ်ပါတယ်……
ဆင်စခန်းအတွင်း သစ်ရိပ်အောက်နဲ့
မြစ်ကမ်းဘေးမှာလည်း
ဧရာဝတီမြစ်ကြီးကို မျှော်ငေးရင်း
ပန်းချီကားတစ်ချုပ်အလား ရှုခင်းများကို ခံစားရင်း
လေညှင်းခံရင်း
အပန်းဖြေ နားနေနိုင်ဖို့
အေးမြတဲ့ ထန်းရွက်တဲလေးတွေလည်း
ရှိပါသေးတယ်........
ဝါးကြမ်းခင်း နဲ့ ထန်းရွက်တဲလေးတွေမှာ
စားသောက်ဖွယ်ရာ တွေနဲ့ အနားယူ
အပန်းဖြေနိုင်ပါသေးတယ်…..
ဒါ့အပြင် ဧရာဝတီမြစ်အတွင်းမှာ
မော်တော်စီးပြီး ပုဂံရဲ့ နာမည်ကျော်ကြားလှတဲ့
နေ၀င်ချိန်အလှကိုလည်း ကြည့်ရှုခံစားနိုင်သလို
မြစ်ကမ်းတလျှောက်ရဲ့ သဘာဝအလှအပတွေကိုလည်း
မြင်တွေ့ ခံစားနိုင်မှာလည်း ဖြစ်ပါတယ်။
မော်တော်ပေါ်မှာလည်း ခံတွင်းမြိန်စေတဲ့
ကြက်ကာလသား ဟင်းလျာတွေလည်း
ရရှိနိုင်မှာဖြစ်လို့ စားရင်းသောက်ရင်း အပန်းဖြေလို့
ရနိုင်ပါသေးတယ်။
လာရောက်လည်ပတ်သူများအနေနဲ့
ကုန်းပေါ်မှာသာမက ရေပေါ်မှာပါ
အပန်းဖြေ အနားယူလို့ရအောင်
ရေပေါ်နားနေစရာအဖြစ် ရေထဲမှာရှိတဲ့
ဖလက်ဘောတွဲကြီးပေါ်မှာ မြစ်လှိုင်းများရဲ့
တသော့သော့ တိုးခတ်မှုကြားမှာ ငြိမ့်ညောင်းခံစားရင်း…
စားရင်းသောက်ရင်း….လေညှင်းခံရင်း ….
နေ၀င်ချိန်အလှကို ခံစားကြည့်ရှုနိုင်ပါသေးတယ်။
ဆင်စခန်းဝင်ကြေးအနေနဲ့
ပြည်တွင်းတစ်ဦးကို တစ်ထောင်ကျပ်၊
ပြည်ပ တစ်ဦးကို နှစ်သောင်းကျပ်(ဆင်စီးခအပါအ၀င်)ဖြစ်ပြီး
ဆင်စီးခ ပြည်တွင်း တစ်ဦးကို ငါးထောင်ကျပ် ကျသင့်မှာ
ဖြစ်ပါတယ်။
ဆင်စခန်းအတွင်းမှာ ကားရပ်နားဖို့အတွက်လည်း
နေပူဒဏ်သက်သာအောင်
နေရာတွေ စီစဉ်ထားပေးမှာပါ။
ဒါတင်ပဲလားဆိုတော့ ကျန်ပါသေးတယ်
ဆင်စခန်းအတွင်းမှာ ပုဂံရဲ့အမှတ်သညာ တစ်ခုဖြစ်တဲ့
သစ်ကိုင်းလေးတွေမှာ ကြိုးချည်ထားတဲ့
ရုပ်သေးရုပ်ကလေးတွေနဲ့
မြစ်ပြင်ကို နောက်ခံထားပြီး
ဓာတ်ဖမ်းလို့ ရပါသေးတယ်။ နောက်ပြီးတော့
စခန်းအတွင်းက သစ်ပင်တွေမှာ
သစ်ခွပင်လေးတွေအလှ နဲ့ ဓာတ်ဖမ်းလို့လည်း
ရပါသေးတယ်….
နောက်ပိုင်းမှာ ဆင်နဲ့ပတ်သက်တဲ့ သိသင့်သိထိုက်တာတွေကို
အလွယ်တကူ သိရှိနိုင်ဖို့ ပြတိုက်လေးလည်းစီစဉ်သွားဖို့ရှိပါတယ်။
ပြတိုက်ကို ထန်းလုံး၊ ထန်းရွက် နဲ့ ပဲ အေးမြဖို့နဲ့ သဘာဝကျကျ လှပအောင်
တည်ဆောက်ထားပြီး ပြတိုက်ထဲမှာ ဆင်ပုံသဏ္ဍန် ဆင်အရိုးစု၊
ဆင်အကြောင်းသိကောင်းစရာ အဖြာဖြာ အပြင်
ဖောင်ဖွဲ့ရေးနဲ့ပတ်သက်လို့ လုပ်ငန်းသဘာဝ သိမြင်နိုင်အောင်
ဖောင်ဆွဲမော်တော်၊ ဖောင် ပုံစံငယ် လေးတွေနဲ့ ဗဟုသုတ ရရှိနိုင်ဖို့
ပြသပေးထားဦးမှာပါ။
နောက်ပြီး ပွင့်လင်းကာလမှာဆိုရင် ဧရာဝတီမြစ်လယ်သောင်ဆီကို
မော်တော်နဲ့ ပို့ပေးပြီး သောင်ခြေသဲပြင်မှာ ထီးအမိုးတဲအောက်မှာ
အနားယူ အပန်းဖြေနိုင်ဖို့ … သောင်ပြင်ပေါ်မှာ ပြေးလွှားကစားနိုင်ဖို့
သောင်ပြင်ကမ်းစပ်မှာ မြစ်အတွင်း ရေကူး ရေချိုး နိုင်ဖို့
ဝန်ဆောင်မှုတွေ ပေးသွားဖို့လည်း ရှိပါတယ်။
ဒါကြောင့် မိတ်ဆွေ၊သူငယ်ချင်း၊ အမျိုးများ၊
ညီအစ်ကို မောင်နှစ်မများ၊
ဧည့်သည်တော်များအနေနဲ့
ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ
ပုဂံညောင်ဦး ဒေသကို ဘုရားဖူးပဲဖြစ်ဖြစ်၊
အလည်အပတ်ပဲဖြစ်ဖြစ်၊ လေ့လာရေးပဲ ဖြစ်ဖြစ်၊
ရောက်ခဲ့ရင်…..
ရှေးနှစ်ပေါင်းများစွာက စေတီ၊ ဘုရား၊ ပုထိုး ၊ ကျောင်းကန်
သာသနိကအဆောက်အဦများ ဖူးမျှော်ကြရင်း….
လည်ပတ်ကြရင်း….လေ့လာကြရင်း….
အညာဒေသမှာ တွေ့မြင်နိုင်ခဲတဲ့ ဆင်တွေကို
ကိုယ်တိုင် ကြည့်ရှု ထိတွေ့ခံစားနိုင်မယ့် ….
အညာရဲ့အပူဒဏ်က သက်သာရာရစေနိုင်မယ့်….
မြစ်ရနံ့ပါတဲ့ သဘာဝလေနုအေးကို ရှုရှိုက်ရင်း
ဆင်စီးရင်း……မော်တော်စီးရင်း
မြစ်ဧရာရဲ့အလှကို ကြည့်ရှုခံစားနိုင်မယ့်
ပုဂံ/ညောင်ဦးနဲ့ အလှမ်းမဝေးတဲ့
ပုဂံဒေသရဲ့ ပထမဆုံး ဖွင့်လှစ်လိုက်တဲ့
ပလင်းကမ်းသာယာ ဆင်စခန်းကို
လာရောက်အပန်းဖြေလည်ပတ်ဖို့
ကြွလှမ်းခဲ့ပါလို့
ဖိတ်ခေါ်လိုက်ပါရစေ………….
ဆင်စခန်းဖွင့်ပွဲကိုတော့ 28.3.2018 ရက်မှာ
စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်လို့
လာရောက် ကြွလှမ်းခဲ့ကြဖို့
ထပ်မံဖိတ်ခေါ်လိုက်ပရစေ…..
(ဓာတ်ပုံများအားလုံးကို စေတနာထား
ရိုက်ကူးပေးတဲ့ အစ်ကိုကြီး U SoeLwinthu
ကျေးဇူးအထူး တင်ပါတယ်)
credit-Myomin Ko