ကင်းစီး
ငသတ်ကို အခြားဗျည်းများအပေါ်က ဆင့်သောအခါ ဖြစ်ပေါ်သော ပုံစံကို ကင်းစီးဟုခေါ်ပါသည်။
ကင်းစီးသည် ငသတ်ပင်ဖြစ်သောကြောင့် ငသတ်၏ ထုံးစံအတိုင်း ကဝဂ်ဗျည်းများအထက်က ရှိမြဲဖြစ်ပါသည်။ မျက်မှောက်ကင်္ကာ၊ သင်္ခါရ၊ သင်္ဂါယနာ၊ သင်္ဃာ စသဖြင့်ဖြစ်ပါသည်။ အများစုသည် ပါဠိသက်များဖြစ်ပြီး ပါဠိပုဒ် သံ နှင့် ဓာတ်တို့ နိဂ္ဂဟိတသန္ဓိဖြစ်ရာမှ ဝဂ္ဂန္တံ ဝါ ဝဂ္ဂေသုတ်အရ ငအပြုဖြစ်ကြခြင်းဖြစ်ပါသည်။ ကင်းစီးမူလ သေးသေးတင်က ဖြစ်ပါသည်။ လနှင့်သ တို့အထက်တွင်လည်း မြန်မာမှုတွင်ရှိနိုင်ပါသည်။ တနင်္လာ၊ အင်္သာ၊ ဟင်္သာ စသဖြင့်။ ပါဠိလို အံသ၊ ဟံသ စသည်ပင်။ မြန်မာရေးထုံးတွင် အတိုချုံးအနေဖြင့် သင်္ဘော ပုဒ်ကို ကင်းစီးဖြင့် ရေးသားရိုးဖြစ်ပါသည်။ ပါဠိစကား သံ+ပေါတ မှဆင်းသက်သည်ဟု ယူဆကြပါသည်။
သို့သော် စကြာ ပုဒ်တွင် စင်္ကြာဟုမှားရေးသူများ၊ ယောက်ျား ပုဒ်ကို ယောင်္ကျား ဟု မှားရေးမိသူများ ရှိတတ်ပါသည်။ သတိပြုရန်ဖြစ်ပါသည်။ ယောကျား ဟု သောကြာ မှာရေးသလို ရေးခဲ့နိုင်ပါသည်။ အဖတ်မရှင်းဘဲ ယောနယ်ကကျား ဟုဖတ်နိုင်သောကြောင့် ကအထက်တွင် တမင် အသတ်တင်ပြီး ယောက်ျား ဟုရေးခဲ့ကြပုံရပါသည်။ ယပက်လက်အထက်တွင် ယောက်ျား ဟုရေးသားက မှားပါသည်။
သင်္ဘော..စသည်မှာ ပါတဲ့ ကင်းစီးကို သ.ရေး င.သတ် သင် ဟု ဖတ်ရမည် လား? ဘယ်သို့ဖတ်ရမည် နည်း?
ကျနော်ကတော့ ထိုကဲ့သို့ဖတ်ပါသည်။ ဘာဖတ်ဖတ် သ ရေး ငသတ် စသဖြင့်မဖတ်ဘဲ သ ငသတ် လို့ ဖတ်တာမျိုးသာ ထူးပါသည်။ ရေး ဆိုပြီးထည့်ဆိုဖွယ်မရှိ အားလုံးကို ရေးသားရသည်ဟု ယူဆပါသည်။ ထို့ပြင် ကကြီး တချောင်းငင် စသဖြင့်လည်း မလိုဘဲ မဆိုချင်ပါ။ က တချောင်းငင် ကု ဟုသာဆိုချင်ပါသည်။ သ ကင်းစီး သင် ဆိုတာကတော့ အူကြောင်ကြောင် နိုင်ပါသည်။
သ ငသတ် သင်၊ သဝေထိုး ဘ ရေးချ ဘော။ သင်းဘော။ မှတ်ချက်အဖြစ် သတ်ပုံခေါ်ပေးမှသာ (ငသတ်ကို ဘထက် ကင်းစီးဆင့်) ဟု ထည့်ပြောပေးရန်လိုပါလိမ့်မည်။
ဆက်ပါအံ့။ ဒ လုံးတင် ဒိ ဟုဆိုမှ အသံသဘောပေါ်ပါသည်။ ဤသို့လည်း ငယ်စဉ်ကတည်းက မှန်ကန်စွာ အသင်ခံရသောကြောင့် စာဖတ်စွဲပါသည်။ အမှန်မှာ ဒ အိ ဒိ ဟုပင် တကယ်က သဘောပေါက်ဖို့ ပိုလိုအပ်သည် ထင်ပါသည်။ သို့သော် အရေးကိစ္စတွင် ဓိ နှင့် မရောအောင် ဒဒွေး လုံးတင် ဒိ ဟု ပြောသင့်က ပြောနိုင်သည်ထင်ပါ၏။ လုံးကြီးတင်ကိုပင် လုံးတင် ဟု လျှော့ချရွတ်ဆိုပါသည်။
အဖတ်သည် အသံ၏သဘောကိုသာ ဖတ်သင့်ပေသည်။ ဥပမာ အ ရေး အ။ အ ရေးချ အာ။ ဆိုရာတွင် အ ကိုသူ့ချည်းသက်သက်ရေးရင် အ။ ထို့နောက် ရေးချသင်္ကေတကြောင့် အသံရှည် ဒီဃဖြစ်လာကြောင်း မသိစိတ်မှာ စွဲသွားစေဖို့သာ လိုပါသည်။
သ သေးသေးတင် သံ။ ဃ ရေးချ ဃာ။ သံဃာ။
သ ငသတ် သင်။ ဃ ရေးချ ဃာ။ သင်ဃာ။
ဟု ဆိုတတ်ခြင်းအားဖြင့် သေးသေးတင် ကို င ပြု တဲ့သဘော သင်သောအခါ ရှင်းသွားပေမည်။ အသံကို အရေးက လိုက်သင့်ပြီး။ အရေးကို အသံထုတ်ကာ အကုန်ပြောစရာကိစ္စ ပုံနှိပ်တိုက်စာစီစာရေးများအတွက်သာ လိုသည်ဟုထင်ပါသည်။