photo credit
တခါတုန်းက ရွာတစ်ရွာမှာ အရမ်းဆင်းရဲတဲ့ ဇနီးမောင်နှံနှစ်ဦး ရှိခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ ပင်လယ်ထဲက ဖမ်းလို့ရတဲ့ ငါးတွေကို ဈေးထဲမှာ ပြန်ရောင်းပြီး အသက်မွေးဝမ်းကျောင်းပြုကြရတယ်။ နေ့စဉ်နေ့တိုင်း မိုးလင်းတာနဲ့ ယောက်ျားဖြစ်သူဟာ ပင်လယ်ထဲကို ငါးဖမ်းထွက်လေ့ရှိပါတယ်။
တနေ့တော့ လှေပေါ်မှာထိုင်ပြီး ငါးမျှားနေတုန်း ရုတ်တရက် ငါးမျှားတံကို တစ်စုံတစ်ခုက အတင်းဆွဲနေသလို ခံစားရလို့ ငါးမျှားကြိုးကို ဆွဲတင်လိုက်တယ်။ ဒီအခါမှာတော့ အလွန်လှပပြီး ကြီးမားတဲ့ ငါးတစ်ကောင်ဟာ ငါးမျှားချိတ်မှာ ချိတ်မိနေတာကို တွေ့လိုက်ရတယ်။
သူလည်း အရမ်းဝမ်းသာသွားပြီး ငါးကြီးရဲ့ပါးစပ်မှာ ချိတ်နေတဲ့ ငါးမျှားချိတ်ကို ဖြုတ်နေတုန်း ငါးကြီးက သူ့ကို ခုလိုပြောပါတယ်။
"အသင်လူသား ကျွန်ုပ်ကို အသက်ရှင်ခွင့်ပြုပါ။ တကယ်တော့ ကျွန်ုပ်က သာမာန် ငါးတစ်ကောင် မဟုတ်ပါဘူး။ ငါးတို့ရဲ့ ဘုရင်တစ်ပါးသာ ဖြစ်ပါတယ်။ ကျွန်ုပ်ကို သင်သတ်လိုက်လို့ရော သင်ဘယ်လောက်အကျိုးရှိမှာလဲ။ ဒါကြောင့် ကျွန်ုပ်ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်" လို့ပြောလာပါတယ်။