၂၀၁၈ ခုနှစ် Optimist Asian and Oceanian Championship ရွက်လှေပြိုင်ပွဲကို နိုဝင်ဘာလ(၁၁)ရက်တွင် ငွေဆောင်ကမ်းခြေ၌ စတင်ဖွင့်လှစ်ကျင်းပ
၂၀၁၈ ခုနှစ် Optimist Asian and Oceanian Championship (OAOC) ရွက်လှေပြိုင်ပွဲကြီးကို နိုဝင်ဘာလ(၁၁)ရက်တွင် မြန်မာနိုင်ငံရွက်လှေအဖွဲ့ချုပ်က ဦးစီးပြီး ဧရာဝတီတိုင်းဒေသကြီးရှိ ငွေဆောင်ကမ်းခြေတွင် စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ ပြိုင်ပွဲကို Newe Saung Yacht Club & Resort တွင် ၂၀၁၈ ခုနှစ်၊ နိုင်ဝင်ဘာလ(၁၀)ရက်မှ (၁၇)ရက်အတွင်း (၆)ရက်ကြာကျင်းပသွားမည်ဖြစ်သည်။
ပြိုင်ပွဲတွင် အသက်(၁၅)နှစ်အောက်လူငယ်များအတွက် အသုံးပြုသည့် တစ်ဦးတည်းစီးနင်းရသောရွက်လှေငယ်များဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး အာရှ၊ ပစိဖိတ်သမုဒ္ဒဒေသနှင့် မြောက်အမေရိကတို့မှ လူငယ်ရွက်လှေအားကစားသမားများ လာရောက်ယှဉ်ပြိုင်လျက်ရှိသည်။ OAOC ရွက်လှေပြိုင်ပွဲကြီးသည် ၂၀၁၃ ဆီးဂိမ်းပြိုင်ပွဲနှင့် ၂၀၁၅ Wace Rider Cup ပြိုင်ပွဲတို့ကို အောင်မြင်စွာကျင်းပခဲ့ပြီးနောက် တတိယမြောက်အကြီးမားဆုံး နိုင်ငံတကာပြိုင်ပွဲလည်းဖြစ်သည်။ OAOC ရွက်လှေပြိုင်ပွဲကို နိုင်ငံပေါင်း(၁၆)နိုင်ငံမှ လူငယ်ရွက်လှေကစားသမား(၁၃၀)ဦးဝင်ရောက်ယှဉ်ပြိုင်နေသည်။
ပြိုင်ပွဲဝင်နိုင်ငံများမှာ သြစတြေးလျ၊ ကနေဒါ၊ တရုတ်၊ ဖီဂျီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ ကိုရီးယား၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ စင်ကာပူ၊ သိရိလင်္ကာ၊ တိုင်ပေ၊ ထိုင်းနှင့် အမေရိကန်တို့ဖြစ်ကြသည်။ ငွေဆောင်ကမ်းခြေတွင် ရာသီဥတုအခြေအနေဆိုးရွားနေသော်လည်း ပြိုင်ပွဲဆက်လက်ကျင်းပရန် စီစဉ်ထားကြောင်းသိရသည်။
Thank you