သူတို့က Channel 7 မှ ထုတ်လွှင့်တင်ဆက်နေသည့် TAKE THE MONEY & RUN မှ အစီအစဉ်တင်ဆက်နေသည့် ပရင်(န်)စင်တာများ ဖြစ်သည်။သူတို့ ကန်ဘောင်မှာ သားကောင်ရှာနေကြပြီ။အုတ်ခုံတွင်တစ်ယောက်ထဲထိုင်နေသည့် လူငယ်တစ်ယောက်ထံ သွားသည်။
"ဒီကအစ်ကို မဖြစ်နိုင်တာလေးတွေလုပ်ပြီး ကံစမ်းဥာဏ်စမ်းရတာ သဘောကျလား မသိဘူး"
Camera man နှင့်အတူ ပရင်(န်)စင်တာနှစ်ယောက် ကပ်လာပြီး မေးမြန်း၍ Channel 7 အမှတ်တံဆိပ်ပါ မိုက်ခွက်ကြီး ထိုးပေးလိုက်တော့ အမေးခံရသူလူငယ် အနည်းငယ် ရှက်အန်းအန်းဖြစ်သွားသည်။
"ဗျာ. . အဲ. . ဟိုဒင်း. . အင်း. . ကျ. . ကျပါတယ်"
ကိုယ့်ကို ဗီဒီယိုရိုက်ပြီး ရုပ်သံအစီအစဉ်မှာ ပါခိုင်းနေပြီဆိုတာသိ၍ အစီအစဉ်မှာ ပါဝင်လိုစိတ်နှင့် ရှက်စိတ်ပေါင်းကာ အူတူတူ မြောက်တောက်တောက်လည်း ဖြစ်နေရှာသည်။
"ဒါဆို အစ်ကိုက ဒီစာအုပ်မှာ မျကိစိမှိတ်ပြီး ကျွန်မခေါ်ပေးတဲ့စာကို လိုက်ရေးရမယ်၊ ညီညီညာညာနဲ့ စာကြောင်းသုံးကြောင်း ရေးနိုင်ရင် ဆုငွေငါးထောင် ရမှာပါ၊ လုပ်ကြည့်မယ်မို့လား အစ်ကို"
"ဟုတ်. . . ဟုတ်ကဲ့"
"ကဲ. . ပရိသတ်ကြီးရှင့်၊ ကျွန်မတို့ TAKE THE MONEY & RUN အစီအစဉ်အတွက် သူရဲကောင်းတစ်ဦး ရပါပြီရှင်. . ကဲ အစ်ကိုရော့. . စာအုပ်နဲ့ ဘော်လ်ပင်(န်)ကို အသင့်ပြင်ထား၊ မျက်စိတော့မှိတ်ထားရမှာနော်၊ လုံးဝ ဖွင့်ကြည့်လို့ မရဘူး"