၂၀၁၈ခုနှစ်မှာတော့ဒီထက်အများကြီးကောင်းလာမယ်။ဒါကတော့သေချာပါတယ်။ဘာဖြစ်လို့လည်းဆိုတော့နိုင်ငံတော်မှာအခုဆောင်ရွက်နေတဲ့ အစိုးရအဖွဲ့အစည်းဝန်ကြီးဋ္ဌာနနဲ့စောင့်ကြည့်နေကြတဲ့စီးပွားရေးလုပ်ကန်းရှင်ကြီးတွေကလည်း နိုင်ငံတော်အကြီးအကဲတွေနဲ့နားလည်မှုရနေတယ်လို့မြင်တယ်။စီးပွားရေးလုပ်ငန်းရှင်တွေကလည်းအစိုးရအပြောင်းအလည်းမှာအဆင်ပြေပါ့မလားဆိုပြီးရပ်ကြည့်တဲ့အနေအထားက ၂၀၁၇ခုနှစ်မှာဖြစ်ခဲ့ပြီးပြီ။ အခု၂၀၁၈ခုနှစ်မှာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင်လည်းအရင်စီးပွားရေးသမားတွေဘာပဲဖြစ်ခဲ့ဖြစ်ခဲ့လက်ရှိလုပ်ဆောင်တဲ့အခါမှာ ဥပဒေနဲ့အညီဆောင်ရွက်ပါ။တိုင်းပြည်တိုးတက်ဖို့ ဆောင်ရွက်ပါ။သူ့အနေနဲ့ လုံးဝလက်ကမ်းကြိုဆိုပါတယ်လို့ပြောဖူးပါတယ်။ဆိုလိုတာကတော့ ဒီလက်ရှိစီးပွားရေးသမားတွေတော်တော်များများကလည်းအခုတက်လာတဲ့အစိုးရအပေါ်မှာအမြင်ကြည်သွားပြီ။တစ်ယောက်တစ်ယောက်နားလည်မှုရှိသွားပြီလို့ယူဆပါတယ်။အဲ့ဒါကလည်း၂၀၁၈ခုနှစ်ရဲ့အလားအလာကောင်းဖြစ်ပါတယ်။
ပြည်တွင်းငြိမ်းချမ်းရေးဆိုရင်လည်း အရင်တုန်းကတည်းက နှစ်ပေါင်းခြောက်ဆယ်ကျော်ဖြစ်လာတဲ့ပြည်တွင်းမငြိမ်းချမ်းမှုတွေကို ပြည်တွင်းငြိမ်းချမ်းရေးရအောင်တစ်နိုင်ငံလုံးအတိုင်းအတာနဲ့တကယ့်ကိုအားသွန်ခွန်စိုက်လုပ်နေပါတယ်။ တိုင်းပြည်ရဲ့စီးပွားရေးဆိုတာကလည်းငြိမ်းချမ်းရေးနဲ့အဓိကဆက်စပ်နေတာလူတိုင်းသိပြီးသားဖြစ်ပါတယ်။ငြိမ်းချမ်းရေးသာမြန်မြန်ရရင်တိုင်းပြည်စီးပွားရေးဟာ ခုန်တက်သွားမယ်လို့ယုံကြည်ပါတယ်။ ဒီငြိမ်းချမ်းရေးမရတဲ့အတွက် တိုင်းပြည်ရဲ့စီးပွားရေးတွေနှောင့်နှေးနေတာအဓိကဖြစ်ပါတယ်။
လက်ရှိအစိုးရကလည်း အရင်တုန်းကစီမံကိန်းတွေတရားဝင်ဖြစ်မဖြစ်ဆိုတာ လေ့လာတယ်။ အခု ဥပဒေနဲ့အညီဖြစ်တဲ့စီမံကိန်းတွေ စခွင့်ပြုနေပါပြီ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ စပေါ်နေပါပြီ။ ဥပမာ ၂၀၁၇ခုနှစ်အတွင်းမှာ ဆန်ဆိုရင် တရုတ်ကို အဓိကအားထားပြီး ရောင်းခဲ့ရတယ်။ဒါပေမဲ့ အခုကျတော့ ဘင်္ဂလားဒေ့ရှ်ကို ဆန်တော်တော်များများရောင်းနိုင်တယ်။ နောက်အာဖရိကနိုင်ငံတော်တော်များများလည်း ရောင်းနိုင်ခဲ့တာကိုတွေ့ရပါတယ်။
အဲ့ဒီလိုပဲ ပဲဈေးကွက်ကိုလည်း ကြိုးစားကြရမှာဖြစ်ပါတယ်။ ပဲဈေးကွက်ကတော့ အဓိက အိန္ဒိယနိုင်ငံဖြစ်နေတယ်။ အိန္ဒိယကမဝယ်ဘူးဆို ဈေးကွက်တွေ အသစ်ရှာရမယ်။ အခုလောလောဆယ် တခြားနိုင်ငံတွေက ပဲစင်းငုံက အဓိကကျတယ်။ export တင်နိုင်မယ့် ကောက်ပဲသီးနှံတွေ ပြောင်းစိုက်ဖို့ ကျွန်တော်တို့ နံပါတ်တစ်ကြိုးစားရပါမယ်။ နောက်နံပါတ်နှစ်က ပဲစင်းငုံတောင်မှ ဘရူနိုင်းတို့၊ ဘင်္ဂလားဒေ့ရှ်တို့၊ ပါကစ္စတန်တို့၊ နောက်မလေးရှား၊အင်ဒိုနီးရှား ဒီနိုင်ငံတွေက အရင်နှစ်တွေထက် ပိုဝယ်လာတယ်။ ဘာလို့ဝယ်လာလဲဆိုတော့ ဈေးချုသွားလို့။ ဆိုလိုတာက အိန္ဒိယနိုင်ငံနဲ့ ပဲကိစ္စဖြစ်သွားတော့ ကျွန်တော်တို့အတွက် ဈေးကွက်တစ်ခုတောင် ထပ်တိုးဖွင့်တယ်လို့ အဆိုးထဲက အကောင်းယူလို့ရပါတယ်။
အဲ့ဒီတော့ ကျွန်တော်တို့အနေနဲ့က ဒီနှစ်မှာ ဒီလိုဈေးကွက်တွေလည်း ပွင့်လာတာကိုတွေ့ရမယ်။ တိုင်းပြည်အတွင်းမှာ အစိုးရနဲ့စီးပွားရေးသမားနဲ့ ချိတ်ဆက်မယ်၊ ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်လာတဲ့အတွက် နိုင်ငံတကာလက်ခံနိုင်တဲ့အဆင့်အတန်းတွေ ရောက်လာပြီဆိုရင် ကျွန်တော်တို့ဟာ ၂၀၁၈ခုနှစ်သက်တမ်းမှာတော့ ပိုမိုအောင်မြင်လာမယ်လို့ယုံကြည်ပါတယ်။