ဒီနေ့တော့ ကျနော် ကြော်ငြာလေးနဲနဲလောက်ဝင်ချင်ပါတယ်။ ကျနော့်နာမည် မေသဇင်ကျော်ပါ။ ပုသိမ်မှာနေပါတယ်။ အလုပ်အကိုင်အနေနဲ့ ပုသိမ်မြို့ ဒေသထွက်ကုန်တွေဖြစ်တဲ့ ပုသိမ်ဟာလ၀ါ နဲ့ ပုသိမ်ထီး တွေကိုရောင်းချတဲ့ အရောင်းဆိုင်သေးသေးလေးတစ်ခု ဖွင့်ထားပါတယ်။ တနေ့က ကျနော့်သူငယ်ချင်း တစ်ယောက်က ပုသိမ်ထီးနဲ့ပတ်သက်ပြီး လှမ်းမေးလာတော့မှ အော် ငါ့ဆိုင်မှာ ပုသိမ်ထီး အစုံရတယ်ဆိုတာ သူငယ်ချင်းတွေကို တခါမှမိတ်မဆက်ပေးဖူးဘူးဆိုတာကိုသတိရမိတယ်။ အဒါကြောင့် ဒီနေ့ကျနော့်ဆိုင်မှာ ရတဲ့ပုသိမ်ထီးတွေအကြောင်းနဲနဲလောက်ပြောပြပြီးမိတ်ဆက်ပေးချင်လာတာမို့ ဒီပိုစ့်ကိုရေးဖြစ်ခဲ့တယ်။
အရင်ဦးဆုံးပုသိမ်ထီးတစ်လက်ဖြစ်ပေါ်လာပုံအဆင့်ဆင့် ကို ပြောပြပေးချင်ပါတယ်။ပုသိမ်ထီးမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေကတော့
(၁) ထီးရိုး
(၂) လက်ကိုင်
(၃) ထီးလက်
(၄) ထီးချက်
(၅) ထီးခေါင်း
(၆) ထီးရွက်
(၇) ပန်းပွား
(၈) ပန်းချီ စတာတွေပဲဖြစ်ပါတယ်။ အဓိကနေနဲ့ ရိုးတံအတွက်သစ်နဲ့ဝါးအသုံးပြုပြီးတော့ ထီးရွက်အနေနဲ့ ဖဲသားနဲ့ချည်သားကိုအသုံးပြုပါတယ်။ ထီးတံနဲ့ ခရိုင်များအတွက် တလကူဝါးကိုသုံးပြီးတော့ ထီးရိုးအတွက် ခရင်ဝါး၊ ထီးလက်ကိုင်နဲ့ ထီးဂေါင်းများအတွက် တောင်မရိုးသစ် မအူရွှေဝါသစ် မအူလက်တံသစ် အမျိုးအစားများကိုယေဘုယျ အားဖြင့်သုံးပါတယ်။ ချည်သားထီးရွက်များကို တယ်သီးဖြင့်သုတ်လိမ်းရပါတယ်။ အလှပန်းချီအနေနဲ့ ဖဲသားနဲ့လုပ်တဲ့ထီးတွေမှာ ပန်းနွယ် ပန်းခက်ပုံများကိုရေးဆွဲလေ့ရှိပြီး ချည်သားနဲ့လုပ်တဲ့ထီးတွေ မှာတော့ ကနုတ်ပုံအမျိုးမျိုးကို ပန်းချီရေးဆွဲပါတယ်။ ၀ယ်သူမှ အပ်တဲ့ပန်းချီပုံအမျိုးမျိုးကိုလည်း ရေးဆွဲပေးပါတယ်(ဥပမာ- လူပုံအလှ ဆိုင်logo နာမည်အလှရေးထိုးတာမျိုး စသည်ဖြင့်ပေါ့နော်)။
ထီးတစ်လက်ကိုစတင်လုပ်ဆောင်တော့မည်ဆိုလျှင် အရင်ဆုံး တလကူဝါးတွေကို ဆေးစိမ်ရပါတယ်။ အဲဒီနောက် ကျပ်တင်ရတယ်။ ပြီးရင်တော့ထီးအတွက်ဝါးကိုပြုပြင်ခြင်းအဆင့်ပြီးဆုံးပါပြီ။ဒါကြောင့် ထီးတလက်ဖြစ်ပေါ်လာဖို့အတွက် ပြင်ဆင်ပြီးသားဝါးတွေကို ထီးဆိုဒ် အရွယ်အစားအတိုင်း ဖြတ်တောက်ရပါတယ်။ ဖြတ်တောက်ပြီးတဲ့ဝါးပိုင်းငယ်များကို မျက်နှာပြင်ချောမွတ်ညီညာစေရန် ဓါးဖြင့်ခြစ်ပေးရပါတယ်။ ပြီးရင်တော့ ၀ါးပိုင်းငယ်များကို လေးချောင်းဖြာပြီးတော့ ထီးလက်အရွယ် ၀ါးစိတ်များကို စိတ်ရပါတယ်။ ရရှိလာတဲ့ ၀ါးစိတ်များကို ချောမွတ်သွားစေရန် ဗျက်ချရပါတယ်။ ဗျက်ချပြီး ရလာတဲ့ ထီးလက်တံလေးတွေကို ထီးအရွယ်အစားအလိုက် သံစူးငယ်များနဲ့ အပေါက် ဖောက်ရပါတယ်။ ထီးလက် အကွေးငယ်များ ဖြစ်လာစေရန် ဗံနစ်ရိုက်ရတယ်။ ထီးတံ ကွေးညွှတ်ဖို့ အကောင်းဆုံး အနေအထားကို ရောက်လာပြီဆိုရင် ရထားတဲ့ ထီးလက်လေးတွေကို လေးစိတ် ထပ်မံခွဲပြီးနောက်မှာ ထီးလက်အတွက် လုပ်ငန်းစဉ် ပြီးဆုံးပါပြီ။
ထီးရိုး
ခရင်ဝါးကြမ်းများကို လိုအပ်တဲ့ အရွယ် ပိုင်းဖြတ်၊ ပိုးမထိုးအောင် ဆေးစိမ် ကျပ်တိုက်။ပြီးရင် ထီးအပိတ်အဖွင့် အဆင်ပြေစေဖို့ တစ်ဖြောင့်တည်းဖြစ်အောင် ဖြောင့်ပေးရပါတယ်။ ဖြောင့်ပြီးသော ထီးရိုးတစ်ခုကိုမှ နေပူ လှန်း အခြောက်ခံ အပေါ်ယံ ကြေးညှိများကို ရှင်းလင်း။ အပိတ်ဖွင့်ခလုတ် ရိုက်ရန်အတွက် အပေါက်ငယ်လေးများကို ဖောက်ပေးရပါတယ်။ ထီးဂျက်ပေါက်ငယ်များထဲကို ထီးချက်အဖြစ် တလကူဝါးတွေကို ဖြတ်တောက်ပြီး ချက်ဆန်ထည့်ပေးပြီးပြီဆိုလျှင် ထီးရိုးပြောင်လက်စေရန်နဲ့ ၀ါးမကွဲစေဖို့ ဆေးသုတ်ပေးရပါတယ်။
ထီးခေါင်းနဲ့လက်ကိုင်
ထီးခေါင်းနဲ့ ထီးလက်ကိုင် အတွက်ကိုတော့ တောင်မရိုးသား၊ မအူရွှေဝါ၊ မအူလက်တံ သစ်သားတွေကို အနေတော် သစ်တုံးလေးများ ပိုင်းဖြတ်ကာ ပွတ်ခုံမှာ ပုံဖော်ပေးရပါတယ်။ ထီးလက်များ တပ်ဆင်ဖို့ကို လိုအပ်သော အသေးစိတ် အကြောင်းငယ်လေးများ ပုံဖော်ပေးရ ပြန်ပါတယ်။ ဒီလိုအသေးစိတ်ဖြတ်တောက်တာတွေကိုတော့ စက်ဖြင့်လုပ်တာပါ။
ဒီလိုဝါးတွေကိုလိုအပ်သလိုဖြတ်တောက်ပြင်ဆင်ပြီးတဲ့နောက် ထီးမ၊ ထီးရိုးများကို ထီးလက်များနဲ့ တွဲဆက်မှုကတော့ လက်မှုပညာပါ။ ထီးလက် ၀ါးခြမ်းငယ်များကို အပ်များဖြင့် တွဲချီလျက် ထီးမမှာ တပ်ဆင်ပေးရပါတယ်။ ထီးလုံးကို ၀ါးရိုးတပ် ပြီး ထီးရိုးတစ်ခုဖြစ်အောင် လုပ်ရပါတယ်။ ထီးလုံးကို လက်ပြားချည်ရန်အတွက် အနေတော် ကွေးညွှတ်နိုင်ဖို့ မီးနဲ့ ထီးတံအပြားကို ကွေးညွှတ် ရပါတယ်။ ကွေးပြီး ထီးတံများကို အပ်ချည်ကြိုးနဲ့ အနားသတ်ချည်ပေးပြီး ထီးတံများကို လိုအပ်တဲ့ ထီးကွက်ဖြစ်အောင် လက်ကွက် ညှိရပါတယ်။ လက်ကွက်ညှိပြီးသား ထီးတံများကို ကော်သုတ်ပြီး ထီးရွက်အဖြစ် အသုံးပြုမယ့် ပိတ်စ ကို ထီးခေါင်းထိပ်မှာ ဖောက်ကာ ထီးလက်များပေါ်ကို စွပ်ချပြီး ကပ်ရပါတယ်။ ထီးလက်များပေါ်မှာ ကပ်နေသော ကော်များကို အနားသတ် ချောစေရန် ထီးဇောင်းများကို လက်နှင့်တိုက်၍ ချိုးပေးရပါတယ်။ ထီးလုံးသွားစေဖို့ ထီးလုံးကို ၀ါးရိုးခွေလုပ်ကာ စွပ်ပြီး ထီးလုံး လှည့်ရပါတယ်။ လုံးသွားသော ထီးလုံးမျာကိုမှ ထိပ်စမှ စက္ကူအမာခံနှင့် ပထမအဆင့် ကော်နှင့်ပတ် ကော်ခြောက်သွားလျှင် အပေါ်မှ မှိုင်းခံတပ်ပြီးတော့ အုပ်ရပါတယ်။ပြီးလျှင်နေပူလှန်းရပါမယ်။ ခြောက်သွားပြီဆိုရင်တော့ ပန်းချီဆွဲတဲ့အပိုင်းပါ။ အော်ဒါအလိုက် ပန်းပုံ ကနုတ်ပုံ အလှပုံများကို ပန်းချီဆရာတွေက ရေးဆွဲပေးကြပါတယ်။
ပန်းချီဆွဲပြီးထီးများကို ပန်းပွားများနဲ့အလှဆင်ပေးရပါတယ်။အားလုံးပြီးပြီဆိုရင် အိတ်ထဲမထည့်ခင် ထီးလေးပိုလှသွားအောင် ထီးခေါင်းထိပ်ကလေးမှာပန်းပွားဘောလုံးလေးကို တူသေးသေးလေးနဲ့အသာလေးရိုက်ပေးလိုက်ပြီးတော့မှ တိုင်းဖြတ်ထားတဲ့အိတ်ရှည်ရှည် လေးထဲကို ထည့်လိုက်မယ်ဆိုရင် လှပတဲ့ပုသိမ်ထီးလှလှလေးတွေကိုဆိုင်တွေမှာတင်ရောင်းလို့ရပြီပေါ့ရှင်။
ပုသိမ်ထီးကိုအလှူတွေမှာ လှပျိုဖြူလေးတွေဆောင်းကြပြီးတော့ ကျနော်တို့ပုသိမ်မှာတော့ ရှမ်းကုန်သည် လှည့်တဲ့အချိန်မှာ အလှစင်ထားတဲ့ လှည်းယာဉ်ပေါ်မှာ ကုန်သည်မောင်နှံက ပုသိမ်ထီးလေးဆောင်းပြီး လိုက်ပါလေ့ရှိကြပါတယ်။(ရှမ်းကုန်သည် လှည့်တဲ့အကြောင်းကိုတော့ နောက်မှ ပိုစ့်တစ်ခုသပ်သပ်ရေးတင်ပါအုန်းမယ်)။မောင်ရင်ရှင်လောင်းလှည့်ရင်လဲ ပုသိမ်ထီးကမပါမဖြစ်ပါ။ ပြီးတော့ အခုဆိုရင် မီးဆိုင်းထီးလေးတွေပါရနေပြီဆိုတော့ ပွဲလမ်းသဘင်တွေ ခန်းမတွေမှာ အလှဆင်ဖို့အတွက်လဲ အဆင်ပြေတာပေါ့နော်။ ကျနော့်သူငယ်ချင်းတွေ မှာယူချင်တယ်ဆိုရင်လဲ ကျနော့်ကိုဆက်သွယ်နိုင်ပါတယ်။ SBD (or) Steem နဲ့လဲဝယ်ယူနိုင်ပါတယ်လို့ :D (ကြော်ငြာတာပါ)။
[//]:# (!steemitworldmap 16.732016 lat 94.744220 long d3scr)