Weekend အားလပ်ရက်လေးဖြစ်တဲ့ မတ်လ ၂၄ ရက် (ဒီကနေ့) မှာ တေးဂီတဖျော်ဖြေပွဲတချို့ တင်ဆက်မယ့် အစီအစဉ်တွေရှိနေပါတယ်။ Rock ဂီတကို ကြိုက်နှစ်သက်သူတွေအတွက်တော့ ၀မ်းမြောက်ဖွယ်ပါပဲ။
နာမည်ကျော် Rock band ဖြစ်တဲ့ Idiots နဲ့ နာမည်ကျော် Rock အဆိုတော်တွေဖြစ်တဲ့ ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ ဂျေမောင်မောင်တို့ရဲ့ တေးဂီတဖျော်ဖြေပွဲတွေပဲဖြစ်ပါတယ်။ Idiots အဖွဲ့ရဲ့ ရှိုးပွဲကိုတော့ Idiots x Youk $hi အမည်နဲ့ ပြုလုပ်မှာဖြစ်ပြီး မြန်မာပလာဇာမှာရှိတဲ့ Hard Rock Café မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ည ၇ နာရီကနေ ၁၀ နာရီအထိ ကျင်းပပြုလုပ်မှာဖြစ်ပြီး လက်မှတ်ဈေးနှုန်းတွေကတော့ Regular လက်မှတ်တစ်စောင်ကို ၂၅၀၀၀ ကျပ်ဖြစ်ပါတယ်။
လူ ၂ ဦးဝင်ခွင့်နဲ့ ဘီယာ ၄ ခွက်ပါဝင်ပါတယ်။ VIP Table နှုန်းကတော့ ၁၅၀၀၀၀ ဖြစ်ပြီး လူ ၄ ဦးကနေ ၆ ဦး ၀င်ခွင့်၊ Red Label နဲ့ ကြက်ကြော်အစရှိတာတွေ ပါဝင်မှာဖြစ်ပါတယ်။ တစ်ဦးတည်းဝင်ခွင့်အတွက်ကတော့ ၁၅၀၀၀ ဖြစ်ပါတယ်။ ဇော်ဝင်းထွဋ်၊ ချစ်ကောင်း၊ ဂျေမောင်မောင်တို့ ပါဝင်တဲ့ Emperor အဖွဲ့ရဲ့ 90’s Rock Legends ရှိုးပွဲကိုတော့ သုဝဏ္ဏဘူမိအီဗန့်ပတ်ခ်မှာ ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ရှိုးပွဲကျင်းပချိန်ကလည်း ည ၇ နာရီကနေ ၁၀ နာရီအထိဖြစ်ပါတယ်။ လက်မှတ်ဈေးနှုန်းတွေကတော့ ၁၀၀၀၀ ကျပ် သတ်မှတ်ထားပြီး ပွဲမစတင်ခင်ရက်တွေအတွင်း ပရိုမိုးရှင်းနဲ့ ဈေးလျှော့ရောင်းချပေးမှာဖြစ်ပါတယ်။ ဒါအပြင် VIP နဲ့ VVIP လက်မှတ်တွေကိုလည်း ရောင်းချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။