တစ်ခါက နွားချေးပုံတစ်ပုံတွင်နေသော ချေးပိုးထိုးကောင် တစ်ကောင်ရှိသည်။ သူသည် နွားချေးပုံထဲသို့ တိုးဝင်သည်။ သူတွေ့မြင်ရသည်ကိုလည်း နှစ်သက်သဘောကျသည်။ ထိုကြောင့် သူ့မိတ်ဆွေများကို ဖိတ်ပြီး နွားချေးပုံတွင် မြို့ရွှာတည်ပြီး နေထိုင်ရန် စီစဉ်ပါသည်။
ရက်တော်တော်ကြာကြာ ကြိုးစားတည်ဆောက်လိုက်သောအခါ နွားချေးပုံထဲတွင် အံ့ဩဖွယ်ရာ မြို့ရွှာတစ်ရွှာကို တည်ဆောက်နိုင်ခဲ့ကြပါသည်။ သူတို့၏ စွမ်းဆောင်နိုင်မှုကိုလည်း ဂုဏ်ယူမဆုံးဖြစ်ကြသည်။
ထို့ကြောင့် ပထမဆုံး စိတ်ကူးကောင်းရသော ချေးပိုးထိုးကောင်ကိုဘုရင်အဖြစ် တင်မြောက်ရန် ဆုံးဖြတ်ကြသည်။ တင်မြောက်လိုက်သော ဘုရင်အသစ်စက်စက်ကို ဂုဏ်ပြုသည့် အထိမ်းအမှတ်အနေဖြင့် နွားချေးပုံ မြို့ထဲတွင် ထည်ဝါစွာ စီတန်းပြီး ဂုဏ်ပြုသည့် အထိမ်းအမှတ်ပြုကြသည်။
ချေးထိုးပိုးကောင် ဘုရင်အား ဂုဏ်ပြုပွဲစည်ကားစွာ ကျင်းပနေစဉ် နွားချေးပုံနားသို့ ဆင်တစ်ကောင်ဖြတ်သွားပါသည်။ နွားချေးပုံနားအရောက်တွင် ခြေထောက်ကို ချေးပေမည်စိုးသဖြင့် နွားချေးပုံကို ရှောင်ပြီး ခြေချသွားပါသည်။
ထိုအမူအရာကို မြင်သော နွားချေးပိုးဘုရင်က ဒေါသတကြီး "ဟေ့...သတ္တဝါကောင်ကြီး၊ ငါဘုရင်မင်းမြတ်ကို မင်းဘာကြောင့် အရိုအသေမပေးတာလဲ၊ မင်းရဲ့ ခြေထောက်ကို ငါဘုရင်မင်းမြတ်၏ ခေါင်းပေါ်က ကျော်သွားတာ သိပ်ရိုင်းတယ်ဆိုတာ မင်းမသိဘူးလား။ အခုချက်ချင်း တောင်းပန်ရင် တောင်းပန်၊ မတောင်းပန်ရင် မင်းကို အပြစ်ပေးရလိမ့်မယ်"ဟု လှမ်းအော်ပြောပါသည်။
ထိုအခါ ဆင်ကြီးက အောက်သို့ကြည့်ပြီး "ကျက်သရေကြီးလှပါတဲ့ နွားချေးပုံထဲက ချေးပိုးထိုးဘုရင်မင်းမြတ်ကြီးခင်ဗျား၊ ကျွန်တော်မျိုးကို ခွင့်လွှတ်သနားပါရန် တောင်းပန်ပါတယ် ခင်ဗျား" ဟု ပြောပြောဆိုဆိုနဲ့ နွားချေးပုံပေါ် ဒူးထောက်ချလိုက်ပြီး ဘုရင်ကြီးရယ်၊ တစ်မြို့လုံးရယ်၊ မြို့သူမြို့သားတွေအားလုံး ချေမွလိုက်ပါတော့သည်။ မာနတရားကိုလည်း ချိုးချလိုက်ပါတော့သည်။
တချို့လူများသည် သူတို့၏ အခြေအနေမှန်၊ နေရာမှန်ကို မစဉ်းစားဘဲ အခြားလူများထက် သာလွန်သည်ဟု ထင်နေတတ်ကြပါသည်။ သူတို့သည် သူတို့ကိုယ်သူတို့ အလွန်အထင်ကြီးတတ်ကြပါသည်။ ဘဝင်မြင့်တတ်ကြပါသည်။ ထိုဘဝင်မြင့်မှုသည် လွန်စွာ အန္တရာယ်ကြီးလှပါသည်။
အဘယ်ကြောင့်ဆိုသော် "မကျရှုံးမီ ရှေ့တွင်မာန်မာနက အရင်ဖြစ်ပေါ်တတ်ပါသည်။"
"မာန်မာနဖြစ်ပေါ်နေပြီး မကြာမီတွင် ကျရှုံးပေလိမ့်မည်။"
အောင်မြင်မှုကို ရေရှည်မထိန်းထားနိင်သည့် အကြောင်းရင်းမှာ လူ၏ မာန်မာနပင် ဖြစ်ပါသည်။ မှားယွင်းသောမာနကြောင့် လူအများသည် မကောင်းသောလုပ်ရပ်များ ပြုလုပ်ကြပါသည်။ မပြုမူသင့်သော အပြုအမူတွေ ဖန်တီးကြပါသည်။ မိမိမာန်မာနတရာကြောင့် တခြားလူများ၏ ပေါ်လွင်သိသာထင်ရှားသော အကြောင်းအရာများပေါ်တွင်ပင် အသိအမှတ်မပြုနိုင်ဖြစ်ကြပါသည်။
ကျွန်တော်တို့ အားလုံးသည် ငယ်ရွယ်နုပျိုစဉ်တွင် ငယ်ရွယ်နုပျိုသည့် ဂုဏ်ကို မာနမထားသင့်ပါ။ ကျန်းမာသန်စွမ်းနေသည့် ကာလတွင်လည်း ကျန်းမာသည်ဆိုသည့် ဂုဏ်မာန မမောက်သင့်ပါ။ ငွေကြေးစည်းစိမ် ပြည့်စုံအဆင်ပြေနေသည့် အချိန်တွင်လည်း ငါချမ်းသာသည်ဆိုတဲ့ ဓနဂုဏ် မထောင်လွှားသင့်ပါ။ အောင်မြင်ကျော်ကြား လူကြိုက်များနေသည့်ကာလတွင်လည်း ငါမှငါပဲဆိုသည့် ဂုဏ် မာနမမောက်သင့်ပါ။
မိမိအောင်မြင်မှုနှင့် စည်းစိမ်ဥစ္စာတို့အပေါ် မာန်မာန ထောင်လွှားတက်ကြွတော့မည်ဆိုလျှင် နွားချေးပုံထဲက ထောင်လွှားသော ချေးပိုးထိုးကောင်ကြီးကို သတိရလိုက်ပါ။
