သူသိထားသည်မှာ အရာရာကို ငွေနှင့်ဖြေရှင်းရန်သာ ဖြစ်သည်။ ထိုအသိသည် သူ့ထံမှာ မည်မျှကြာကြာ
စွဲမြဲနိုင်ပါမည်နည်း။
“အသက် ၁၀ နှစ်လောက်ကွာတာကို ယူလို့သင့်တော်ပါ့မလား”
“ဘာလဲ မာဂရက်က အသက် ၄၅ နှစ်အရွယ် လူကြီး ကြိုက်နေလို့လား”
“ဝေးလိုက်တာ ကျော်ကျော့်အသက်က ၂၅ နှစ် ရှိသေးလို့ စဉ်းစားနေတာ”
သို့နှယ် အပျိုကြီးများကလည်း ကျော်ကျော့်ကို စိတ်ဝင်စားကြပါသည်။ အပျိုလေးတို့၏ မိဘများကလည်း သားမက်တော်ရန် တန်းစီနေကြသည်။ ထို့ကြောင့် နီးစပ်ရန် နည်းမျိုးစုံနှင့် ကြိုးစားကြသည့် နည်းမျိုးစုံထဲမှာ အလှူ၊ တိုက်တက်၊ မွေးနေ့ စသည့်ပွဲတို့အတွက် ဖိတ်ကြားသည့်နည်းလည်း ပါပါသည်။ ကျော်ကျော်၏ စာကြည့်ခန်းတံခါးက ဟသွားပြီး ဦးသြဇာ ဝင်လာ၏။
“ဦးလေးသြဇာ တံခါးမခေါက်ဘဲ ဝင်လာလို့ရပါတယ်”
“မင်းအဖေ လုပ်ထားခဲ့တဲ့စည်းကမ်းကွ”
ကျော်ကျော်က ဘာမှပြန်မပြောတော့…
“နော်ဇာ ရောက်နေတယ်။ တိုက်တက်ဖိတ်ချင်လို့တဲ့”
“ဦးလေးသြဇာပဲ ဖိတ်စာယူထားလိုက်ပေါ့”
“ကျော်ကျော်၊ သူ့အဖေနဲ့ မင်းအဖေဟာလည်း သူငယ်ချင်းတွေ။ ကွယ်လွန်သူ မင်းအဖေရဲ့ ဂုဏ်သိက္ခာဟာ မင်းအပေါ်မှာပဲ မူတည်တယ်”
ဦးသြဇာ လှည့်ထွက်သွားသည်။ ကျော်ကျော်သည် ဦးသြဇာကိုမူ ကြောက်ချစ်ရိုသေဖြစ်ပါသည်။ ဦးသြဇာမှာ နေရာတကာ ဝင်ရောက်စွက်ဖက်လေ့ မရှိသော်လည်း ပြောသင့်ပြောထိုက်သည်ကိုမူ အပိုအလိုမရှိ ပြောတတ်သည်။ မလိုအပ်ပါက တစ်လနေ၍မှ စကားတစ်ခွန်း မဟ။
ဧည့်ခန်းမှာ နော်ဇာနှင့် ရှင်ညိုတို့ ထိုင်နေသည်။ လှေကားမှ ဦးသြဇာ ဆင်းလာသည်။ ဦးသြဇာ၏နောက်မှာ
ကျော်ကျော်။ ရှင်ညိုမှာ ကျော်ကျော်ကိုမြင်သည်နှင့် ရင်တွေတဒိန်းဒိန်း ခုန်သွားသည်။ ခေါင်းကို ငုံ့ထားလိုက်သည်။ ကျော်ကျော်က မျက်နှာချင်းဆိုင်ဘက်မှာ ဝင်ထိုင်လိုက်ပြီး ပြုံးပြနှုတ်ဆက်သည်။ ထိုအပြုံးမှာ အသက်မပါ။ နော်ဇာက…
“တိုက်တက် လာဖိတ်တာပါ”
ကျော်ကျော်က ဖိတ်စာကိုလှမ်းယူလိုက်ပြီး သူ့ရှေ့မှာ ချထားလိုက်သည်။
“ကျွန်မက နော်ဇာပါ။ ဖေဖေက ကိုယ်တိုင်သွားဖိတ်ပါဆိုလို့”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။ လေးစားရာလည်းရောက်အောင် ကျွန်တော့်ကိုယ်စား ဦးလေးသြဇာကို
လွှတ်လိုက်ပါမယ်။ မနော်ဇာတို့ ဖေဖေနဲ့လည်း မိတ်ဆွေရင်းတွေဆိုတော့”
အပိုင်း ၆ ဆက်ရန်
msu 084