( ၁ )
https://steemit.com/myanmar/@aggamun/my-little-teachers-and-me-1-aggamun
( ၂ )
https://steemit.com/myanmar/@aggamun/my-little-teachers-and-me-2-aggamun
( ၃ )
ကလေးတွေမှာ ကိုယ်ပိုင် အစွမ်းအစ ရှိတယ်။ ဒါကို ကျွန်တော်တို့က ပြုစု ပျိုးထောင် ပေးရမယ်။ ကျွန်တော်တို့က ရှေ့ကနေ လုပ်ပြတာထက် နောက်ကကနေ ထိန်းပေးရုံပေါ့။ လမ်းမှား မရောက်အောင်လေ။ ဒါကို ကျွန်တော်တို့ အားလုံး နားလည်ပြီးသား ပေမဲ့ တကယ်တမ်းတော့ လိုက်နာ ကျင့်သုံးဖို့ က ဆင်ခြေ ဆင်လက် ဆင်နားရွက် တွေ နဲ့ နပန်းလုံးရင်း အချိန်ကုန်တာ များပါတယ်။ ကျွန်တော်တို့ ကိုယ်ပိုင် အတ္တတွေ ဖက်တွယ် မိနေတုန်းပဲ။
ကျွန်တော် ကလေးတွေကို စာ စတင် သင်ကြားမယ် ဆိုကတည်းက ပြောပြထားတဲ့ အချက်တွေ ရှိပါတယ်။ ကျွန်တော်က ကိုယ့်ဘာသာ စိတ်ကူးတည့်ရာ သင်မယ့် အကြောင်း၊ ကျောင်း စာမေးပွဲက ရမှတ်ကို တာဝန် ယူမည် မဟုတ်ကြောင်း၊ စာပြီးအောင် မသင်ဘဲ တတ်အောင်သာ သင်မှာ ဖြစ်တဲ့ အတွက် ကလေး ဉာဏ်ရည် ပေါ်သာ မူတည်၍ အချိန် အကန့်အသတ် မရှိ ယူမည် ဖြစ်ကြောင်း ကြိုတင် ပြောပြထားတဲ့ အတွက် တစ်ချို့ က သဘော မကျတတ်ပါဘူး။ အိမ်နီးလို့သာ ပြီးစလွယ် ထားလိုက်ကြပါတယ်။ တစ်ချို့ကျတော့ လည်း သဘောကျ ကြပါတယ်။ စိတ်ကြိုက် သာလုပ်ပါတဲ့။
ကျွန်တော် တကယ် သင်တော့လည်း ပြောတဲ့ အတိုင်းသင် ပါတယ်။ တစ်ခါတလေ သင်္ချာ တစ်ပုဒ်ကို တစ်ပတ်လောက် ကြာပါတယ်။ ကလေးက ငါးတန်း ရောက်နေပေမဲ့ စာမကြေ ခဲ့တော့ ဘာမှ မသိဘူးဗျာ။ အဓိကက စာကို စိတ်မပါတာပါပဲ။ ဟိုတလောက စာမေးပွဲမှာ အဲဒီ ပုစ္ဆာ ပါလာပါတယ်။ ဒါပေမဲ့ ဒီကောင် မဖြေနိုင်ခဲ့ပါ။ မေးကြည့်တော့ ဘာမှ မသင်ရသေးတဲ့ အသစ်တိုင်းပဲ။ တကယ့် သင်္ခါရ ပါပဲ။ အဲဒီကတည်းက စာသင်ရင် စာဖတ်တတ်အောင် သင်တာထက် စာငတ်နေအောင် သင်ရမယ် ဆိုတဲ့ စကားကို တော်တော် ကြီး သဘောပေါက်သွား ပါတော့တယ်။ " စာတတ်အောင်ထက် စာငတ်အောင် သင်ရမယ် " ပေါ့ ခင်ဗျာ။
ဟုတ်တယ်ဗျာ။ ဒါကြောင့် ထင်တယ် ကျွန်တော် ဘယ်လောက် လွယ်ကူ ရိုးရှင်းအောင် ကလေးတွေကို သင်ပေး ပေး သူတို့က မမှတ်မိတာနေမယ်။ ခုတော့ ကျွန်တော် စဉ်းစား ရှာဖွေ နေတဲ့ တစ်ခုတည်းသော အကြောင်းအရာ ကတော့ စာငတ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပါပဲ။ မိတ်ဆွေ တို့မှာ နည်းလမ်း ကောင်း အကြံကောင်းများ ရှိရင် လည်း ဝေမျှ ပေးခဲ့ပါဦးနော်။
တကယ်တော့ ဒီနေ့ ဒီစာကို ရေးတာက ကလေး တစ်ယောက် အကြောင်း ပြောချင်လို့ပါပဲ။ ကလေး အတွေးက လည်း ဖွင့်ပေးရင် ပေးသလောက် ထူးချွှန် ထက်မြက် လာတတ်တယ်ဆိုတာ ကို သိထားပေမယ့် ဒီနေ့ တော့ တကယ့်လက်တွေ့ ပါပဲ။ သူက အခု လက်ရှိ လေးတန်းဗျ။ ဒီကလေးက နှုတ် အင်မတန် သွက်သလို အတွေးက လည်း တကယ်ကို အတွေးဆန်း ဆန်း တွေ တွေးတတ်ပါတယ်။ ဒီလို အတွေး ဆန်းဆန်း တွေ နားထောင် ချင်တဲ့ အတွက် ကလေးတွေကို ကျွန်တော် စာသင်တဲ့ အခါ ပေါ့ပေါ့ ပါးပါး ပဲ သင်ပါတယ်။ သူတို့ မပြောရဲတဲ့ စကား မရှိအောင် ကျွန်တော် အလိုက်အထိုက် နေခဲ့ပါတယ်။ ဒီတော့ နားတော့ နည်းနည်း ညောင်းတာပေါ့ဗျာ။ တစ်ခါတစ်ခါ စိတ်ဝင် စားဖို့ ကောင်းပေမဲ့ ပေါက်ကရ ပြောတာက များတယ်လေ။
ဟိုတစ်နေ့က ဘုရားလောင်း မျောက်မင်း အကြောင်း ဖတ်ပြီး မင်း ခံစား မိသမျှ ရေးချင်တာ ရေးကွာ ဆိုပြီး ရေးခိုင်းလိုက်တယ်။
ဖတ်တယ် ဆိုပေမဲ့ နှစ်စ ကတည်းက အခေါက်ခေါက် အခါခါ ဖတ်ထားပြီးသားပါ။ တစ်ချို့ အချက်တွေ ဆို ဒိုးဒိုး ဒေါက်ဒေါက် ဆိုနိုင်နေပါပြီ။ ကျွန်တော်က စာပိုဒ်ထဲက အချက်တွေ မလိုချင်လို့ တမင် ရေးခိုင်းလိုက်တာပါ။ သူ ပေါ့ပေါ့ ပါးပါး ပဲ ရေးလာပါတယ်။ တစ်မျက်နှာ နီးပါး ရတယ်။ ကျွန်တော် တော်တော်လေး ပျော်သွားပါတယ်။ စာသင်ကြားသူရဲ့ ပီတိပေါ့ ခင်ဗျ။ ဒါကို ဘယ်လို ရေးပြရမလဲ ဆိုတာ ကျွန်တော် မသိတော့ပါဘူး။
ဟုတ်တယ်လေ ကျွန်တော် လေးတန်းတုန်းက အခုလို ရေးခိုင်းကြည့် အခုလို ရမှာ မဟုတ်ဘူးလေ။ ကျွန်တော် အင်္ဂလိပ်စာထက် မြန်မာစာ ကို ပို ကြောက်တယ် ငယ်ငယ်ကပေါ့။ အခုလည်း မြန်မာစာ မသင်တတ် သင်တတ်နဲ့ သင်ပြီး ကလေးတစ်ယောက် ကိုယ်ထက် တော်တာ မြင်ရတော့ ဝမ်းသာမိပါတယ်။ ဘုရားလောင်း မျောက်မင်း သင်ခန်းစာ ကို မှတ်မိကြမယ် ထင်ပါတယ်။ မျောက်မင်းတို့ နေရာက အရသာရှိတဲ့ သရက်သီးက ဂင်္ဂါမြစ်ကနေ တဆင့် ဘုရင့်ဆီရောက်၊ ဘုရင်က သဘောကျ၊ လိုက်ရှာ တွေ့၊ မျောက်မင်းက သူ့မျောက်တွေ အန္တရာယ် ရှိတယ် လို့ယူဆ၊ ဟိုဘက်ကမ်း ဒီဘက်ကမ်း ကူးဖို့ ကြိုးရှာနေရာက ကြိုးက အမှန်းလိုသွား၊ လိုသွားတော့ မျောက်မင်းက သူ့ကိုယ်သူ တံတား အဖြစ် စတေးခံ၊ တခြားမျောက်တွေက တော့ လေးလေးစားစား ဖြတ်ကူးကြပေမဲ့ ဒေဝဒတ် မျောက်မင်းက တော့ ကလေးကို ချီပြီး မျောက်မင်းအပေါ် ခုန်ချ ( ဒါကတော့ drama ပေါ့။ ) ၊ မျောက်မင်းက အားကုန်ပြီး ကျန်ရစ်ခဲ့၊ ဘုရင်က လေးစားကြည်ညိုသွား၊ မျောက်မင်းကို ကယ်ဆယ်ပြီး ပြုစုပေမဲ့ မျောက်မင်းကတော့ သေဆုံးသွားပါတယ်။ ဇာတ်လမ်းက ဒီလောက်ပါပဲ ခင်ဗျ။
ကဲ မိတ်ဆွေ များ သည်နေရာမှာ မကျေနပ်သူကို ရွေးပါဆို ဒေဝဒတ်က လွဲပြီး ရွေးရမယ့်သူ မရှိပါဘူး။ ဒါပေမဲ့ ဒီကလေးက ဘုရင်ကြီးကို မုန်းမိတယ်လို့ ရေးထားပါသတဲ့။ ဘာကြောင့် လဲ စဉ်းစား မိကြပါသလား။ ကျွန်တော်လည်း ဖျစ်ညှစ် စဉ်းစားလိုက်တော့ အော် ဘုရင်က သရက်သီး ကြိုက်တဲ့ လောဘ ကြောင့် ဒီလို ဖြစ်လာလို့ မုန်းတယ်နေမှာ လို့ တွေးလိုက်တာပေါ့။ ဒါလည်း တက်တက်စင် အောင် လွဲပါတယ်။ သူ့ အကြောင်းပြချက်ကို နားထောင်ကြည့်ပါဦးဗျာ။ ဘုရင်ကြီးက ကယ်မယ်ဆိုရင်လည်း စောစောက မကယ်ဘူးတဲ့ ။ မျောက်ကြီး ဒုက္ခ ရောက်အောင် စောင့်နေတယ်လေ ဆရာရဲ့ တဲ့။ ရုတ်တရက် ကျွန်တော်တောင် ကြောင်အမ်းအမ်း ဖြစ်သွားသေးတယ်။ နောက်တော့မှ ဟာကွာ မင်းကလည်း ဘုရင်လည်း မျောက်ကြီး ဆီမှာ ခေါင်းဆောင် ပီသတဲ့ စိတ်ဓာတ် ရှိမှန်း မသိသေးဘူးလေ။ နောက်တော့မှ စိတ်ကောင်း ရှိမှန်းသိလို့ ကယ်တာပေါ့ ဟ။ နို့မို့ဆို သတ်ပစ်ဦးမှာလို့ ရှင်းပြလိုက်ရပါတယ်။ မလွယ်ဘူးဗျ။
Give my love to you all ,Steemians. 😍 😍 😍
written by : 
MSU NO - 022

#myanmar
#msu