လူသားတိုင်းအတွက် နေ့စဥ်နှင့်အမှျ သာတူညီမှျ ရရှိနေကြသည်၊ ပိုင်ဆိုင်ခွင့်ရကြသည်မှာ အချိန်(Time) ပင်ဖြစ်သည်။ ထိုသို့ အချိန်ကို စနစ်တကျ စီမံခန့်ခွဲတတ်မှုအပေါ်တွင် မူတည်ပြီး လူတစ်ဦးနှင့်တစ်ဦး အောင်မြင်မှု ကျရှုံးမှုတို့ကလည်း မတူညီတတ်ကြပေ။ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှာ အောင်မြင် ကျော်ကြား ထင်ရှားသူများ သည် မိမိတို့၏ ကိုယ်ပိုင်အချိန်များကို စနစ်တကျ စီမံခန့်ခွဲတတ်သူများ၊ အချိန်ကို တန်းဖိုးရှိစွာ အကျိုးရှိစွာ အသုံးချတတ်သူများ၊ ကိုယ်ပိုင် အချိန်ဇယားဖြင့် ဘဝကို ဖြတ်သန်းကြသူများဖြစ်သည်ကို လေ့လာတွေ့ရှိရသည်။
google
ကျွန်တော် ဆယ်တန်းကျောင်းသား အရွယ်က အချိန် ခွဲဝေသုံးစွဲမှုနှင့် ပတ်သက်ပြီး ဆရာတစ်ဦး ပြောပြခဲ့သော စကားများက ကျွန်တော့်အတွက် တန်းဖိုးကြီးမားလှသည်။ ဆရာက သူ၏တစ်နေ့တာ ဖြတ်သန်းမှု၊ တစ်လတာ ဖြတ်သန်းမှု၊ တစ်နှစ်တာ ဖြတ်သန်းမှုတို့ကို အချိန်ဇယားတစ်ခု ပြုလုပ်ပြီး ဘဝကို ဖြတ်သန်းသည်။ သူ၏ အလုပ်ပြီးမြောက်မှု၊ အလုပ်တိုးတက်မှု၊ စီးပွားဥစ္စာ တိုးတက်မှုတို့ကိုလည်း ကုန်လွန်သွားခဲ့သော အချိန်များနှင့် အမြဲတမ်း နှိုင်းယှဥ်သည်။ တိုးတက်မှု မရှိဘဲ ကျဆုံးမှု ဆုတ်ယုတ်မှုတို့ရှိခဲ့ပါက သူ၏ အချိန်ခွဲဝေ သုံးစွဲမှု မှားယွင်းနေ ခြင်း ရှိ မရှိကို တစ်ဖန်ပြန်၍ ဆန်းစစ်တတ်သူ ဖြစ်သည်။
နေ့စဥ် တန်ဖိုးမဲ့ အဓိပ္ပါယ်မဲ့ ကုန်ဆုံးသွားသော အချိန်များက တစ်နေ့ နာရီပေါင်း သုံးလေးငါးနာရီ၊ တစ်လ နာရီပေါင်း တစ်ရာ နှစ်ရာ၊ တစ်နှစ် နာရီပေါင်း တစ်ထောင် တစ်ထောင့်ငါးရာ ဖြုန်းတီးမိနေသည်။ ထိုသို့ ဖြုန်းတီးမိ သော ကိုယ်ပိုင်အချိန်များသည် ကျွန်တော့်၏ ညံ့ဖျင်းမှု အပျင်းထူမှု အားနာတတ်မှုတို့ကြောင့်ဖြစ်သလို သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းများ၏ အချိန်ခိုးယူမှုတို့ကြောင့်လည်း ဖြစ်သည်။ တန်ဖိုးမဲ့ အဓိပ္ပါယ်မဲ့ ဖြုန်းတီးမိသော နာရီပေါင်းများစွာကို လွန်စွာ နှမျောမိသည်။ ကုန်ဆုံးသွားသော အချိန်များကို ငွေဖြင့် တန်ဖိုးသင့်ပြီး ပေးဝယ်၍လည်း မရနိုင်တော့ပေ။ အချိန်လွန် အချိန်နှောင်းမှ နောင်တရမိခြင်းသည် အချည်းအနှီးသာဖြစ်ရသည်။
ကျွန်တော်တို့ မြန်မာ့ လူ့ဘောင်အဖွဲ့အစည်းတွင် အချိန်ကို တန်ဖိုးထားသူ၊ အချိန်တိကျသူ အရေအတွက်မှာ လူတစ်ရာလှျင် လူငါးဆယ်ပင် ရှိနိုင်မည် မဟုတ်ပါ။ လူတိုင်းနီးပါးက အချိန်ကို ခိုးယူနေကြသူ အခိုးခံနေရသူများ သာ ဖြစ်နေကြသည်။ မိမိက မိမိအချိန်ကို မခိုးလှျင် တစ်ပါးသူက မိမိ၏ အချိန်များကို ခိုးယူနေကြသည်။
မြန်မာပြည်၏နေရာ အနှံ့အပြားတွင် စိတ်ကြိုက် အချိန်ဖြုန်းနိုင်ရန် နေရာများကလည်း နေရာတိုင်းမှာပင် အဆင်သင့်ရှိနေကြ၏။ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်၊ အအေးဆိုင်၊ အရက် ဘီယာဆိုင်စသည့် ဆိုင်များအားလုံးက လည်း မိမိ စိတ်ကြိုက် အချိန်ဖြုန်းနိုင်ရန် အခွင့်အရေး အပြည့်ရှိသည်။ မည်သည့်ဆိုင်ကမှ အချိန်ကြာမြင့်စွာ နေထိုင် ခြင်းအတွက် ငွေကြေး အသပြာ တစ်ပြား တစ်ကျပ်မှျပင် တောင်းခံခြင်း မရှိကြ။ ဆိုင်းတိုင်းလိုလိုပင် ကြည်ကြည်ဖြူဖြူ စိတ်ကြိုက် နေထိုင်ခွင့်ပေးထားကြသည်။
မိမိ၏ ကိုယ်ပိုင်အချိန်ကို တန်ဖိုးရှိရှိ အဓိပ္ပါယ်ရှိရှိ အသုံးချရန် ကျွန်တော် စတင်လုပ်ဆောင်သောအခါတွင် အခက်အခဲပေါင်းများစွာနှင့် နေ့စဥ် ကြုံတွေ့နေရသည်။
အလုပ်ကိစ္စချိန်းဆိုလှျင်ပင် ကျွန်တော် ချိန်းဆိုထားသူက ချိန်းဆိုထားသည့် အချိန်တွင် အချိန်မီ ရောက်မလာကြသည်က များသည်။ အမြဲတမ်း အချိန်နောက်ကျမှသာ ချိန်းဆို ထားသည့် နေရာကို ရောက်လာတတ်ကြသည်။ ကျွန်တော်က အချိန် တိကျသူ အချိန်ကို တန်ဖိုးထားသူဖြစ်ရန် ကြိုးစားတိုင်း တစ်ဖက်လူကို အားနာတတ်သဖြင့် သူတစ်ပါးက မိမိ၏ အချိန် ခိုးယူနေမှုကို ကြည်ကြည်ဖြူဖြူနှင့် လက်ခံခွင့်ပြုနေရသည်။
အချိန်ကာလ ကြာညောင်းလာသည့်နှင့်အမှျ အချိန်ကို မလေးစားသူ တစ်ပါးသူများ၏ အချိန်များကို ပေါ်တင် ခိုးယူနေကြသော မိတ်ဆွေ သူငယ်ချင်းများကို ကျွန်တော် လွန်စွာ မုန်းတီးမိသည်။ တစ်ပါးသူက မိမိနှင့်တွေ့ဆုံရန် ချိန်းဆိုလာလှျင်ပင် အချိန်မီ သွားရောက်နိုင်ရန် ကျွန်တော် အထူး ကြိုးစားနေရသည်။ မိမိက တစ်ပါးသူ၏ ကိုယ်ပိုင် အချိန်များကို ခိုးယူသူ မဖြစ်အောင် အထူး ဂရုပြုသည်။ တစ်ခါတစ်ရံမှာတော့ မိမိကိုယ်တိုင်ပင် တစ်ပါးသူ၏ တန်းဖိုးရှိသော အချိန်များကို ခိုးယူနေသူ ဖြစ်နေရပြန်သည်။
google
ထိုကဲ့သို့ ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသည် အချိန်ခိုးယူသူဖြစ်လိုက် အချိန်အခိုးခံရသူ ဖြစ်လိုက်နှင့် မဆုံးနိုင်သော သံသရာလည်နေတော့သည်။ အချိန်ကို တန်ဖိုးရှိစွာ အသုံးချနိုင်မှု နည်းပါးခြင်းတို့ကြောင့် ကျွန်တော်တို့၏ အမိမြန်မာပြည်သည် ကမာ္ဘ့အလယ်တွင် အစစ အရာရာ ကဏ္ဍပေါင်းစုံ ဖွံ့ဖြိုးမှု နောက်ကျကျန်ခဲ့ရ သည် မဟုတ်ပါလား… ။
မြန်မာပြည်သူ ပြည်သားများ အချိန်ကို လေးစား တန်ဖိုးထားသူများ အချိန်ကို တန်ဖိုးရှိစွာ အသုံးချသူများ ဖြစ်ကြပါစေသော်ဝ်…. ။