လူဖြစ်ရတာ ကောင်းတယ်
လူဖြစ်ရတာ ဒုက္ခဘုံထဲ ရောက်လာတာပဲတဲ့
အဲ့ဒီ ဒုက္ခဘုံကြီး အကြောင်း ငါတို့
ရေရေလည်လည် သိနိုင်တယ်
ဒါကြောင့် လူဖြစ်ရတာကောင်းတယ်
ငာဒုက္ခရောက်တုန်းက မင်းတို့မှတ်မိကြသေးလား
အေး - ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
ငါ အစက ဒီလောက်မသိဘူး
လူဖြစ်ရတာကောင်းတယ်
ငါတို့အတွက် ခေါင်းကိုက်ပျောက်ဆေးပြားတွေ
လိုသလောက် ထုတ်လုပ်ထားတယ်
အာ့ကြောင့် ငါပြောတာပေါ့
လူဖြစ်ရတာ ကောင်းပါတယ်လို့
တစ်ခါတစ်လေ ဘဝင်နည်းနည်းမြင့်
တစ်ခါတစ်လေ အရှက်ရ
တစ်ခါတစ်လေ ဆွေး
တစ်ခါတစ်လေ သတိရ
တစ်ခါတစ်လေ ပျော်ရွှင်
တစ်ခါတစ်လေ စိတ်တို
အာ့ကြောင့် လူဖြစ်ရတာကောင်းတာ
တစ်ချို့ အဘိဓမ္မာတွေ ငါမကြိုက်ဘူး
တစ်ချို့မိတ်ဆွေ သူငယ်ချင်းတွေကို ငါမကြိုက်ဘူး
တစ်ချို့အစားစာတွေ ငါမကြိုက်ဘူး
ဒါဟာလည်း လူဖြစ်ရတာကောင်းပြန်တာပဲဗျ
သူမဟာ လူသားမိန်းမတစ်ယောက်
ဒါကြောင့် ငါပြောပါတယ် လူဖြစ်ရတာကောင်းတယ်လို့
လက်ဝှေ့ထိုးမလား
ရုပ်ရှင်ရိုက်မလား
ဘီယာဆိုင်သွားမလား
အပြေးလေ့ကျင့်မလား
မိန်းမယူမလား
တရားကျင့်မလား
အချစ်ကဗျာတွေ ဖတ်မလား
လူဖြစ်ရတာကောင်းပါတယ်
ယဉ်ကျေးပါ လိမ္မာပါးနပ်ပါ
ရိုးသားဖြောင့်မတ်ပါ
လူဖြစ်ရတာကောင်းတယ်
လောကကြီးကို အရူံးပေးခဲ့ပါပြီဆိုပဲ
လူတစ်ယောက်ရဲ့ နောက်ဆုံးဝါကျကို ငါဖတ်ခဲ့ရတယ်
ဒါပေမယ့် လူဖြစ်ရတာကောင်းတယ်
လူဖြစ်ရတာကောင်းတယ်လို့
ငါပိုသိလာတဲ့အချိန်မှာ ငါဟာ တရားဓမ္မတွေနဲ့ ပျော်မွေ့နေခဲ့ပြီလေ။
Photo by aungmyomindin
SMT-1 aungmyomindin