ဘရိတ်ကို လွှတ်လိုက်ပါ
ကားကို လီဗာတစ်ဖက်နင်းရင်း ဘရိတ်တစ်ဖက်နင်းပြီး မောင်းဖူးလား။
လီဗာရော ဘရိတ်ရော တပြိုင်တည်း နင်းပြီး ဘယ်လိုလုပ် မောင်းလို့ ရမှာလဲ ... အဲလိုဆို ဘယ်လိုလုပ် ကားက ရှေ့ရောက်ပါ့မလဲ လို့ ပြောလိမ့်မယ်နော်။
ကားကို လီဗာတစ်ဖက်နင်း ဘရိတ်တစ်ဖက်နင်း ပြီးတော့သာ မမောင်းဖူးတာ ဘဝကို လီဗာတစ်ဖက် ဘရိတ်တစ်ဖက်နင်းပြီး နေနေတာ သတိထားမိလား။
ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားကြည့်နော်၊ ရည်မှန်းချက်ကြီးကြီးထားမှ ဖြစ်မယ် .. အလုပ်ကြီးကြီး လုပ်မှ ဖြစ်မယ် .. ပိုက်ဆံများများ ရှာနိုင်မှ ဖြစ်မယ် .. သူများတွေက ဘာလုပ်လဲ မေးရင် အလုပ်ကြီး အကိုင်ကြီး တစ်ခု လုပ်နေတယ်လို့ ဖြေပစ်ချင်တယ်..။ ဒီလိုအတွေးတယ်။ ဒါပေမယ့် စိတ်ထဲမှာ အဲဒါတွေ ဖြစ်လာဖို့ ရှေ့မှာ တွေ့ရမယ့် မသက်မသာဘဝကို ကြောက်တယ်၊ ကိုယ့်ကိုယ်ကိုယ် ခပ်လျော့လျော့လေးထားပြီး မျှောနေချင်တယ် ။
အဲဒီတော့ ကိုယ့်ဘာသာ သတိမမူမိပဲနဲ့ ကိုယ့်ကိုယ်ကိုယ် လီဗာတစ်ဖက် ဘရိတ်တစ်ဖက် နင်းထားတယ်။ ကိုယ့်အင်ဂျင်ကြီးက အစွမ်းကုန် ဟဲ လို့ပဲ .. ဒါပေမယ့် အရာ မရောက်ဘူး။
ဒီလိုမျိုးအဖြစ်က ကိုယ်ကိုယ်တိုင် ကြုံဖူးလို့ သေချာသိလို့ ပြောပြနေတာပါနော်။
ရည်မှန်းချက်အကြီးကြီးတွေက ပွစိထလို့ .. ဘာကိုကြောက်မှန်းမသိ ကြောက်နေတဲ့စိတ်ကလည်း ခြောက်လှန့်လို့ ... လူကလည်း အားမရှိသလို ခြေကုန်လက်ပမ်းကျလို့ .. ။ အဲဒီတော့ ကြိုးစားသာနေရတာ စိတ်က အားမထွက်ဘူး။ တကယ် စိတ်ပါလက်ပါ ကိုယ့်အစွမ်း ကုန်အောင် မထုတ်ဘူး။ အကြောင်းမယ်မယ်ရရ ရှာမရပဲနဲ့ ရပ်ပစ်လိုက်ချင်တယ်။ ကိုယ့်ကိုယ်ကိုယ် ဘရိတ်အုပ်ထားတယ်။
အဲဒီတော့ ကိုယ့်ဘဝမှာ ကိုယ် ဖြစ်ချင်တာကို ရည်မှန်းချက်ထားပြီး လုပ်နေတဲ့အခါ ငါဟာ လီဗာတစ်ဖက် ဘရိတ်တစ်ဖက် ဖြစ်နေလား.. စမ်းစစ်ပါ။
ငါ စိတ်အားမရှိတာ .. လုပ်လက်စတွေတန်းလန်းထားပြီး ရပ်ပစ်ချင်တာဟာ တကယ်ပဲ မှန်ကန်တဲ့အကြောင်း ရှိလား .. ဒါမှမဟုတ် ငါ့ကိုယ်ငါ ယုံကြည်မှုမရှိ ဖြစ်နေတာလား ... ငါကြွေးကြော်ထားတဲ့ ရည်မှန်းချက်တွေ ပေါက်မြောက်အောင် လုပ်နိုင်တဲ့ အစွမ်းအစ ငါ့မှာ မရှိဘူး လို့ သံသယ ဖြစ်လို့လား။ ငါ လမ်းအရွေးမှားမှာ ကြောက်နေလား။ ငါ့ကိုယ်ငါ ဘယ်လို မြင်လဲ။
စသဖြင့် စိတ်အေးအေး ခေါင်းအေးအေး ပြန်သုံးသပ်ပါ။
ဒီအချိန်မှာ သတိနဲ့ စိတ်ကို စောင့်ကြည့်တတ်တဲ့ အကျင့်လေး ရှိထားမယ် ဆိုရင် အင်မတန် တိတိကျကျ ကိုယ့်ကိုယ်ကိုယ် ဝေဖန်နိုင်တယ်။ သတိရှိနေတော့ အမှန်အတိုင်း မြင်တယ်။ အမှန်ကို twist မလုပ်ဘူး။ သတိကြောင့် စိတ်တည်တည်ငြိမ်ငြိမ်နဲ့ တစ်ချက်ချင်း တစ်ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ထောက်ပြ ဝေဖန် သုံးသပ်နိုငိတယ်နော်။
သတိပါနေရင် ခေါင်းအေးတယ်။ ခေါင်းအေးရင် ဥာဏ်ထွက်တယ်။ ခေါင်းအေးအေးထားနိုင်ပြီး ဥာဏ်နဲ့ မြင်ထားတဲ့အရာဟာ ပြုပြင်ရတာ အရမ်းလွယ်တယ်။ အကြောင်းကိုရှာတဲ့နေရာမှာ ရမယ် မရှာဘူး။ ဆိုလိုတာက အကြောင်းပြချက်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ဖော့မတွေးဘူး။ ကိုယ့်ကိုယ်ကိုယ် ဖော့တွေးနေရင် ဘာကိုမှ ဖြစ်မြောက်အောင်မြင်အောင် လုပ်နိုင်တဲ့သူ ဖြစ်မှာ မဟုတ်ဘူး။
အရေးကြီးတာက ဒီလို ကိုယ့်ကိုယ်ကိုယ် စမ်းစစ်တဲ့အလုပ်ကို တစ်နေ့မှ မျက်ခြေပြတ်မခံပဲ လုပ်ရမှာပါ။
ကိုယ်ဟာ ရည်မှန်းချက်တစ်ခုနဲ့ ကြိုးစားနေတဲ့သူ ဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် မေးပါ.. ဘရိတ်နင်းထားလျက်ကြီးနဲ့ ကြိုးစားနေတာလား။
တကယ်ဖြစ်ချင်ရင် အဟုတ်လုပ်ရပါတယ်နော်။
လီဗာတစ်ဖက် ဘရိတ်တစ်ဖက် ဖြစ်လို့ မရပါဘူး။
ဘဝဆိုတာ သာသာယာယာနေဖို့ ဖန်တီးထားတာ မဟုတ်ပါဘူး ..။ ဖြစ်မြောက်အောင်မြင်အောင် လုပ်ဖို့ ဖန်တီးထားတာပါ။
ကိုယ့်ကို နောက်တွန့်အောင် ဆွဲထားနေတဲ့ အရာတွေကို ဖြည်ချပစ်လိုက်ပါ။
ရည်မှန်းချက်တွေကို မကြောက်ပါနဲ့။
ဘရိတ်ကို လွှတ်လိုက်ပါ။
ဘရိတ်ကို လွှတ်လိုက်တာနဲ့ ဖြစ်မြောက်အောင်မြင်မှုက လျှောကနဲ လာလိမ့်မယ်။
photo : facebook