ယခုတလော TV အစီအစဉ်များဖြစ်တဲ့ Quit to Million တို့ The Money Drop Myanmar တို့အစရှိတဲ့ ဂိမ်းပြိုင်ပွဲအစီအစဉ်တွေကို ကြည့်မိရင်း စိတ်ကူးတစ်ခုပေါ်လာမိပြီး အခုလိုရေးချင်လာတယ်ဆိုပါတော့။
အဲဒီအစီအစဉ်တွေက ဗဟုသုတနဲ့ပါတ်သက်တဲ့ ဉာဏ်စမ်းမေးခွန်းလေးတွေမေးပြီး အဖြေမှန်ကန်မှုရှိရင် ငွေသားဆုချီးမြှင့်တဲ့ ဂိမ်းကစားနည်းတွေပေါ့လေ။
အဲ့မှာ ဘာကိုသွားစဉ်းစားမိလဲ ဆိုတော့ သူတို့မေးတတ်တဲ့မေးခွန်းတွေက ခင်ဗျားတို့ကျွန်တော်တို့ သိပြီးသားလို့ ထင်ထားတဲ့ မေးခွန်းမျိုးတွေပါပဲ။ ဒါပေမဲ့ လွယ်လွယ်လေးမေးတာကိုမှ ဇဝေဇဝါဖြစ်ပြီး မေ့နေတတ်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သူတို့မေးတာကို သိသယောင်ယောင်ရှိပေမဲ့ တကယ်တမ်းကျလည်း တိတိကျကျမသိပြန်ဘူးဗျ။
ဆိုတော့ကား စာဖတ်သူကိုလည်း မသိသေးတာကို သိစေခြင်း မေ့နေသောအရာကို ပြန်အမှတ်ရစေခြင်း ကျွုန်ုပ်ကိုယ်တိုင်လည်း ပြန်နွေးလိုခြင်း များကြောင့် ဗဟုသုတများကို ရှာဖွေ ဖော်ထုတ်ရေးသားရန် စိတ်ကူးရခဲ့မိပါသည်။
ယနေ့ပထမဆုံးအနေနဲ့ ရှာဖွေဖတ်ဖြစ်တဲ့ အကြောင်းအရာက ကျွန်တော်တို့တွေနဲ့ အလှမ်းသိပ်မကွာလှသေးတဲ့ ကုန်းဘောင်ခေတ်အကြောင်းပဲဖြစ်ပါတယ်။
ကုန်းဘောင်ခေတ်ဟာဆိုရင်ဖြင့် မြန်မာတို့၏ နောက်ဆုံးကိုယ်ပိုင်အုပ်ချုပ်ရေးကို ရခဲ့သည့်ခေတ်နှင့် ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းရန် အကောင်းဆုံး အခွင့်အရေး ရခဲ့သည့်ခေတ်လည်း ဖြစ်ခဲ့ပါတယ်။
ကုန်းဘောင်ခေတ်မှာ ဆိုရင် အလောင်းမင်းတရား (သို့) ဦးအောင်ဇေယျ မှသည် သီပေါမင်း အထိ တိုင်းပြည်အုပ်ချုပ် မင်းလုပ်ခဲ့ကြတဲ့ ဘုရင်(၁၁) ဆက်အထိ ရှိခဲ့ပါတယ်။ အတိုကောက်အားဖြင့် "လောင်း ၊ နောင် ၊ ဆင် ၊ စဉ့် ၊ မောင် ၊ ဘိုး ၊ ဘ ၊ သာ ၊ ပု ၊ မင်း ၊ သီ" ဟူ၍ အမှတ်အသားပြုကြပါတယ်။
ကုန်းဘောင်မင်းဆက် (၁၁)ဆက်ထဲကအလောင်းမင်းတရား(ဦးအောင်ဇေယျ)ဟာဆိုရင်ဖြင့် ကုန်းဘောင်မင်းဆက်ကို တည်ထောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ နန်းသက်ကတော့ ၁၇၅၂ မှ
၁၇၆၀အထိ ဖြစ်ပါတယ်။ ငယ်နံမည်အောင်ဇေယျ ဟုအမည်တွင်ပြီး ဘွဲ့အမည် သီရိ ပဝရ ဝိဇယ နန္ဒ ဇဌ မဟာ ဓမ္မရာဇ အလောင်းမင်းတရားကြီး ဟု အမည်တွင်ပါတယ်။
Image source
ဖခမည်းတော်မင်းညိုစံ မယ်တော်စောငြိမ်းဦးတို့မှ ၂၄ စက်တင်ဘာ ၁၇၁၄ ( တော်သလင်းလပြည့်ကျော် ၁ ရက် ၁၀၇၆ ) သောကြာနေ့မှာ မွေးဖွားခဲ့ပါတယ်။
အလောင်းမင်းတရားရဲ့ ကြင်ရာတော် ဟာခင်ယွန်းစံ ဖြစ်ပြီး ရွှေဘိုမြို့မှာ ထီးနန်းစိုးစံခဲ့ပါတယ်။
Image source
၁၇၆၀ မေလ ၁၁ရက်နေ့မှာ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ ကံတော်ကုန် နတ်ရွာစံခဲ့ပါတယ်။
အလောင်းမင်းတရား နတ်ရွာစံချိန်မှာ သားတော်ကြီး နောင်တော်ကြီးမင်းက ထီးနန်းအရိုက်အရာ ဆက်ခံခဲ့သည်။
ဆက်လက်ရှာဖွေ ရေးသားသွားပါဦးမည်။