အို ဟင်နရီ (O.Henry )လို့ပြောလိုက်ရင် အများအားဖြင့် last leaf (နောက်ဆုံး သစ်ရွက် )ဆိုတဲ့ ဝတ္ထုတို အင်္ဂလိပ်ဝတ္ထုတို တစ်ပုဒ်ကို ပြေးမြင်မိကြမှာပဲ ထင်ပါတယ်..။
မြောက်ကာရိုလိုင်းနားဒေသက ၁၈၆၂ခု စက်တင်ဘာ ၁၁ ဖွား ဝီလျံ ဆစ်ဒနီ ပေါ်တာ ( Willian Sidney Poter ) ဆိုတဲ့ ကောင်လေးတစ်ယောက်ဟာ နောင်တစ်ချိန်မှာ အို ဟင်နရီ ဆိုတဲ့ နာမည်ကျော်စာရေးဆရာ တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ...။
အသက် ၁၅ နှစ်လောက်နဲ့ ကျောင်းထွက် ၊ အောက်ခြေ လူတန်းစားထဲက ဘဝမျိုးစုံမှာ ကျင်လည်ခဲ့ရင်း အဲ့ဒီကျင်လည်ရာ ဘဝတွေဟာ နောင်တစ်ချိန်မှာ သူ စာရေးဖို့ ကုန်ကြမ်းတွေ ဖြစ်လာခဲ့တာ ဖြစ်မှာပေါ့..
ဘဏ်ငယ်တစ်ခုမှာ ငွေရေစာရေး ဝင်လုပ်ရင်း ငွေအလွှဲသုံးစားမှုနဲ့ ထောင် ငါးနှစ်ကျခံခဲ့ရသူ ၊ပျော်ပျော်နေတတ်ပြီး ပေါင်းသင်းဆက်ဆံရေးကောင်းတဲ့ ဝီလျံ ဟာ ထောင်ထဲမှာ လျော့ရက်နဲ့ သုံးနှစ်နဲ့ သုံးလ တိတိ ထောင်ကျခံခဲ့ရတယ်။
ထောင်ထဲကနေ ဝတ္ထုတိုတွေ ရေးရင်း မဂ္ဂဇင်းတိုက်တွေဆီပို့တော့ သူ့ဝတ္ထုတိုလေးတွေဟာ လူကြိုက်များလှပါသတဲ့..။
သူဟာ ထောင်ထဲမှာ ထောင်ကြပ်တစ်ဦး ဖြစ်ခဲ့ပြီး သူ့. ကလောင်နာမည်ကို ထောင်အကြီးအကဲ တစ်ယောက်ရဲ့ နာမည်ဖြစ်တဲ့ အော်ရင်း ဟင်နရီ ဆိုတဲ့ နာမည်ကနေ ယူခဲ့တယ်ဆိုပဲ..။
အိုဟင်နရီ လို့ပေါ့လေ..။
ထောင်ထဲကနေ အိုဟင်နရီ ဆိုတဲ့ နာမည်ကို ပိုက်ပြီး ပြန်လာခဲ့တဲ့ သူ့အတွက် သောက်သောက်လဲ ဝင်ငွေတွေက ကြိုဆိုနေခဲ့ကြတာ မဟုတ်ခဲ့လေတော့ ဈေးပေါတဲ့ အခန်းလေးကို ချောင်ကြို ချောင်ကြားမှာ ငှါး....ပြီးတော့ အခန်းထဲက ပြတင်းမှာ ထိုင် ...သူ့အခန်းကနေ လှမ်းမြင်နေရတဲ့ လမ်းမထက်က လူသားတွေ ရှင်သန်နေမှုတွေက သူ့ဇာတ်ကောင်တွေ ဖြစ်လာတော့ပါပဲ..။
ရုန်းကန်နေကြရတဲ့ ကြိုးစားနေကြရတဲ့ ဘဝတွေ အဲ့ဒီအထဲကမှ ပျော်စရာလေးတွေကို သဘာဝကျကျ စိတ်ကြည်နူးစဖွယ်လေးဖြစ်အောင် သူ ဆွဲထုတ်ပြတတ်တယ်..။ပြီးတော့ စာဖတ်သူ ထင်မှတ်မထားတဲ့ ထွက်ပေါက်ဝင်ပေါက်တွေကနေ ဟင်ခနဲ ဟာခနဲ ဖြစ်စေတဲ့အထိ သူ ဇာတ်သိမ်းပစ်ရဲတဲ့အထိ သူ့အရေးအသားတွေက ထက်တယ်။ သွက်တယ်..။တိကျတယ်။ ပီပြင်လွန်းတယ်။ချစ်စရာလည်းကောင်း သနားစရာလည်းကောင်းပြီး ကြည်နူးစရာလည်း ကောင်းလွန်းတယ်...။ ဝတ္ထုကို ဖတ်နေရင်း
ရယ်ရမလို ငိုရမလို ပြုံးရမလို မဲ့ရမလိုနဲ့ ဟင်ခနဲ ဟာခနဲ ရင်ထဲမှာ စွဲကျန်ခဲ့တဲ့အထိ ဆရာကြီး အိုဟင်နရီက ဝတ္ထုတို ရေးအားကောင်းလွန်းသူပဲလို့ ဆိုချင်ရဲ့..။
( ဒါတောင် ကျွန်မက သူ့မူရင်းဝတ္ထုတွေကို ဖတ်တာ မဟုတ်ပဲ ။မြန်မာ ဘာသာပြန်ဆရာကြီးတွေ ဘာသာပြန်ထားတာတွေကိုပဲ ဖတ်ဖူးတာပါ )
သူ့အကြောင်းတွေ တဖွဲ့တနွဲ့ ညွှန်းလှချည်လားလို့ ပြောခဲ့မယ်ဆိုရင် ကျွန်မ ဝမ်းနည်စွာနဲ့ သူ့ကို သိပ်နှမြောလွန်းလို့ပါလို့ ဖြေမိမှာပါပဲ။
အချိန်ပြည့် စာရေးခြင်းနဲ့ အသက်မွေးဖို့ ဆုံးဖြတ်ခဲ့သူ လူသားတစ်ဦးရဲ့ ဝင်ငွေနဲ့ ထွက်ငွေအတွက် ဝတ္ထုတို အမြောက်အမြားကို ရေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဝတ္ထုတို အပုဒ်ကပေါင်း ၃၀၀..ဒါမှ မဟုတ် ၄၀၀ ကျော်...အချို့ကတော့ ၆၀၀ ကျော်လောက် ရေးခဲ့တယ်လို့ ဆိုကြပါသတဲ့။
ဒါဆို ဝတ္ထုတို အပုဒ်ပေါင်း ၃၀၀ ကနေ ၆၀၀ ဝန်းကျင်အတွင်း သူရေးခဲ့မှာပေါ့..။ဒါဟာ သံသယဖြစ်ဖွယ် မရှိတော့ပါဘူး။
ဒါနဲ့များ ဘာကို ဝမ်းနည်းတာလဲဆိုတော့ ၁၉၀၁ ခုမှာ သူထောင်က လွတ်လာတယ်ဆိုတော့ အဲ့ဒီ ဝတ္ထုတွေကို သူထောင်ကျနေစဉ် သုံးနှစ်အတွင်းပါ ထည့်ပေါင်းပြီး တွက်ပါအုံး ....သူ့အသက် ၃၈- ၃၉ ဝန်းကျင်လောက်မှာ စပြီး ရေးခဲ့တာ ဖြစ်မှာပေါ့..
ဒါပေမယ့် သူသေဆုံးချိန်ဟာ ၁၉၁၀ ဇူလှိုင်လ ၅ ရက်နေ့ ဖြစ်ပါသတဲ့...
ဒါဆို သူကွယ်လွန်ချိန် သူ့အသက်ဟာ ၄၇ - ၄၈ နှစ်လောက်ပဲ ရှိအုံးမှာပေါ့..
အသက် ၃၈ နှစ်မှာ စာ စရေးခဲ့ပြီး အသက် ၄၈နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တဲ့ စာရေးသက် ဆယ်နှစ်ဆိုတဲ့ နှစ်တိုစာပေခရီးနဲ့ နှစ်ရှည် ဝတ္ထုများစွာကို ချန်ထားရစ်ခဲ့သူရဲ့ ဝတ္ထုတိုအပုဒ်များစွာဟာ ကျွန်မလို စာဖတ်သူရဲ့ နှလုံးသားတွေ ဖြစ်လာတော့တာပါပဲ...။
၁၉၀၀ ဝန်းကင်ေဆိုတဲ့အချိန်ကတည်းက အခုထိ ရှင်သန်နေနိုင်သေးတဲ့ လှပတဲ့ ရုပ်ကြွင်းတွေကို အသက်သွင်းထားခဲ့တဲ့ မှော်ဝင်လက်တစ်စုံကို ကျွန်မ နှမြောမိတယ်ဆိုတာ လေးစားမြတ်နိုးမှုတွေသက်သက်...တန်ဖိုးထား အားကျမှုတွေ သက်သက်နဲ့..
သိပ်နှမြောမိတယ်ဆိုတာထက် ပိုတဲ့ စကားလုံးတွေ ရှိအုံးမယ်ဆိုရင်...သူ့ကို အင်မတိ အင်မတန် နှမြောမိတယ် ဆိုတာပဲ ပြောနိုင်တော့တယ်...။
ဒါဟာ ၁၉ ရာစုရဲ့ စာပေတွေထက်က လူသားတစ်ဦးကို ၂၀ ရာစုရဲ့ စာပေ အောက်ခြေက လူသားတစ်ဦးရဲ့ ဦးညွှတ်မှုတွေပါပဲလေ...
I'm ATM.
MSU 021