ရိုးစင်းပါတယ်...
ပြီးတော့ ရိုးရှင်းပါတယ်...
အမြဲတမ်းလိုလိုနဲ့ လူတွေ့တိုင်းနီးပါး ပြုံးပြနေတတ်တဲ့ အိမ်ကို မက်မောမှုမရှိ ၊ အစားအစာကို တွယ်တာမှုမရှိ ၊အဝတ်အစားအပေါ် မက်မောမှုမရှိတဲ့ ရွာရိုးကိုးပေါက်မှာ သူလုပ်ချင်ရာ လုပ်နေတတ်တဲ့ လူတစ်ယောက် ..
သူက လူ့အသိုက်အဝန်းထဲရှိနေပြီး လူ့အသိုင်းအဝိုင်းထဲ ဝင်ဆံ့ခွင့်မရတဲ့ လူတစ်ယောက်..
သူက လူတိုင်းကို သွားဖြီး ပြုံးပြနေတတ်ပေမယ့် ညစ်ပတ်ပေရေပြီး ဆံပင်တွေလည်း ရှည်နေတဲ့ လူတစ်ယောက်ပေါ့။
သူက အရူးတဲ့..လူတွေက သတ်မှတ်ထားတဲ့ အရူးဆိုတဲ့ လူပေါ့...
အဲ့ဒီအရူးက အိတ်တစ်လုံးကို လွယ်ပိုးပြီး တွေ့ကရာ အမှိုက်တွေကို လိုက်ကောက်နေခဲ့တယ်။တစ်ကိုယ်လုံးကလည်း ဖုန်တွေ ကြေးညော်တွေနဲ့ အတော်လေးလည်း ရွံစရာကောင်းနေသေးတယ်။ဒါပေမယ့် လူတွေ့တိုင်းတော့ ဝတ္တရား မပျက် ပြုံးပြနေခဲ့တာပဲ။ ဘယ်သူကမှတော့ သူ့ကို ပြန်မပြုံးပြကြဘူးပေါ့လေ..။ပြုံးမပြတဲ့အပြင် ရွံ့ရှာစက်ဆုပ်တဲ့ အကြည့်တွေနဲ့လည်း ကြည့်တတ်ကြသေးတယ်။
အရူးကတော့ သူပြုံးစရာရှိတာ ပြုံးတယ်။သူပြောချင်ရာကို ပြောနေခဲ့တယ်။ပြီးတော့ သန့်ရှင်းတယ် ညစ်ပေတယ်ဆိုတာမျိုး ခံစားမနေပဲ အမှိုက်တွေကို လက်ကြီးနဲ့ ပယ်ပယ်နယ်နယ် ကောက်ကောက်ပြီး သူ့ပခုံးပေါ်မှာ လက်တစ်ဖက်နဲ့ ချိတ်ကိုင်ထားတဲ့ အိတ်ထဲ ထည့်နေတယ်။အိတ်ထဲကနေလည်း အမှိုက်ပေါင်းစုံက အနံ့ပေါင်းစုံထွက်နေပေမယ့် သူကတော့ ဂရုစိုက်မိရဲ့လားတောင် မသိဘူး။
အပြုံးမပျက် စကားပြောမပျက် အမှိုက်ကောက်မပျက်ပါပဲ...။
အဲ့ဒီအရူးဟာ ရွာရိုးကိုးပေါက်မှာ အဲ့ဒီအတိုင်း လျှောက်သွားပြီး အမှိုက်တွေလိုက်ကောက်နေတာကို လူအတော်များများ တွေ့ကြရတယ်။တချို့ကလည်း သာမန်အကြည့်နဲ့ ကြည့်သွားကြတယ်။ တချို့ကတော့ ကျေးဇူးတင်တဲ့အကြည့်နဲ့ပေါ့..။ဒါပေမယ့် အရူးကတော့ အားလုံးကို သာတူညီမျှ အပြုံးနဲ့ပဲ ပြန်တုန့်ပြန်လေ့ရှိတယ်.။
အဲ့ဒီလိုလျှောက်သွားနေရင်းနဲ့ပဲ လမ်းမရဲ့ အဝေး တစ်နေရာမှာ ဇိမ်ခံကား တစ်စီး မောင်းနှင်လာနေတယ်။ အရူးကလည်း သူ့အလုပ်နဲ့သူ အမှိုက်ကောက်နေတယ်..။
ကားဟာ တဖြည်းဖြည်းနဲ့ အရူးအနားကို ရောက်လာခဲ့တယ်။ အရူးက လမ်းဘေးဖက် ရေနှုတ်မြောင်းထဲက ပလပ်စတစ်အိတ်စုတ်ကြီးကို မရအရ နှိုက်ယူနေတယ်။
ကားပေါ်မှာတော့ စိန်လက်စွပ်ဝတ်ထားတဲ့ ဘယ်ဖက်လက်နဲ့ i phoneကိုကိုင်ပြီး ဖုန်းပြောနေတဲ့ အဝတ်အစား တောက်တောက်ပြောင်ပြောင် နေကာမျက်မှန်တပ်ထားတဲ့ လူတစ်ယောက် ကားကို ခပ်ဖြည်းဖြည်းမောင်းလာခဲ့တာ ဖြစ်တယ်။
ပြီးတော့ သူက ဖုန်းထဲကနေ သူ့သစ်တော ဧရိယာအကြောင်းနဲ့ သူစိုက်ထားတဲ့ သစ်ပင်တွေရှင်နေပြီဖြစ်ကြောင်း အဲ့ဒီသစ်ပင်တွေဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုအတွက် ဘယ်လောက်အကျိုးကျေးဇူး များပြားကြောင်းကို ပြောလာခဲ့တယ်။
ပြီးတော့ သူ့အလုပ်သမားတွေနဲ့ သဘာဝပတ်ဝန်းကျင် သန့်ရှင်းလှပရေးကိုလည်း လုပ်ဆောင်ဦးမှာ ဖြစ်တယ်ဆိုတဲ့အကြောင်းကို ဖုန်းထဲက တစ်ဖက်လူနဲ့ စိတ်ပါလက်ပါ ပြောနေခဲ့တယ်။
သူ့စိတ်ထဲက တက်ကြွမှုတွေဟာ သူ့မျက်နှာပေါ်မှာ ထင်ဟပ်လို့ သူ့မျက်နှာဟာ အပြုံးတွေနဲ့ ချိုအီနေတယ်။
ဖုန်းပြောပြီးတော့ သူက အာ ခြောက်သွားဟန်နဲ့ရေသန့်ဘူးထဲက ရေလက်ကျန်ကို အကုန်သောက်ချလိုက်ပြီး ရေသန့်ဘူးခွံကို ကားပြတင်းပေါက်ကနေ အပြင်ဖက်ကို လွှင့်ပစ်လိုက်တယ်။
အဖြစ်အပျက်အားလုံးကို မြင်တွေ့ကြားသိလိုက်တဲ့ အဲ့ဒီရပ်ကွက်ထဲက ဂစ်တာတီးနေတဲ့ ကောင်လေးသုံးယောက်ထဲက ဆံပင်အဝါရောင်နဲ့ ကောင်လေးက တက်ခေါက်တယ်..ကားက မလှမ်းမကမ်းမှာပဲရှိသေးတာမို့ ကားဆီကို သွားဖို့ ခြေလှမ်းအထွက်မှာ သူ့နောက်က သူငယ်ချင်းနှစ်ယောက်က ဖိချုပ်ဆွဲထားလိုက်တယ်။
ဆံပင်အဝါနဲ့ ကောင်လေးက အဝေးကို ရောက်သွားပြီဖြစ်တဲ့ ကားကို မကျေမနပ် တက်ခေါက်ရင်း ဂစ်တာကို ခပ်ကြမ်းကြမ်းဆွဲယူလိုက်တယ်။
ကားပေါ်က လူကြီး ပစ်ခဲ့တဲ့ ရေသန့်ဘူးခွံက ကောင်လေးတွေအရှေ့က ဖြတ်ကျော်ပြီး ရေနှုတ်မြောင်းထဲက ရေနဲ့အတူ အောက်ဖက်ပိုင်းဆီကို မျှောသွားခဲ့တယ်။
ရေနှုတ်မြောင်းရဲ့ အောက်ဖက်ပိုင်းမှာ အရူးကတော့ သူ့နောက်ကျောဖက်က အရာအားလုံးကို ကျောခိုင်းလို့ ရေမြောင်းထဲက ပလပ်စတစ်အိတ်တွေကို သည်းသည်းမည်းမည်း ကောက်ယူနေတုန်း.....
ဒီတစ်ခါ ရပ်ကွက်ထဲက အလှူက အကြီးအကျယ်ကြီး လုပ်တာဖြစ်တယ်။တစ်ရပ်လုံးတစ်ရွာလုံးက မီးခိုးတိတ်ဖိတ်ထားပြီးသား.
အလှူလုပ်တဲ့ သူဌေးက အတော်လည်း သဘောကောင်းတယ်။ဖော်ရွေသလို ရက်ရောတယ်။သူဌေးက ရော်ဘာခြံကျယ်ကြီးတွေကို ပိုင်ဆိုင်သူတဲ့။
သူ့လုပ်ငန်းတွေအဆင်ပြေရင်ပြေသလို ရပ်ကွက်ထဲ အမြဲအလှူ
လုပ်နေကျဖြစ်တယ်။အခုအလှူကလည်း သူ့လုပ်ငန်းတွေ အဆင်ပြေလို့ ဖြစ်မှာပေါ့။
အလှူမှာ လူတိုင်းနီးပါးက ဝတ်ကောင်းစားလှတွေနဲ့ ပျော်တပြုံးပြုံး ဖြစ်နေကြတယ်။မြို့လို့ မဆိုသာ တောရွာဆိုပေမယ့် မြို့နဲ့ သိပ်မဝေးတဲ့ ရွာကြီးကြီးဆိုတော့ ခန်းမ ဘာညာ မရှိဘူး။အလှူတိုင်းက အိမ်မှာပဲ မဏ္ဍပ်လုပ်ပြီး ကျွေးမွေးတာမို့ အဲ့ဒီ အလှူလုပ်တဲ့ရပ်ကွက်ထဲက လူအတော်များများက ဧည့်ခံကျွေးမွေးခြင်းမှာ ကူကြရတယ်။
လာသမျှလူတွေကို ဧည့်ခံကျွေးမွေးနေကြတာ အားရစရာမို့ အလှူရှင်သူဌေးကလည် ပျော်တပြုံးပြုံးနဲ့ ကျေနပ်နေတယ်။သူဌေးရဲ့ ဘယ်လက်မှာတော့ စိန်လက်စွပ်ကြီးက တလက်လက်နဲ့ ။အိမ်ဘေးမှာလည်း သူဌေးရဲ့ဇိမ်ခံကားကို ရပ်ထားတယ်..။ကားမှန်ကို ဖောက်ထွင်းလို့ ကားရှေ့ခန်းမှာ ရေသန့်တစ်ဘူးနဲ့ တစ်သျှူးတစ်ဘူးကိုလည်း မြင်နိုင်ပါတယ်။
အလှူဧည့်ခံပွဲ လူစည်နေတဲ့အချိန်မှာပဲ အမှိုက်တွေ ကောက်နေတတ်တဲ့ ညစ်ပတ်ပေရေလွန်းတဲ့ အရူးက အလှူမဏ္ဍပ်ဆီကို ရစ်ဝဲ ရစ်ဝဲနဲ့ ရောက်လာခဲ့တယ်။အစားအသောက်တွေရဲ့ အနံ့ကသူ့ရဲ့ အစာစားချင်စိတ်ကို ဖြစ်နေစေပြီလေ။
အရူးက သူသယ်ဆောင်လာတဲ့ အမှိုက်အိတ်ကို ချလို့ မဏ္ဍပ်ထဲ ဝင်ဖို့ အလုပ်မှာ ဆံပင်အဝါရောင်နဲ့လူတစ်ယောက်က ရပ်ကွက်ထဲက ခွေးလေခွေးလွှင့် ခွေးမ ပိန်တစ်ကောင်ကို လိုက်ရိုက်ထုတ်နေတာ တွေ့လိုက်ရပြီး ခွေးမပိန်ဟာ တဂိန်ဂိန်နဲ့အော်လို့ အရူးဖက်တည့်တည့်ကို ပြေးလာနေတယ်။ အရူးလည်း ကြောက်အား လန့်အားနဲ့ ခုန်ရှောင်လိုက်တော့ ခွေးကို လိုက်ရိုက်တဲ့ လူက အရူးကို မြင်သွားတယ်။
အရူးကို တစ်ချက်ကြည့်ပြီး မဏ္ဍပ်ထဲ ပြန်ဝင်သွားပြီး အလှူရှင် သူဌေးကို စကားသွားပြောနေတယ်။ မျက်လုံးတွေကတော့ အရူးဆီကို ရောက်လာကြတယ်။
အရူးက အလှူမဏ္ဍပ်ထဲ ဝင်ဖို့ မဝံ့မရဲ ဖြစ်နေတုန်းမှာပဲ အရူးရှေ့ကို လူတစ်ယောက်ရောက်လာပြီး ကြွပ်ကြွပ်အိတ်နဲ့ ထုပ်ထားတဲ့ ထမင်းနဲ့ဟင်းကို အရူးကို လာပေးတယ်..။ပြီးတော့ ဒီအနားမှာ မနေနဲ့ ခပ်ဝေးဝေးကိုသွားလို့လည်း ပြောသွားတယ်။ အရူးက ဝမ်းသာအားရ အကြည့်တွေ့နဲ့ ထမင်းလာပေးတဲ့လူရဲ့ ကျောပြင်ကို ကြည့်လိုက်မိတယ်။ ဆံပင်ကတော့ အဝါရောင်နဲ့ အသက်သိပ်မကြီးသေးတဲ့ ကောင်လေးတစ်ယောက်ပါ...။
အရူး ထမင်းထုပ်ကို ယူပြီး အလှူမဏ္ဍပ်နဲ့ ခပ်လှမ်းလှမ်းက သူများအိမ်ရှေ့က သရက်ပင်တစ်ပင်အာက်မှာ ထိုင်ချလိုက်တယ်။ထမင်းစားမလို့လုပ်တော့ စောစောက ရိုက်ထုတ်ခံထားတဲ့ ခွေးမပိန်လေးက အမြီးလေးတနှံ့နှံ့နဲ့..။ထမင်းနဲ့ ဟင်းကို နယ်ပစ်လိုက်ပြီး ခွေးမပိန်အတွက် တစ်ဝက်ခွဲပြီး မြေကြီးမှာ ပုံပေးလိုက်တယ်။ ခွေးမပိန်က အားရပါးရ စားလိုက်တယ်။ သူလည်း ခွေးမပိန်စားသလို စားလိုက်တာ ခွေးမပိန်လည်းကုန်ရော ကြွပ်ကြွပ်အိတ်ထဲက သူ့ထမင်းလည်း ပြောင်သလင်းခါနေပြီ။
အဲ့ဒီနောက် အရူးဟာ ထမင်းထည့်ပေးခဲ့တဲ့ ကြွပ်ကြွပ်အိတ်ကို လွှင့်ပစ်လိုက်တယ်။
မဏ္ဍပ်ဆီကို ကြည့်ပြီး ပြုံးနေကျအတိုင်း ပြုံးပြလိုက်တယ်။ပြီးတော့ စောစောက သူစားလို့ ပစ်ချထားတဲ့ ကြွပ်ကြွပ်အိတ်ကို ပြန်ကောက်လိုက်ပြီး သူဆွဲယူလာတဲ့ အိတ်ထဲထည့်လို့ အဲ့ဒီနေရာကနေ ထွက်ခွာသွားတယ်..
လူတွေ့ရင် ပြုံးပြတတ်တဲ့ အမြဲတမ်း စကားတွေ ပြောနေတတ်တဲ့ အမှိုက်တွေကို လက်နဲ့ ဆုပ်ကိုင်ပြီး အိတ်ထဲသွပ်ထည့်နေတတ်တဲ့ အဲ့ဒီအရူးဟာ ရွာရိုးကိုးပေါက် လျှောက်သွားနေတတ်သူမို့ မိတ်ဆွေတို့ မြို့တွေ ရပ်ရွာတွေမှာလည်း တွေ့ကောင်း တွေ့နိုင်ပါတယ်။
စိတ်ဝင်စားမယ်ဆို မိတ်ဆွေတို့ပတ်ဝန်းကျင်မှာသတိလေးထားပြီး ကြည့်ပေါ့...