#တမ်းတတတ်သည်ကို တမ်းတ
ရိုးရိုးလေးကြည့်မယ်ဆိုရင် ရိုးရိုးပဲ မြင်ရမယ်။
မိဘတွေရဲ့ အလိုလိုက်ခံ မရင့်ကျက်သေးတဲ့ ကောင်လေးတစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ လောကဓံရဲ့ အကောင်းအဆိုးမှန်သမျှကို ခါးစည်းရင့်ကော့ခံခဲ့ရပြီး အထုံအကျဉ်စွဲနေပြီဖြစ်တဲ့ ခံစားချက်ကင်းမဲ့နေသလို ဖြစ်နေတဲ့ မိန်းကလေးတစ်ယောက်တို့ရဲ့ အချစ်ဇာတ်လမ်းတစ်ပုဒ်..။
ဒါပေမယ့် ရေးသူဟာ ဆရာမကြီး ကြည်အေးဖြစ်နေတဲ့ အတွက် အဲ့ဒီလောက် ရိုးရှင်းတဲ့ ဇာတ်လမ်း ဖြစ်မသွားခဲ့ဘူး။
ဘုရင့်မြေးတော် ဖြစ်နေခဲ့ပေမယ့် ငယ်ကတည်းက ဖခင်ဖြစ်သူနဲ့ နေခဲ့ရပြီး မာနကြီးကြီးနဲ့ ရိုးရှင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လေလွှင့်လိုစိတ်က အသားကျနေခဲ့ပြီ ဖြစ်တယ်။ ဖခင်ဖြစ်သူဟာ ဘုရင့်သားတော် ဖြစ်ပေမယ့် အဲ့ဒီခေတ်က အုပ်ချုပ်သူ လူတန်းစားရဲ့ အဆိုအရ ဓားပြမွေးသူ သူပုန်ဖြစ်နေခဲ့တယ်။
အခုခေတ်အခါသာဆို တော်လှန်ရေးသမားလို့ ဆိုရမယ် ထင်ရဲ့။
မိန်းကလေးပေမယ့် မိန်းကလေးမဆန်တဲ့ အနေအထိုင် အပြောအဆိုတွေနဲ့ ဘဝကို ကျင်လည် ဖြစ်သန်းခဲ့တဲ့ အတွေ့အကြုံတွေကပဲ အထွေးဆိုတဲ့ မိန်းကလေးကို မနူးညံ့စေခဲ့တော့တာ ဖြစ်မယ်။ သူကိုယ်တိုင်ရဲ့ ပတ်ဝန်းကျင်ကို ဂရုမစိုက်တတ်ပဲ နေထိုင်တတ်မှုကြောင့်လည်း ပါမှာပေါ့လေ..။
အဲ့ဒီမိန်းကလေးကိုမှ ချစ်မိတဲ့ လောကကြီးမှာ အမေနဲ့အမရဲ့ ဂရုစိုက်မှုကလွှဲရင် ကျန်တာ သိပ်မသိသေးတဲ့ အသက်၁၉ နှစ်အရွယ် အပါဆိုတဲ့ ကောင်လေးတစ်ယောက်က အထွေးဆိုတဲ့ ဂျစ်ပစီဆန်ဆန် မိန်းကလေးကိုမှ ချစ်သတဲ့။ ထစ်ခနဲဆို ငိုဖို့ကလွှဲရင် ကျန်တာ ဘာကိုမှ သိပ်မတွေးတတ်တဲ့ ကောင်လေးက လောကဓံဆီမှာ ဒေါင်ကျကျပြားကျကျ နေထိုင်တတ်တဲ့ အဲ့လိုနေထိုင်ရတာ သဘောကျတဲ့ ထိပ်တင်မထွေးဆိုတဲ့ မိန်းကလေးကိုမှ ရူးရူးသွပ်သွပ်ချစ်သွားသတဲ့။
ကျောခိုင်းပြီးရင် နောက်လှည့်မကြည့်တတ်တဲ့ လူတွေအပေါ် ယုံကြည်မှုနည်းနေပြီဖြစ်တဲ့ နေရာတစ်ခုထဲမှာ အခြေချနေထိုင်ဖို့ အသားမကျတတ်တဲ့ တိုင်းရင်းဆေးဆရာမတစ်ယောက်အပေါ် မိသားစုတစ်ခုနဲ့ ဆိတ်ငြိမ်အေးချမ်းစွာ နေထိုင်အသားကျချင်တဲ့ အပါဆိုတဲ့ ကောင်လေးတစ်ယောက်ရဲ့ စွဲလမ်းမှုတွေကို ဆရာမကြည်အေးက အလှည့်အပတ် အလိမ်အခေါက်လေးတွေနဲ့ ကွန့်မြူးတန်ဆာ ဆင်ထားတဲ့ "တမ်းတတတ်သည်"
အထောက်တော်လှအောင်ကတော့ တမ်းတတတ်သည်ရဲ့ ခင်းကျင်းမှုခေတ်ကို ၁၉၃၀-၄၀ ကိုလိုနီခေတ်ကို ခန့်မှန်းသုံးသပ်ထားပါတယ်။
ကျမ တမ်းတတတ်သည်ကို ဖတ်ရင်း သတိထားမိတာက ဆရာမကြီးက ဇာတ်ကောင်တွေရဲ့ နေရာ အတိအကျ ဖော်ပြမထား အပါတို့မြို့၊ ဂန္ဓမာပန်းများပွင့်ရာမြို့ဆိုပြီးတော့ပဲ ဖော်ပြထားတယ်။အပါက အထွေးကို လှေနဲ့လိုက်ပို့ပြီး စင့်ကင်ဖက် အလည်သွားတယ်လို့ ရေးထားတယ်။
စင့်ကင်က ဗန်းမော်မြို့နယ်ထဲ ရှိတဲ့ ရွာကြီးကြီးဖြစ်တယ်။အပါသွားရောက်လေ့ရှိတဲ့ ကချင်ရွာ၊ အထွေး အပါကိုလိုက်ပို့ပြီး နေရစ်ခဲ့တဲ့ ရှမ်းရွာ၊ နောက်ပြီး အထွေး ခေါင်းလျှော်တဲ့အခါ အသုံးပြုခဲ့တဲ့ ရွှေကူလုပ် မြေအိုး၊ ဧရာဝတီမြစ်ရဲ့ အလှတရားကို တစိတ်တပိုင်းဖော်ညွှန်းမှုနဲ့မြစ်အလယ်က သောင်၊ အပါနဲ့အထွေး ထွက်ပြေးရာက ဆင်ကို အသုံးပြုခဲ့တယ်တဲ့။
အားလုံးကို ဆက်စပ်တွေးကြည့်မိတယ်။ ဆရာမကြီး ကြည်အေးရဲ့ တမ်းတတတ်သည် ဝတ္ထုဟာ ကချင်ပြည်နယ် ဗန်းမော်နယ် တဝှိုက်ဖြစ်မယ်လို့ ကျမခန့်မှန်းမိပါတယ်။
အထွေးဟာ ဘုရင်မြေးတော်ဆိုသည့်တိုင် ဘုရင်ဆိုတာ အဲ့ဒီခေတ်ရဲ့ ပဒေသရာဇ်နိုင်ငံငယ်တွေထဲက ဘုရင်တစ်ပါးကို ရည်ညွှန်းတာပဲ ဖြစ်နိုင်ပါတယ်။
ပြီးတော့ အထွေးရဲ့ ဇာတ်ကောင်စရိုက်က ဆရာမဂျူးရဲ့ ပင်လယ်နဲ့တူသော မိန်းမများထဲက အိမ်စိုးမေနဲ့ ဆင်ဆင်တူတယ်လို့ ခံစားမိတယ်။
မိန်းမမဆန်တဲ့ မိန်းမတွေပေါ့။
ထားပါ..
ဝတ္ထုဟာ သိပ်ပြီး ရှည်လျားမနေပဲ တွေးစရာ တပုံတပင်နဲ့ ရင်ထဲ တစ်ခုခုကျန်နေတဲ့ ရသမျိုးနဲ့ ဆရာမကြီး ကြည်အေးရဲ့ ကလောင်စွမ်းကြောင့် တောက်ပြောင်လို့ နေတယ်လို့ပဲ ကျမထင်မိပါတယ်။ဆရာကြီး အထောက်တော်လှအောင်ပြောထားသလို ပွတ်သပ်ငြိတွယ် ကလူကျီစယ်ဟန် အရေးအသားတွေက အရိုင်းမဆန်ပဲ ဆရာမကြီးကြည်အေးရဲ့ စာပေဝမ်းစာပြည့်မှုတွေအဖြစ် သြချရအောင် လှပအောင်ရေးထားနိုင်ပါတယ်။
အရင်ထုတ်ထားတဲ့ နှစ်ကာလများက ၂၀၀၄မှာ ထုတ်ထားတဲ့စာအုပ်က စာမျက်နှာ ၁၀၉မျက်နှာ ရှိပေမယ့် အခု ကျမဖတ်ရတာကတော့ စိတ်ကူးချိုချိုက ၂၀၁၁ခုနှစ် နိုဝင်ဘာလမှာ စတုတ္ထအကြိမ်အဖြစ်ထုတ်ဝေထားပြီး ဆရာမကြည်အေးရဲ့ အမှာစာကို ထည့်မထားတော့ပဲ စာမျက်နှာ ၇၀ပဲ ရှိပါတယ်။
စာအုပ်ရောင်းဈေးက ၁၂၀၀ ကျပ်ပါ။
အကယ်၍ မဖတ်ရသေးရင် ဆရာမကြီး ကြည်အေးရဲ့ ကလောင်စွမ်းကို တစ်ဆိတ်လောက် မြည်းစမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။
I'm ATM.
( အမှားများပါခဲ့သော်၊အယူအဆ ကွဲလွှဲကြသည် ရှိသော် ကျမ၏ အားနည်းမှုကြောင့်သာ )