ဤသို့ပင် မြင်မိပါသည်..
မနေ့က ဆယ်တန်း အောင်စာရင်းတွေ ထွက်တယ်။အောင်သူပြုံးလို့ ကျသူငိုကြတယ်..။
ဆယ်တန်းစာမေးပွဲဆိုတာ သတ်မှတ်ချက်တစ်ခုသာ ဖြစ်ပြီးတော့ ဘဝတစ်ခုလုံး မဟုတ်သေးဘူးဆိုတာ သူတို့လေးတွေ နားမလည်နိုင်ကြသေးဘူး..။
စာမေးပွဲရဲ့ အအောင် အရှုံးက ဘဝအတွက် အခွင့်အရေး အချို့ကို ရွေးချယ်ခွင့် ဆိုတာလည်း ယေဘုယျအားဖြင့် မသိနိုင်ကြသေးဘူး..။
အဲ့ဒီရွေးချယ်ခွင့်ထဲမှာတောင်မှ အချို့အရာတွေအတွက်လေးပဲဆိုတာ သိနားလည်ဖို့ ပိုပြီး ခက်ခဲနေသေးတယ်။
အတန်းတိုင်း အတန်းတိုင်းမှာ အဲ့ဒီလောက် မဖြစ်ကြပဲ အေးအေးဆေးဆေး ချီတက်လာကြပြီးမှ ဆယ်တန်းရောက်မှ ဆယ်တန်းမှာမှ အဲ့ဒီ နောက်ဆုံး စာမေးပွဲကျမှ ကလေးတွေအတွက် ဘာလို့ အဲ့ဒီလောက် ခက်ခဲနေခဲ့တာလဲ။
ကျွန်မကတော့ ကြီးမားတဲ့ ဖိအားကြောင့်လို့ပဲ ဆိုချင်ပါတယ်။
နှစ်စကတည်းက ဖြေလာတဲ့ မေးခွန်းတွေ ပုစ္ဆာတွေ ပြင်ပမေးခွန်းတွေ ပြဌာန်းစာအုပ်ထဲက မေးခွန်းတွေ မေးခွန်းလွှာထုတ် အဖြေလွှာမှာရေး ကျောင်းမှာဖြေရတဲ့ စာမေးပွဲ ကျူရှင်တွေ ဝိုင်းတွေ အဆောင်တွေမှာ ဖြေရတဲ့ စာမေးပွဲ စာမေးပွဲရဲ့ ပုံစံကတော့ အတူတူပါပဲ..
ဒါဆို ဘာက မတူတာလဲ..
ရှင်းပါတယ်...ဖိအားက မတူတာပါ..
အဲ့ဒီ နောက်ဆုံးစာမေးပွဲအတွက် ဆရာ ဆရာတွေက ဒါ အရေးကြီးတယ်နော် ။မင်းတို့အတွက် အဆုံးအဖြတ်နော်ဆိုတဲ့ စကားလုံးက ခြိမ်းခြောက်မှု တစ်ခုလို ဖြစ်သွားတဲ့အတွက် ကလေးတွေရဲ့ စိတ်ထဲမှာ စိုးရွံစိတ်တွေ လှုပ်ခတ်မှုတွေက အနည်းနဲ့အများ ဝင်သွားပြီ ဖြစ်တယ်..။
ဒါဟာ အရိုးရှင်းဆုံး ဥပမာပေးရရင် ကျွန်မတို့ အတန်းငယ်တွေတုန်းက ကိုယ့်ဘာသာ စာကျက်ပြီး စာရချိန်မှာ ဒေါင်းဒေါင်းထအောင် စာကို အာဂုံဆောင်နိုင်ခဲ့ပါစေ. သူငယ်ချင်းနဲ့ အပြန်အလှန် ချောမွတ်နေအောင် စာဆိုပြနိုင်ခဲ့ပါစေ..ဆရာမရှေ့မှာ စာပြန်တဲ့အခါ ဆရာမဆိုတဲ့ အရှိန်နဲ့ ကိုယ်ရပြီးသား စာကိုတောင် ထစ်အ သွားရတဲ့ အခိုက်အတန့်လိုပါပဲ..
ဒီစာမေးပွဲက နိုင်ငံတော်က စစ်မှာ ဒီမှာ မစစ်ဘူး..ရအောင်လုပ်ကြ အောင်အောင် လုပ်ကြဆိုတဲ့ စကားက ကလေးတွေအတွက် ဖိအား တစ်ခု ဖြစ်စေပါလိမ့်မယ်။နိုင်ငံတော်ကပဲ စစ်စစ် နိုင်ငံခြားကပဲ စစ်စစ် မေးခွန်းအတွက် အဖြေမှန်ရင် အမှတ်ရမယ် စာမေးပွဲအောင်မယ်ဆိုတဲ့ အသိကို ပိုထည့်ပေးဖို့ လိုလိမ့်မယ် ထင်ပါတယ်။
စာမေးပွဲက အရေးကြီးတယ်ဆိုတဲ့ စကားထက် အဖြေတွေမှန်ဖို့ ပိုကြိုးစားရမယ်ဆိုတဲ့ စကားက ပိုပြီး တော့များ သင့်လျော်မလားလို့လည်း တွေးမိပါတယ်။
ပြီးတော့ ကလေးတွေအတွက် မိဘတွေရဲ့ သောက်သောက်လဲ အလိုလိုက်မှုဟာ ဒီဆယ်တန်းဆိုတဲ့ ကာလမှာတောင် စာမေးပွဲဆိုတဲ့အချိန်မှာ ပိုရတယ် ထင်မိပါတယ်..။ဒါဟာလည် ဖိအားတစ်ခုပါပဲ။
နုငယ်တဲ့နှလုံးသားတွေနဲ့ကလေးတွေ ဖြစ်တဲ့အတွက် သူ့မိဘတွေ အလိုလိုက်ပြီး ဖူးဖူးမှုတ်ရင် ကိုယ့်မိဘတွေလည်း အဲ့ဒီလို အလိုလိုက်စေချင်ကြတာ အဲ့ဒီကလေးတွေရဲ့ ဆန္ဒတစ်ခု ဖြစ်မှာပါပဲ..
ကြီးမားတဲ့အရာတွေမဟုတ်ပေမယ့် လူတစ်ယောက်ရဲ့ ဖိအားက စိတ်ခံစားချက်ကြီးခြင်း သေးခြင်းကြောင့် ဖြစ်လာတယ်လို့ ယူဆမိလို့ပါ။
နောက်တစ်ခုက အခြား စာမေးပွဲပေါင်းများစွာကို ပေါ့ပေါ့ပါးပါးနဲ့ ဖြတ်သန်းလာခဲ့ရပေမယ့် ဒီဆယ်တန်း စာမေးပွဲကြီးဆိုတဲ့ နောက်ဆုံးစာမေးပွဲမှာကျမှ ယူနီဖောင်းဝတ်အစောင့်များစွာနဲ့ စာမေးပွဲခန်းထဲက ဆရာဆရာမတွေရဲ့ တင်းကြပ်တဲ့ မျက်ဝန်းအကြည့်တွေက ကလေးတွေရဲ့ သိစိတ်ထဲမှာပဲ ဖြစ်စေ မသိစိတ်ထဲမှာပဲ ဖြစ်စေ နှစ်ခုလုံးမှာပဲ ဖြစ်စေ...ဖိအားတစ်ခုလို ဖြစ်စေခဲ့မှာပါပဲ..။
ဒါကြောင့် အချို့ကလေးတွေဟာ ဖြတ်သန်းခဲ့တဲ့ စာမေးပွဲပေါင်းများစွာမှာ အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ဒီစာမေးပွဲမှာမှ ကျရှုံးရခြင်းလို့ မြင်မိတာပါ..။
ဒီနေရာမှာ စာမေးပွဲကျတဲ့ ကလေးတွေကို တစ်ခုပြောချင်တာက စာမေးပွဲရဲ့ အကျအရှုံးကို အမှတ်နဲ့ ဆုံးဖြတ်တာဖြစ်ပြီးတော့ ကိုယ့်ကြိုးစားမှုကိုတော့ ကိုယ့်ဘာသာပဲ ဆုံးဖြတ်ရတာ ဖြစ်တယ်ဆိုတာပါပဲ။
ကျွန်မပြောချင်တဲ့ ကြိုးစားမှုက စာကိုပဲ မတရား ကျက်နေရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ ကိုယ့်ဘဝတစ်ခုလုံးထဲက ကိုယ့်ရွေးချယ်မှုကို ကိုယ့်လမ်းကြောင်းထဲက ကိုယ့်ဘဝအတွက် ရွေးချယ်မှုမှာပါ ကြိုးစားဖို့ကို ပြောချင်တာပါ။
ဘာကြောင့်လဲဆိုတော့ ကမ္ဘာပေါ်ကလူသားအကျိုးတွေကို ထမ်းရွက်ခဲ့ကြတဲ့ အချို့ ပုဂ္ဂိုလ်ကြီးတွေဟာ စာတတ်ဖို့မပြောနဲ့ ကျောင်းတောင် ဖြောင့်အောင်မနေခဲ့ကြရသူတွေ အများကြီးရှိလို့ပါ..။
ဒါပေမယ့် အဲ့ဒီလိုဖြစ်ဖို့ဆိုရင် ယုံကြည်ချက်တွေက ပြင်းထန်တယ်ဆိုတာထက် ပိုပြင်းထန်မှ ရပါလိမ့်မယ်။
ဒါကိုထည့်ပြောလိုက်တာက စာမေးပွဲအောင်တဲ့ကလေးတွေကို စော်ကားလိုက်တာ မဟုတ်ပါဘူး။စာမေးပွဲကျတဲ့ကလေးတွေကို မြှောက်ပေးလိုက်တာလို့လည်း မမြင်စေချင်ပါဘူး။
စာမေးပွဲက ဘဝရဲ့အဆုံးအဖြတ် မဟုတ်သေးဘူးဆိုတာကို ရည်ညွှန်းချင်မိရုံပါ..
ကျွန်မကတော့ ဆယ်တန်း စာမေးပွဲကို ဒီလို မြင်မိပါတယ်..
ဆယ်တန်းအောင်ခြင်းက ကလေးတစ်ယောက်ရဲ့ဘဝအတွက် ရွေးချယ်ခွင့်တံခါးတစ်ချပ်ပွင့်သွားခြင်းပဲလို့ မြင်ပါတယ်။အဲ့ဒီတံခါးကနေ ဖြတ်ကျော်လိုက်တဲ့အခါ လမ်းပေါင်းများစွာရှိမယ်..
အဲ့ဒီလမ်းမှာ မာယာလမ်းကျဉ်းတွေ သပ်လျှိုထားတာတွေလည် ရှိတယ်..
..လမ်းတွေရဲ့ အဆုံးမှာ ဘွဲ့ထူး ဂုဏ်ထူးတွေက မျှားခေါ်နေကြတယ်..
အချို့ အဲ့ဒီဘွဲ့ထူး ဂုဏ်ထူးတွေအတွက် လမ်းတွေကို ဖြတ်သန်းရချိန်မှာ သိမ်ငယ်ချို့တဲ့ကြရတယ်..
အချို့က အဲ့ဒီလမ်းတွေကို ခက်ခက်ခဲခဲ ဖြတ်ကျော်ကြရတယ်..
အချို့ကတော့ စားရေရိက္ခာ လက်နက်ကိရိယာအပြည့်အစုံနဲ့ သက်တောင့်သက်သာ ဖြတ်သန်းခွင့်ရကြတယ်..ဘွဲ့ထူး ဂုဏ်ထူးကို လွယ်လင့်တကူ ယူလို့ ရကြတယ်..။
ဒါပေမယ့် ကိုယ်လိုချင်တဲ့ ဆုအတွက် ကိုယ်ကြိုက်တဲ့လမ်းကို ရွေးချယ်ခွင့်တော့ မရကြပြန်ဘူး..။
သူများချပေးတဲ့ လမ်းကြောင်းမှာ ကိုယ်က ဘွဲ့တစ်ခုအတွက် လျှောက်နေရသလိုပါပဲ....
ကိုယ်ကြိုက်တဲ့ ကိုယ်လမ်းကို ကိုယ်တိုင်လျှောက်ခွင့်ရသူတွေလည်း ရှိပါတယ်လေ..
လူတိုင်းတော့ မဟုတ်ဘူးပေါ့..
ရှင်းရှင်းပဲ ဆိုကြပါစို့..
ဆရာဝန်ဖြစ်ဖို့ ဝါသနာပါတဲ့ကလေးတစ်ယောက်က ဆေးကျောင်းတက်ဖို့ အမှတ်မမီတဲ့အခါ.....
စာရေးဆရာလုပ်ချင်တဲ့ ကလေးက မိဘတွေရဲ့ ဖိအားကြောင့် ဆိုဒ်လွန်အမှတ်တွေနဲ့ ဆေးတက္ကသိုလ် တက်နေရတဲ့အခါ ....
အဲ့ဒီအခြေအနေတွေက နေရာအတပ်မှားထားတဲ့ စက်ယန္တရားကြီး တစ်ခုလို လည်ရပတ်ရ အတော်ခက်ခဲနေမှာပါပဲ..။
အတော်လည်း စိတ်ပျက်စရာ ကောင်းနေမှာပါပဲ..။
အဲ့ဒီအချိန်တွေကို ရောက်တဲ့အခါ ဒီဆယ်တန်းအောင်စာရင်းဆိုတာတွေ စာမေးပွဲတုန်းက ဆိုတဲ့အချိန်တွေဟာ အမှတ်စာရင်းဆိုတဲ့ အရာတွေအောက်မှာ ဖိသတ်ခံလိုက်ရပြန်တော့တာပါပဲ..။
အဲ...ပြီးတော့
ဘွဲ့ဆိုတဲ့အရာကို ပိုင်ဆိုင်ပြန်တဲ့အခါမှာရော တကယ်ပဲ ဘဝထဲကို ခေါင်းမော့ ရင်ကော့ပြီး တိုးဝင်ခွင့်ရကြပြီလား...
အလုပ်တစ်ခုရဖို့ ဘယ်လိုလဲဆိုတာ အောက်ခြေက ဘွဲ့တစ်ခုပိုင်ထားတဲ့ လူအတော်များများက ပိုသိကြပါလိမ့်မယ်။
ကျွန်မဆိုလိုချင်တာက ဆယ်တန်းစာမေးပွဲဆိုတာ ဖိအားကြီးကြီးမားမားတွေနဲ့ ကန့်သတ်ထားတဲ့ ဘောင်တစ်ခုပါပဲ။ဆယ်တန်းပြီးလို့ တက္ကသိုလ်တက်ချိန် တက္ကသိုလ်မှာ စာမေးပွဲတွေ ဖြေချိန်မှာ စာကျက်ဖို့ အချိန်ဘယ်လောက်ယူခဲ့ကြသလဲ...စာမေးပွဲအပေါ် ဘယ်လို စိတ်ထားခဲ့ကြသလဲဆိုတာ ဘွဲ့ရပြီးသွားသူတွေ ပိုသိကြမှာပါ..
ဆယ်တန်းလောက်တော့ စာတွေက မခက်တော့ဘူးလို့တော့ မပြောပါနဲ့ ။ဆယ်တန်းကို ကျော်ပြီးမှ တက်ခွင့်ရတဲ့အတန်းက ဆယ်တန်းအောက် နိမ့်ကျတဲ့ ပြဌာန်းချက်တွေကို ပေးထားမှာတော့ မဖြစ်နိုင်ပါဘူး..။
ဒါပေမယ့် လွတ်လပ်တဲ့ စိတ်နဲ့ ဖိအားတွေကနေ လွတ်လွတ်ကင်းကင်း ဖြေနိုင်ခဲ့ကြတယ်ဆိုတာတော့ ဝန်ခံကြလိမ့်မယ် ထင်ပါတယ်။
( ကျွန်မကိုယ်တိုင်က တက္ကသိုလ်မတက်ခဲ့ရလို့ မတက်ခဲ့ဖူးလို့ ထင်မြင်ယူဆချက်ကိုပဲ ပေးနိုင်တာပါ..။)
ဒီအကြောင်းပြောတော့ အင်တာနက်မှာ ဖတ်ဖူးတဲ့ စာတစ်စုကိုလည်း သွားပြီးသတိရမိပါသေးတယ်။ ဖတ်ဖူးကြမယ်လို့လည်း ထင်ပါတယ်။
အတန်းတစ်တန်းမှာ ဆရာက ဒီပုစ္ဆာဟာ ကမ္ဘာ့အခက်ဆုံးသင်္ချာ ပုစ္ဆာပဲ..ဖြေကြ ဆိုပြီး အဖြေထုတ်ခိုင်းလိုက်တယ်။ အတန်းထဲက အတော်ဆုံးကလေးတွေကတောင် အဖြေမထုတ်ကြသေးဘူး..အချိန်တွေ ကုန်သွားတယ်..
အဖြေမထုတ်နိုင်ကြသေးဘူး..
အဲ့ဒီအချိန် အတန်းထဲ အလယ်အလတ်အဆင့်လောက်ပဲစာရတဲ့ ကျောင်းသားလေးတစ်ယောက်က အတန်း နောက်ကျမှ ရောက်လာတဲ့ ကလေးတစ်ယောက်က အတန်းထဲ ဝင်ခွင့်တောင်းပြီး ဆရာက ကျောက်သင်ပုန်းမှာ ရေးပြထားတဲ့ သင်္ချာပုစ္ဆာကို ကမ္ဘာ့အခက်ဆုံးဆိုတာ မသိပဲနဲ့ ပုစ္ဆာကို အချိန်တခဏအတွင်းမှာ လွယ်လင့်တကူ ဖြေချသွားနိုင်ခဲ့တယ်...ဆိုတဲ့ အကြောင်းလေးပါ...
(အသေးစိတ်ကို မမှတ်မိလို့ အာဘော်မျှပဲ ပြောလိုက်တာကိုတော့ ခွင့်လွှတ်ကြပါ..မူရင်းရေးသားသူကိုလည်း creditပေးပါတယ်...)
အတန်းထဲက အတော်ဆုံးဆိုတဲ့ ကလေးတွေ ဘာကြောင့် ဒီပုစ္ဆာကို အဖြေထုတ်ဖို့ ဒီလောက်ကြာနေကြတာလဲ..
အလယ်အလတ်အဆင့်လောက်ပဲ စာရတဲ့ ကလေးက ဘာကြောင့် ဒီပုစ္ဆာကို တွက်သွားနိုင်တာလဲ..
စာတော်တဲ့ ကလေးတွေရဲ့ အသိထဲက ကမ္ဘာ့အခက်ဆုံးပုစ္ဆာဆိုတဲ့ ဖိအားနဲ့ ဒီစာရရုံ ကလေးရဲ့ သာမန်မေးခွန်းဆိုတဲ့ ဖိအားက ကွာခြားသွားတာကြောင့်ပဲ ဖြစ်ပါတယ်..။
အခု ဆယ်တန်းကျတဲ့ ကလေးတွေထဲမှာရော ဆယ်တန်း စာမေးပွဲဆိုတဲ့ ဖိအားကြောင့် အကြောင်းအမျိုးမျိုးသော ဖိအားတွေကြောင့် စာမေးပွဲ ကျကြသူတွေမရှိဘူးလို့ ပြောနိုင်ပါသလား..
ဟင့်အင်း..ကျွန်မကတော့ အဲ့ဒီဖိအားတွေကြောင့် စာမေးပွဲကျရတဲ့ ကလေးတွေက ပိုများတယ်လို့ပဲ မြင်မိပါတယ်...
ဒီနှစ်အတွက် စာမေးပွဲအောင်ကြတဲ့ ကလေးတွေအတွက် ဝမ်းသာဂုဏ်ယူရသလို စာမေးပွဲကျတဲ့ ကလေးတွေအတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်...
ကျွန်မတို့ဆီက ကလေးတွေ အားလုံးအတွက်တော့ ဆယ်တန်းစာမေးပွဲတိုင်းကို အဲ့ဒီလိုပဲ မြင်နေမိပါတယ်...
( ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်စေလိုခြင်း ရည်ညွှန်းခြင်မရှိပါ။ ကျွန်မရဲ့ အတွေးအမြင်သက်သက်သာ ဖြစ်လို့ လွတ်လပ်စွာ သဘောထား ကွဲလွှဲနိုင်ကြပါတယ်....)