မနှစ်က ပုသိမ်အကျော်က ငရုတ်ကောင်းရွာဘက်က ဂေါ်ရင်ဂျီကျွန်းကို ခရီးသွားတာတွေ စခေတ်စားနေထဲက သွားဖို့ တေးထားပေမယ့် တည်းစရာသေချာမရှိတာရယ် စက်လှေနဲ့ဆို ကိုယ်သွားချင်တဲ့ ကျွန်းတွေ စုံအောင်မရောက်မှာရယ်စိုးလို့ မသွားဖြစ်ခဲ့ဘူး။ အခု အသိတစ်ယောက်က သစ်သားအိမ်လေး ၃ လုံးဆောက်ပြီး ကိုယ်နဲ့ခင်တဲ့လူတွေကို အရင်လာတည်းဖို့ ဖွင့်တာကြောင့် သူများထက်ဈေးပိုကြီးပေမယ့် (တကယ်ကတော့ အပြီးအစီး ၃ ရက်စာဆိုတော့ အရမ်းတန်ပါတယ်) package လိုက်သွားဖြစ်တယ်။
The Log page မှာ အသေးစိတ်ကြည့်လို့ရပါတယ်။ ဈေးနှုန်းက ၂ ညအိပ် ၃ ရက် တစ်ယောက်ကို အပြီးအစီး ၂၃၀၀၀၀ package ပါ။ အဲဒါက တည်းခိုခ၊ speedboat နဲ့ လာကြိုတာ၊ ကျွန်းတွေဆီသွားတာ၊ မနက်စာ၊ နေ့လည်စာ၊ ညစာ (european seafood + wine) ပါပြီးသားပါ။ အစားအသောက်က ချောင်းသာလောက် မပေါပါဘူး။ နေရာက ရွာနဲ့ဝေးပြီး သပ်သပ်ကမ်းခြေလေးနဲ့ ကျောက်ဆောင်ပေါ်မှာမို့ပါ။ seafood ကို ပုဇွန်ထုပ်၊ ဂဏန်းစတာတွေကို ကြိုက်သလို ပြောရင် ပိုင်ရှင်အစ်ကိုက ဟင်းချက်ကောင်းတဲ့အတွက် သေချာချက်ပေးထားပါတယ်။ Dinner ဆိုရင် white wine နဲ့ ညဘက်ပင်လယ်ကို ကြည့်ပြီး အနားယူလို့ရပါတယ်။
ကျောက်ဆောင်ပေါ်မှာဖြစ်တဲ့အတွက် လေအရမ်းတိုက်ပြီး view အရမ်းလှပါတယ်။ ဘေး ၂ ဘက်မှာ ကမ်းခြေရှိပါတယ်။ အဲဒီထဲက speedboat ရပ်ထားတဲ့ ကမ်းခြေကတော့ ကိုယ်ပိုင်ကမ်းခြေပါ (ဗီဒီယိုဖိုင် တင်ပေးထားပါတယ်)။ နောက်တစ်ခုကတော့ အသည်းပုံကျောက်ဆောင်ရှိလို့ သူများတွေ တကူးတက ဓာတ်ပုံလာရိုက်ရတဲ့နေရာပါ။ ကျောက်ဆောင်ပေါပြီးတော့ လူသူအရမ်းမရောက်သေးတဲ့အတွက် ခရုတွေ ဂဏန်းတွေက ကျောက်ဆောင်တွေ၊ ကျောက်တွေပေါ်က အပေါက်လေးတွေတိုင်းမှာ အများကြီးရှိနေပါတယ်။ ရေကလည်း အရမ်းကြည်တဲ့အပြင် အသည်းပုံကျောက်ဆောင်ရှိတဲ့ဘက်ကရေဆိုရင် သဲမှုန်လေးတွေက နေရောင်အောက်မှာ ရေကြည်ကြည်ထဲ ရွှေရောင်ဖိတ်ဖိတ်တောက်နေတော့ Lush က ရွှေရောင် bath soap ထည့်ထားတဲ့အတိုင်းပါဘဲ။
ကျွန်းတွေကိုသွားရင် speed boat နဲ့ဖြစ်တဲ့တွက် စက်လှေနဲ့သွားတာထက် ၄ ဆ ပိုမြန်ပြီး စက်လှေနဲ့မရောက်တဲ့ ဝေးတဲ့နေရာက သစ်ရောင်းကျွန်းလိုမျိုးကို ရောက်ခဲ့ပါတယ်။ အဲဒီကျွန်းက လူဘယ်လောက်မရောက်လဲဆို ကိုယ်တွေရောက်ပြီး ခြေသံကြားတာနဲ့ ကျောက်ဆောင်တွေကြားက ဂဏန်းသေးသေးလေးလိုအကောင်တွေ၊ ၀င်ကစွပ်တွေ၊ ဂဏန်းတွေဆိုတာ ထွက်ပြေးကြတာ ရာထောင်ချီပြီးတော့။ အဲဒီနားမှာ ဓာတ်ပုံရိုက်နေရင်လည်း ဘေးနားမှာ "ကလောက် ကလောက်" "ခွပ်" ဆိုတဲ့ အသံပေါင်းစုံနဲ့ ၀င်ကစွပ်တွေခမျာ ပြေးလိုက် တိုက်လိုက် ပြုတ်ကျလိုက်နဲ့ ဗျာများနေရော။ အရမ်းချစ်ဖို့ကောင်းတယ်။ အဲဒီကျွန်းပတ်လည်မှာ ကျောက်ဆောင်တွေရှိတော့ တစ်ချို့ကျောက်ဆောင်ကြားတွေဆို ရေကန်လေးလိုဖြစ်နေတာ။ အောက်ခြေမှာ ကျောက်တုံးရောင်စုံတွေနဲ့ ခါးလည်လောက်ရှိတဲ့ရေကတောင် ကြည်လင်နေရော။ ငါးလေးတွေလည်းရှိတယ် . discovery channel လိုမှာတွေ့ရတဲ့ ကျောက်တုံးလိုလို ကျောက်တုံးယောင်ဆောင်ထားတဲ့ ငါးတွေလည်း ငြိမ်နေရော။ ဆူးလိုလေးတွေလည်းပါတယ်။ ရေတက်ရေကျရှိတော့ စောစောသွားနိုင်ရင် ကျွန်းကိုပတ်လို့ရတယ်။ ၃ နာရီလောက်တော့ ကြာတယ်ပြောတယ်။ အဲဒီတော့ ကျွန်းတွေသွားမယ်ဆို ရွေးချယ်စရာတော့ လုပ်ရလိမ့်မယ်.. ဓာတ်ပုံလှလှကျန်ချင်လား၊ ဓာတ်ပုံမရဘဲ ကျွန်းကိုနှံ့အောင်ပတ်ချင်လား။ ရေဆော့ချင်လား။ ကိုယ်တွေက နည်းနည်းနောက်ကျလို့ ကျွန်းမပတ်လိုက်ရဘူး၊ တစ်နေ့တော့ ပြန်သွားကြည့်ဦးမယ်။
လိပ်ချိုင်ကတော့ သွားကြတဲ့သူ review တွေတော်တော်များများမှာ ရေးကြဖူးပြီးသားပါ။ ဓာတ်ပုံရိုက်ကြတဲ့ ကျောက်ဆောင်ကြီးတွေနဲ့ အရမ်းလှတယ်။ လူများတယ်။ ရင်ထဲထိခိုက်တာတစ်ခုက အမှိုက်တွေ အရမ်းပေါနေပြီ။ လိပ်ချိုင်က သဲက သဲမဟုတ်ဘူး။ ခရုခွံတွေ .. ခရုခွံကောက်တဲ့သူတွေအတွက်တော့ heaven ဘဲ။ အမိုက်တွေရောနေတာတော့ စိတ်မကောင်းစရာ။ ကိုယ်တွေကတော့ အမှိုက်လုံးဝ မပစ်ခဲ့တဲ့အပြင် တတ်နိုင်သလောက် ကောက်ခဲ့ပေးပါတယ်။ (သွားကြမယ့်သူတွေ ဒါလေးကို ဆက်ပြီးဂရုစိုက်ပေးဖို့ လက်ဆင့်ကမ်းပေးပါနော်)
လိပ်ချိုင်ကိုသွားမယ်ဆို ဂေါ်ရင်ဂျီတောင်ပေါ်က ဘုရားကလည်း သွားလို့ရတယ်။ စက်လှေနဲ့မသွားဘဲ တောင်ပေါ်၊ တောင်ဘေးကနေ လမ်းလျှောက်သွားလို့ရတယ်။ နည်းနည်းတော့ပင်ပန်းတယ်။ ဓာတ်ပုံမရိုက်ရင် ၄၅ မိနစ်၊ ဓာတ်ပုံရိုက်ရင် ၁ နာရီခွဲလောက်ပေါ့။ အရမ်းလှလွန်းလို့ ရောက်ရာနေရာတိုင်း ဓာတ်ပုံရိုက်ပြီး သိမ်းထားချင်မိလိမ့်မယ်။ ( ချိုင်.. ဆိုတဲ့အခေါ်က .. အကွေး အ၀ိုက်လေးဖြစ်နေတဲ့ ကမ်းခြေကိုခေါ်တာ။ လိပ်ချိုင်၊ ပလ္လင်ချိုင်၊ အုန်းချိုင် အစသဖြင့်ရှိတယ်)
နောက်တစ်ခု package ထဲမှာမပါပေမယ့် လုပ်ရဲမယ်ဆိုရင် ကိုယ်တွေသစ်သားအိမ်တွေရှိတဲ့ ကျောက်ဆောင်အောက်က ဂူတွေထဲကို ကုတ်တွယ်ပြီးဆင်းလို့ရတယ်။ ရေတက် ရေကျရှိသေးတယ်။ ရေကျချိန်ဆို ဂူထဲ စာအုပ်ထိုင်ဖတ်လို့တောင်ရတယ်၊ ရေတက်ချိန်တော့ ဂူထဲဝင်ဖို့လမ်းတွေက ရေဖုံးကုန်တတ်တယ်။ ရေနည်းနည်းဝင်ရင်တောင် ဂူထဲမှာ မျောမသွားအောင် မနည်းကုတ်ကပ်တွယ်ထားရတယ်။ walking shoe လိုမျိုးနဲ့ဆို ခြေထောက်နည်းနည်းပါးပါးရှတာမျိုးက သက်သာမယ်။ ဒါပေမယ့် ကိုယ်ကတော့ ရေထဲဆင်းချင်တာ၊ ရေဆော့ချင်တာ၊ ရေထိချင်တာကြောင့် (ပါလည်းပါမလာလို့ပါ) Ipanema အပါးလေးနဲ့ဘဲ ဆင်းလိုက်တာဘဲ (Ipanema ဟာဈေးကြီးသလောက် အကြမ်းခံပါတယ်။ ခလုပ်တိုက်၊ ငြိ၊ ပြတ်ပြီထင်တာ အခါ ၁၀၀၊ ဘာမှမဖြစ်ခဲ့)။ အန္တရယ်တော့များတယ်.. ဒါပေမယ့် ပိုင်ရှင်အစ်ကိုရယ်၊ ညီရယ်၊ speed boat မောင်းတဲ့ local ကောင်လေး မင်းသူရယ် လိုက်ပို့တယ်။ သွားတာက မိန်းကလေး ၅ ယောက်၊ ဂူထဲဆင်းတာက ၃ ယောက်။ တစ်ယောက်ကိုတစ်ယောက် ထိန်းရင်းပြုရင်းနဲ့ ရောက်သွားတာဘဲလေ။
ဒီ The Log ကိုရွေးချယ်ရခြင်းက adventure သဘောသွားချင်ပေမယ့် ကောင်းကောင်းလေးနေချင်တာရယ်၊ speed boat နဲ့ အဝေးကလူသိပ်မရောက်တဲ့ကျွန်းတွေ သွားချင်တာရယ်၊ နေရာက ကျောက်ဆောင်ပေါ်မှာဖြစ်လို့ ကိုယ်အရမ်းသဘောကျတဲ့ Santorini လို view ရှိတာရယ်၊ private beach လေးရှိတော့ (private ဆိုပေမယ့် သူတို့က မပိတ်ထားချင်တော့ တစ်ခါတစ်လေ နိုင်ငံခြားသား ၂ ယောက်လောက်တော့ ရှိတတ်တယ်) .. ကိုယ်တွေချည်းဘဲ ဘီကီနီနဲ့ ဓာတ်ပုံရိုက်လိုက်၊ yoga လုပ်လိုက်နဲ့ privacy အပြည့် နေချင်သလို နေလို့ရတာရယ်၊ လူ ၅ ယောက်သွားတော့ နောက်ထပ် guest လက်မခံတော့ ကိုယ်တွေချည်းဘဲ အဲဒီနေရာ အုန်းချိုင် တစ်ခုလုံးမှာ private island ရောက်နေတဲ့ millionaire တွေလိုလိုဘာလိုလို ခံစားရတာရယ်၊ ပိုင်ရှင်အစ်ကိုရယ်၊ သူ့ညီရယ်၊ speedboat မောင်းတဲ့ local ကောင်လေးရယ်၊ house keeping နဲ့ ဟင်းကူချက်တဲ့ ကောင်လေး ၁ ယောက်၊ ကောင်မလေး ၂ ယောက်ရယ် .. Family type ဖြစ်တာရယ်ကြောင့် သွားကြဖို့ တက်ညီလက်ညီဆုံးဖြတ်ဖြစ်ကြတယ်။ ချောင်းသာလို ရွာနဲ့မနီးတော့ ၀ယ်စရာချမ်းစရာတော့ အဆင်မပြေသလို ငွေဆောင်လို Luxury ဆန်ဆန်နေလို့မရမှန်းသိပေမယ့် .. တကယ်ရောက်သွားတဲ့အခါ အဲဒီကျောက်ဆောင်ပေါ်က Log ပေါ်က view က လှလွန်းလို့ ၅ ယောက်သား ၁ နာရီလောက် စကားမပြောနိုင်ဘဲ ငုတ်တုတ်မေ့ပြီး ထိုင်ကြည့်နေမိတယ်။ အဲဒီတုန်းက ပုဇဉ်းတွေအုပ်လိုက်ပျံနေတာလည်း ထူးဆန်းတယ်။ စိတ်ကူးယဉ်ကမ္ဘာထဲရောက်သွားသလို .. ဒါနဲ့တင်တန်ပါပြီဆို ငါးယောက်လုံးက ပြောနေမိရော။
Privacy ကြိုက်တဲ့သူတွေ၊ လူများတာ ဆူညံတာမကြိုက်သူတွေ၊ သဘာဝကို ချစ်တဲ့သူ၊ Maldive တို့ Phuket တို့ မသွားဖြစ်သေးတဲ့သူတွေ၊ adventure ကြိုက်တဲ့သူတွေ၊ ဘီကီနီလေးတွေနဲ့ ပဲပေးချင်သူတွေ .. သွားကြပါ။ Flexible ဖြစ်တဲ့ type နဲ့ အေးရာအေးကြောင်းနေတတ်တဲ့ type တွေအတွက် အရမ်းကောင်းတယ်။ လှလွန်းလို့ ဒီဈေးနဲ့ ဒီလိုနေရာကို ဒီလိုအနေအထားနဲ့နေရတာ .. တန်လွန်းတယ်ဆို အော်နေမိမယ်။ သွားမယ်ဆို ၆ ယေက်လောက်ထက် များလို့တော့ မရဘူး။ သူတို့က လူမနိုင်မှာစိုးလို့ လူများရင်လက်မခံဘူး။ service အရမ်းကောင်းအောင် မပေးနိုင်မှာလည်း အားနာလို့ ကိုယ့်အသိတွေနဲ့ စပြီး commercial လည်းအရမ်းမလုပ်ဘူး။
ဒါပေမယ့် ရေပူ ရေအေးမရဘူး။ မီးကတော့ ညနေကနေ မနက်ထိ မီးစက်နှိုးပေးတယ် (ဖုန်းတွေ၊ powerbank တွေအကုန် အားအပြည့်သွင်းပါ)၊ နေ့လည်ပိုင်းလည်း ခဏနှိုးပေးတယ်ပြောတယ် (ကိုယ်တွေက မသိလိုက်ပါဘူး .. ကမ်းခြေတွေ၊ ကျွန်းတွေဆီဘဲ ရောက်နေတာ)။ သစ်သားအိမ်ဆိုတော့ ပုရွက်ဆိတ်လေး ပိုးကောင်လေးတွေတော့ နည်းနည်းရှိသေးတယ်။ ကမ်းပါးအမြင့်ကြီးပေါ်မှာ ဆောက်ထားတာဆိုတော့ တက်ရတဲ့လှေကားက သစ်သားလှေကားဆိုတော့ နည်းနည်းတော့ အသည်းယားဖို့ကောင်းတယ်။ Speed boat စီးရတာတော့ သိတဲ့အတိုင်း ရေတက်ကိုဆန်တဲ့အခါတွေကျရင် rollercoaster စီးနေရသလို မနည်းရင်ဘတ်ဖိပြီး စီးနေရ။ ၀ိုင်းကတော့ အဲဒီ feeling ကြိုက်လို့ဆိုပြီး ပြုံးစိစိနဲ့ .. အရှေ့က မငြိမ်းကတော့ အသက်တောင်ရှူရဲ့လားမသိ .. live ရိုက်ရင် လှည့်တောင်မကြည့်နိုင်ဘူး။ :P
လူတွေသိပ်မများခင်၊ လူတွေကြောင့် မပျက်စီးခင်သွားကြပါ။ ဒေါ်လာ 150 လောက်နဲ့ ကိုယ်ပိုင် cliff နဲ့ beach နဲ့ speed boat နဲ့ ကိုယ်တွေချည်း တစ်ကမ္ဘာဖြစ်ရတဲ့ feeling မျိုးဖြစ်ချင်ရင် ၅ ယောက် ၆ ယောက်သွားပါ။ ရန်ကုန် လှိုင်သာယာက ဒဂုံဧရာအဝေးပြေးက ကံထူးအောင် aircon bus ကို ၁၀၀၀၀ နဲ့ ည ၈နာရီခွဲ စီးသွားရင် မနက် ၅-၆ နာရီဆို ငရုတ်ကောင်းရွာကို ရောက်ပါပြီ။ ရေတက်ရင် အဲဒီနားကလှေဆိပ်ကို speed boat နဲ့လာခေါ်တယ်။ ရေကျရင် ဆိုင်ကယ်ကယ်ရီနဲ့ ကူးတို့ဆိပ်ကိုသွားရင် အဲဒီကိုလာကြိုတယ်။ ဆိုင်ကယ်ကယ်ရီဖိုးလည်း ပေးစရာမလိုပါ။ ကူးတို့ဆိပ်က လေလံဆွဲထားတဲ့သူရှိလို့ အဲဒီနားလူတင်လို့မရလို့ ကူးတို့ဆိပ်မရောက်ခင် ကမ်းကပ်ပြီး အဆင်ပြေတဲ့နေရာက speedboat ပေါ်တက်ရပါတယ်။ မခန့်မသင့်ရင် ရွှံ့နည်းနည်းတော့ ပေမယ်။
ရှုခင်းအရမ်းလှတယ် ဆိုတာကို တော့ အာမခံပါတယ် တခါမှ မတွေ့ဘူး မမြင်ဘူးတဲ့ ရှုခင်းမျိုးနဲ့ သဘာဝ အလှ ကို အကောင်းဆုံးခံစားနိုင်ပါတယ်
Photo Credit: Nay Win
References: The Burma View