အုတ်နှစ်ချပ်လပ် ဘုရားနှင့် ဗျတ်ဝိ ဗျတ္တ နဲ့ ရွှေဖျင်းညီနောင် သမိုင်း
ဗျတ်ဝိ ဗျတ္တ နဲ့ ရွှေဖျင်းညီနောင် အကြောင်းလေးဟာလည်း ပုဂံရာဇဝင်တွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်နေတော့လည်း သိသလောက်လေး ပြန်မျှဝေပေးလိုက်ပါတယ် 😊😊😊
ပုဂံခေတ် ခရစ်သကရာဇ် ၁၀၄၄ ခု တွင် ဗျတ်ဝိ နှင့် ဗျတ္တ ဟု အမည်ရ သော အာရပ် သင်္ဘောသား နှစ်ဦး သည် ၎င်းတို့စီးနင်းလာသော သင်္ဘောပျက်ရာမှ ပျဉ်ချပ်တစ်ချပ် ကို အမှီပြု၍ အသက်ဘေးမှလွတ်ကာသထုံမြို့ကိုရောက်ရှိခဲ့လေသည်။ထို့နောက် သထုံမြို့ရှိ ဘုန်းကြီးကျောင်း တစ်ခုတွင် ဝင်ရောက်ခိုလှုံနေထိုင်ခဲ့ကြသည်။တစ်နေ့သော် ကျောင်းထိုင်ဆရာတော်မရှိခိုက်
ထိုညီနောင်နှစ်ယောက်သည် ဗိုက်ဆာ၍ ဆရာတော်သိမ်းထားသော ဇော်ဂျီဖိုဝင်သားကို ခိုးစားပြီး ကာယသိဒ္ဓိပီးမြောက်ကာ ကြီးစွာသော
ခွန်အားကို ရရှိခဲ့လေသည်။
ညီနောင်နှစ်ယောက်လည်း ခိုးစားပြီးကာမှ ဆရာတော်ပြန်လာလျှင် အရိုက်ခံရမှာကြောက်၍ ကျောင်းမှထွက်ပြေးကာ သထုံမြို့ထဲသို့ သွားရောက်နေထိုင်ခဲ့သည်။ဒီလိုနှင့် ညီနောင်နှစ်ယောက်ရဲ့စွမ်းအားဟာ သထုံမြို့ထဲမှာ ကျော်ကြားလာပြီးအကိုဖြစ်သူ ဗျတ်ဝိဟာ သထုံမြို့သူ မအိုဇာနှင့် ချစ်ကြိုးသွယ်မိခဲ့လေသည်။ ထိုညီနောင်နှစ်ဦးသတင်းကို သထုံဘုရင်လည်းကြားသိကာ မိမိထီးနန်းလုမည်စိုး၍ ရဲမက်တို့အားဖမ်းစီးသုတ်သင်စေခဲ့သည်။
ရဲမက်တို့လည်း ကာယသိဒ္ဓိပီးမြောက်နေသော ညီနောင်နှစ်ဦးအားလုံးဝမဖမ်းနိုင်ခဲ့ဘူး သို့သော်တစ်ရက်မှာတော့အကိုဖြစ်သူ ဗျတ်ဝိဟာ မအိုဇာလေးနှင့် ချိန်းတွေ့ချိန် ရဲမက်တို့ အဝိုင်းခံရလေသည် တကိုယ်ရည်ပြေးက လွတ်နိုင်ပေမဲ့ ရဲမက်များက မအိုဇာလေးအားလည်း ဖမ်းဆီးထားသည်ကို မကြည့်ရက်၍ ဗျတ်ဝိတယောက် သူကိုယ်တိုင် အဖမ်းခံကာ မအိုဇာအား လွတ်ပေးစေခဲ့သည် ဖမ်းမိသောဗျတ်ဝိအား ဒုတ်ဓါးတို့ဖြင့် လုပ်ကြံသတ်ဖြတ် ကြသော်လည်းကာယသိဒ္ဓိ ပြီးမြောက်နေသောကြောင့် ဓါးဖြင့်ထိုးက ဓါးကွေးပြီး လှံနှင့်ထိုးက လှံကျိုးကာဘယ်လိုမှ သတ်၍ မသေဘဲဖြစ်နေလေသည်။
ထိုအခါမြို့ဝန်မင်းက ပရိယာယ်သုံးကာ ဗျတ်ဝိအား မင်းကိုငါတို့ဖမ်းချင်လို့ မအိုဇာကို ချစ်ဟန်ဆောင် ခိုင်းကာ ထောင်ဖမ်းခြင်း ဖြစ်တယ်လို့ဆိုလေသည် ဗျတ်ဝိမှာ ထို စကားကြားကာ စိတ်ထိခိုက်ပီး နောက်ဆုံး မအိုဇာလေးနဲ့ တွေ့ချင်ကြောင်းနှင့် သူမက သူ့အား မချစ်ခဲ့ဘူးဆိုလျှင်နောက်ဆုံးအနေနဲ့ကွမ်းတစ်ယာ ရေတမုတ်ဖြင့် လာဆက်သတာလေး ခံယူကာ အကျွန်ုပ်စိတ် လျှော့ပါမည် ဟု ဆိုလေသည်။
သထုံမြို့ဝန်ကလည်းသူ့ပရိယာယ်ထဲ ဝင်လာသော ဗျတ်ဝိအား သတ်နိုင်ရန် မအိုဇာကိုလည်း ပရိယာယ် ထပ်သုံးကာ ဗျတ်ဝိက တကယ်ချစ်ပါလျှင် ကွမ်းတစ်ယာ ရေတစ်မုတ် လာဆက်ပါဟု လိမ်လည် ပြောကြားလေသည် ။မအိုဇာလည်း မြို့ဝန်မင်း ပြောသည်ကိုအဟုတ်ထင်၍ ချစ်သက်သေ ကွမ်းတစ်ယာ ရေတမုတ်ကို အပြေးလေး သွားရောက် ဆက်သလေသည်။
ဗျတ်ဝိလည်း မြို့ဝန်မင်း မာယာထဲတွင် ထပ်ခါကျွံဝင်ကာ ချစ်သူ လာဆက်သသော ကွမ်းတယာ ရေတမုတ်ကို စားသောက်ပြီး စိတ်ဖြေလျှော့လိုက်သည်နှင့် ချက်ချင်း ဝိုင်း သတ်ဖြတ်ကြရာ ဗျတ်ဝိလည်း သေပွဲ ဝင်သွားရရှာလေသည်။
ထို့နောက် ဗျတ်ဝိအလောင်းကိုဆေးဝါးမန္တန်များ စီးရင်ပြီး အူအသဲ အသွေးနှလုံး ရုပ်ခန္ဓာအား သထုံနန်းမြို့ရိုးတလျှောက် မြှပ်နှံကာ အစီအရင်များဖြင့် ဗျတ်ဝိအား နန်းမြို့အစောင့်အဖြစ်ထားရှိခဲ့လေသည်။ဗျတ္တလည်း အကိုဖြစ်သူ သေသည်ကိုသတင်းကြားသည်နှင့် ပုဂံသို့ထွက်ပြေးကာ ကျန်စစ်သားလက်အောက်တွင် အနော်ရထာအတွက် ပန်းဆက်အဖြစ်အမှုထမ်းလေသည်။
ဒီလိုနဲ့ ပုဂံနှင့်ပုပ္ပါး အသွားအပြန် ပန်းတော်ဆက်ရင်း ပုပ္ပါးသူ မယ်ဝဏ္ဏနှင့် အိမ်ထောင်ကျပြီး သားနှစ်ပါး ဖွားမြင်ခဲ့သည်။
သားတော်ကြီးမွေးဖွါးချိန် အနော်ရထာမင်းကြီးက မျက်နှာသစ်တော်ရွှေခွက်ချီးမြှင့်ခဲ့သဖြင့် ရွှေဖျဉ်းကြီးဟုအမည်ပေးခဲ့ပီး သားတော်ငယ်မွေးဖွါးချိန် အနော်ရထာမင်းကြီးက ထပ်မံ၍လက်ဆေးတော်ရွှေခွက်ချီးမြှင့်ခဲ့၍ရွှေဖျင်းလေးဟု အမည်ပေးခဲ့လေသည်။ အနော်ရထာမင်းကြီးတပ်တော်တွင် အမှုထမ်းရင်း ဗျတ္တ ကျဆုံးသွားသောအခါ သားနှစ်ပါးကို သူရဲကောင်းအဖြစ် အနော်ရထာမင်းကြီးက ခေါ်ယူမြှောက်စားခဲ့သည်။
အနော်ရထာမင်းကြီးတရုတ်ပြည်သို့စွယ်တော်ပင့်ရန် သွားရောက်သည့်အခါ တရုတ်ဘုရင်ဦးတည်ဘွားက ခရီးဦးကြိုမပြု ထွက်မတွေ့ဘဲနေသည်။ထိုအခါ အနော်ရထာမင်းကြီးသည်" ငါသို့သောမင်းအား မဖူးမမြင်၊မလေးမစား ဆက်ဆံလေရသလားဟု ပြင်းစွာအမျက်ထွက်လေသည်။ညသို့ရောက်သောအခါ ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)အား ခေါ်၍ ဦးတည်ဘွားအိပ်သောနန်းသို့ ဝင်စေပီးလျှင် ဦးတည်ဘွား၏ဗိုက်အား ထုံးသုံးတန်တားခဲ့ပြီး နံရံတွင်လည်း မိုးသောက်လျှင် အနော်ရထာမင်းစောအား မဖူးမြှော်လျှင် ဤအတိုင်း ခုတ်ပိုင်းပြစ်မည် ဟု ရေးသားခိုင်းလေသည်။
နံနက်ရောက်သော် ဗိုက်တွင်ထုံးသုံးတန်၊နံရံမှစာများကိုမြင်ပြီး ဦးတည်ဘွားမှာလည်း ကြောက်ရွံ့လေသောကြောင့် မှူးမတ်အပေါင်းခြံရံလျက် ထွက်ရောက်ဖူးမြှော်လေသည်။ထို့နောက် အနော်ရထာမင်းကြီးသည် စွယ်တော်မြတ်အား ဖူးမြှော်ပြီး ပင့်ဆောင်ရန် အနော်ရထာမင်းစော၏ ဦးခေါင်းထက်တွင် စံမြန်းစေရန် အဓိဋ္ဌာန်ပြုစေပြီး ဆုတောင်းလေသည်။မည်သို့ပင်တောင်းပန်၍ အဓိဋ္ဌာန်စေကာမူ ဦးခေါင်းအထက်၌ လာရောက်မစံမြန်းဘဲ ရှိနေလေသည်။ဦးတည်ဘွားက စွယ်တော်ပွါးနှင့် သိကြားမင်းပေးအပ်သော မြဘုရားအား ကိုးကွယ်စေရန် အနော်ရထာမင်းကြီးအား ပေးအပ်လိုက်လေသည်။
အနော်ရထာမင်းကြီးသည် ဗုဒ္ဓစွယ်တော်မြတ်ပွားကို ကိုယ်တိုင် သွားရောက်ပင့်ဆောင်ခဲ့ရာ ပင့်ဆောင်လာသော ဖောင်တော်မှာ ယခုတောင်ပြုန်းဟု ခေါ်ဆိုသော အရပ်တွင် ရပ်တန့်ခဲ့ခြင်းကြောင့် အနော်ရထာမင်းကြီးက ၎င်းနေရာတွင် ဘုရားတည်ရန် ဆုံးဖြတ်ခဲ့သည်။ဘုရားတည်သောအခါ အနော်ရထာမင်းကြီးက လူတစ်ဦးလျှင် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် ပါဝင်လှူဒါန်းကြရန်မိန့်တော်မူခဲ့သည်။
ရွှေဖျင်းညီနောင်သည် အနော်ရထာမင်းကြီး၏ ချီးမြှင့်မြှောက်စားထားမှုကြောင့်သောက်စားမူးယစ်ကာ အချိန်ကုန်နေသောကြောင့် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် မလှူဖြစ်ဘဲရှိနေသည်။ဘုရားပြီးစီးသောအခါ အနော်ရထာမင်းကြီး လာရောက်ဖူးမြော်စဉ် ဘုရားရှေ့တည့်တည့်၌ အုတ်နှစ်ချပ် လပ်ဟနေသည်ကို တွေ့မြင်သွားပြီး ထိုအုတ်နှစ်ချပ် ပျက်ကွက်သူများကို အပြစ်ပေးရန် မှူးမတ်များကို အမိန့်ပေးခဲ့လိုက်လေသည်။ဘုရင့်အမိန့်အရ ညီနောင်နှစ်ပါးကို အပြစ်ပေးလိုက်ခြင်းကြောင့် မင်းနှစ်ပါး သေဆုံးသွားခဲ့ရလေသည်။တစ်နေ့သော် အနော်ရထာမင်းကြီး ဖေါင်တော်ဖြင့် တိုင်းခန်းလှည့်လည်စဉ် ဖေါင်တော်မှာ ရပ်တန့်၍ မသွားဘဲရှိနေသည်။
ဟူးရားဖြူ/ညို တို့အား မေးမြန်းလေရာ ထိုညီနောင်သည် မင်းမှုကိုသာထမ်းရပြ်ီိး တစ်စုံတစ်ရာအကျိုးမခံစားရသောကြောင့် ဆွဲထားလေသည်ဟု လျှောက်တင်လေသည်။
အနော်ရထာမင်းကြီးက အုတ်နှစ်ချပ်လပ်နေသော ဆုတောင်းပြည့်စေတီတော် ယခု တောင်ပြုန်းနယ်ကို အပိုင်စားပေးခဲ့သည်။ထိုဆုတောင်းပြည့်ဘုရားအနီးတွင် နတ်ကွန်း၊နတ်နန်းတည်ဆောက်ပေး၍ ထိုအရပ်မှလူများအား ပူဇော်စေလေတော့သည်။ထိုအချိန်မှစ၍ မြန်မာနိုင်ငံတွင် ရွှေဖျင်းညီနောင်(မင်းကြီး၊မင်းလေး)နတ်ဟု ထင်ရှားလာလေတော့သည်။
ပု ဂံ ချစ်သူ 23:16 kr