မင်းစောမွန်ကို ဘယ်သူ နန်းတင်ခဲ့သလဲ
....... ........ ......... ........ .................. ......
မင်းစောမွန်သည် ရာဇသူ (AD 1397_1401) ၏သားတော်ဖြစ်သည်၊ ရာဇသူ နတ်ရွာစံသောအခါ ထီးနန်းဆက်ခံခဲ့သူမှာ ရာဇသူ၏ညီ သိင်္ဂသူဖြစ်ပြီး သိင်္ဂသူကို သံဃရာဇာ လုပ်ကြံ၍ လွန်တော်မူသော မင်းစောမွန်မှ ထီးနန်းဆက်ခံခဲ့ခြင်းဖြစ်သည်။
မင်းစောမွန် နန်းတက်ပြီးနောက်၂နှစ်မြောက် သက္ကရာဇ် ၇၆၈ တွင် ဒါးလက်စားအမတ် အနန္တသိန်၏ ညီမ စောပုညိုသည် အလွန်အဆင်းလှပသည်ကို မြင်တော်မူလျှင် လင်ကိုခွာစေ၍ သိမ်းယူသော် အမတ်ကြီး အနန္တသိန်မှ ဤမင်းကား မင်းဖြစ်ကာမျှရှိသေးသည် ငါတို့မှူးမတ်မျက်နှာကို ဖျက်ခဲ့ပြီ ကာလရှည်လတ်လျှင် အဘယ်သူကို အားနာအံ့နည်းဟု အမျက်ထွက်ကာ အင်းဝမင်းဆွေမည်သော ပထမမင်းခေါင်ထံသို့ စစ်ပန်စေလွှတ်ခဲ့သည်၊
မင်းစောမွန် နန်းစံနေစဉ် ညီတော်မင်းခရီ (နရနု)မှာ သံတွဲမြို့စားအဖြစ် အုပ်ချုပ်လျှက်ရှိနေသည်၊ အနန္တသိန်၏ စစ်ပန်မှုကြောင့် အင်းဝတပ်ချီလာကြောင်း ကြားသောအခါ တောင်ခွင်းစား ရန်မသူကိုစေလွှတ်၍ လျှောက်ထားစေရာ မင်းစောမွန်မှာ ကုန်းချောသော အမတ်တို့၏ စကားကိုယုံကာ ညီတော်အား အထင်လွဲ၍ သတင်းလာပေးပို့သူ တောင်ခွင်းစားကို ရာဇသံပေး၍ ပြန်စေသည်၊ မင်းခရီသည် သံတွဲမြို့ကို လုံခြုံအောင် စီမံ၍နေပြီး အင်းဝတပ်မှ လောင်းကြက်ကို တိုက်ခိုက်သိမ်းယူသော မင်းစောမွန် မခံနိုင်၍ သက္ကရာဇ် ၇၀၈ တွင် အနောက်ကုလား ဘင်္ဂါ ၁၂ မြို့သို့ထွက်ပြေးရကြောင်း ဓညဝတီအရေးတော်ပုံ၌ ဖော်ပြသည်။
အင်းဝ မြန်မာတပ်များလက်ထဲ လောင်းကြက်မြို့တော် ကျဆုံးသွားပြီးနောက် ညီတော်မင်းခရီသည် အင်းဝမင်း သံတွဲမြို့ကို လာရောက်တိုက်ခိုက်မည်မလွဲဟု ဆင်ခြင်မိ၍ မွန်ဘုရင် ရာဇဓိရာဇ်ထံခိုလုံလေသည်။ ထိုကာလသည် မွန်_မြန်မာ နှစ် ၄၀ စစ်ပွဲခင်းနေကြချိန်ဖြစ်သည်။
ရခိုင် မြန်မာ မွန် မှတ်တမ်းများအရ မွန်နှင့်မြန်မာ ရခိုင်၌ မိမိဩဇာထူထောင်နိုင်အောင် အားပြိုင်ကြပြီး မင်းခရီမှ ရာဇဓိရာဇ်ထံ သစ္စာခံ၍ လောင်းကြက်မြို့ကို အင်းဝနိုင် ဟူသောအမတ်အား ဗိုလ်ချုပ်ခန့်၍ ရဲမက်လေးသောင်းဖြင့်ချီတက်တိုက်ခိုက်ရာ အင်းဝမင်းတင်ထားသည့် နော်ရထာမင်းကို ကွပ်၍ မင်းခရီကို နန်းတင်ပြီး စောပြည့်ချမ်းသာကို ပဲခူးသို့ဆောင်ယူခဲ့၏ ဤရာဇဝင်မှတ်တမ်းများကို သက်သေခံသော ကျောက်စာတစ်ချပ်ကို လောင်းကြက်ခံတပ်ဟောင်းတစ်ခုမှတွေ့ရှိရ၍ ယခုမြောက်ဦးပြတိုက်တွင်တွေ့ရသည်။ ဤကျောက်စာတွင် ရာဇဓိရာဇ်အား ပြစ်မှားလျှင် သွေးပွတ်ပွတ်အန်ပါစေ မြေမျိုပါစေ ကျိန်ဆိုသစ္စာပြုထားကြောင်းတွေ့ရသည်။
လောင်းကြက်မြို့တော်ကို မြန်မာတပ်များ ဒုတိယအကြိမ် လာရောက်တိုက်ခိုက်သောအခါ မင်းခရီမှာ နတ်လှေတစ်စင်းဖြင့် ကုလားပြည်သို့ပြေးရသည်ဟု မှန်နန်းရာဇဝင်တွင်ဖော်ပြပြီး မွန်ရာဇဝင်၌လည်း မွန်တပ်မှ ကုလားပြည်သို့ပြေးသည့် မင်းခရီကိုခေါ်ယူ၍ ရခိုင်မြို့၌ ဒုတိယအကြိမ် နန်းတင်ကြောင်းတွေ့ရသည်။ ရခိုင်ရာဇဝင်သစ်ကျမ်း၌ သက္ကရာဇ် ၇၆၉ တွင် မြန်မာများချီလာ၍တိုက်ကြောင်း အမတ်မောင်ခွင်နှင့် မင်းခရီတို့ရှုံး၍ မောင်ခွင်မှာ တလိုင်းပြည်သို့ပြေးပြီး မင်းခရီသည် ကစ္ဆပနဒီမြစ်ညာသို့ပြေး၍ သူဌေး အသေယထံ ခိုကပ်ပုန်းလျိုနေကြောင်း သူဌေးမှမိမိ၏သမီးနှင့်ထိမ်းမြှားပေးပြီး သူဌေးထံမှ စွမ်းရည် သတ္တိရှိသောသူတို့၏ အကူအညီဖြင့် မွန်တပ်နှင့်ပူးပေါင်း၍ တိုက်ထုတ်နိုင်ခဲ့သည်။
မင်းခရီသည် မွန်တို့၏ အကူအညီဖြင့် လောင်းကြက်ထီးနန်းတွင် ၂ ကြိမ်တိုင် စိုးစံနိုင်ခဲ့၏၊ သို့သော် ခဏသာဖြစ်သည်။
သက္ကရာဇ် ၇၆၉ တွင် မြန်မာတို့ချီလာပြီးတိုက်ပြန်သည်၊
သက္ကရာဇ် ၇၇၃ တွင် မွန်တို့လာတိုက်၍ မြန်မာတို့ပြေးရပြန်သည်၊
သက္ကရာဇ် ၇၇၅ တွင် မြန်မာတို့လာတိုက်ပြန်၍ မွန်တို့ပြေးရပြီး မြန်မာတို့မှ ငခွေးသင်းတောင်မြို့ကို အုပ်ချုပ်နေစဉ် သက္ကရာဇ် ၇၈၈ တွင် ရခိုင်တို့တိုက်၍ မြန်မာအကြီးအကဲ ကျစွာကို သတ်လေသည်၊
သက္ကရာဇ် ၇၈၈ တွင် ရခိုင်တို့သည် မြန်မာတို့သိမ်းယူထားသော ပြိုင်းတိုင်တောင်ရင်းကို ဆက်လက်တိုက်ခိုက်သိမ်းယူလေသည်၊ ဤသို့ဖြင့် နှစ် ၂၀ တိုင်တိုင် စစ်မြေပြင်ဖြစ်ခဲ့ရသော လောင်းကြက်မြို့တော်နှင့်ဝန်းကျင်ကို ရခိုင်တို့မှပြန်လည်သိမ်းယူနိုင်ခဲ့သည်ဟု ရခိုင်ရာဇဝင်သစ်တွင်တွေ့ရသည်။
ဓညဝတီအရေးတော်ပုံ၌ နရနုမင်း (မင်းခရီ) လည်း နောင်တော် နရမိတ်လှ (မင်းစောမွန်)ရှိရာသို့ လူစေလွှတ်၍လျှောက်သော နောင်တော်ချီလာပြီး သက္ကရာဇ် ၇၉၃ တွင်ထီးနန်း ရမြဲရပြန်လေရာ သားတော်များကို အိမ်ရှေ့မပေး နရနု (မင်းခရီ) ကိုအိမ်ရှေ့နှင်းတော်မူသည်။
မင်းခရီ ဦးဆောင်သောရခိုင်တပ်မှ မြန်မာတို့ကို ရခိုင်ပြည်မှအပြီးတိုင်မောင်းထုတ်နိုင်ခဲ့ပြီး အစ်ကိုမင်းစောမွန်ကို လောင်းကြက်၌နန်းတင်သည်၊ မင်းစောမွန်ကို နန်းတင်သူမှာ မင်းခရီသာဖြစ်ကြောင်းတွေ့ရသည်။
မင်းစောမွန်ကို သူရတန်ဘုရင်မှ နန်းတင်ခဲ့သတဲ့
........ ....... ........ ....... ........ ......... ........ ............
လောင်းကြက်မြို့တော်ကို အင်းဝမြန်မာတပ်များလာရောက်တိုက်ခိုက်သောကြောင့် မင်းစောမွန်သည် အနောက်ဘင်္ဂါ ၁၂ မြို့သို့ပြေးကြောင်း ဒိုးဝေရာဇဝင်ကို မှီငြမ်းသည့် ဓညဝတီအရေးတော်ပုံမှဆိုသည်၊ ရခိုင်ရာဇဝင်သစ်တွင်မူ မင်းစောမွန် အနောက်သို့ပြေးကြောင်း ဖော်ပြသည်၊ ဓညဝတီရာဇဝင်သစ်တွင် အနောက်သူရတန်ပြည်ဟုဆိုပြီး ငမည်းရာဇဝင်တွင် မင်းစောမွန် အနောက်ပြည်သို့ပြေးကြောင်း ရေးသားခဲ့ကြသည်။
ငမည်းရာဇဝင်တွင် မင်းစောမွန်သည် သူရတန်ဘုရင်ထံ ၂၄ နှစ်ခိုလုံနေထိုင်ခဲ့ပြီး ဘင်္ဂလားဘုရင်ထံ အမှုတော်ထမ်းခဲ့ကြောင်း ဘင်္ဂလားဘုရင်အား ဒေလီဘုရင်မှ စစ်ထိုးလာသောအခါ ထူးချွန်စွာကူညီခဲ့ပုံ ဒေလီဘုရင်၏ နွားခန့်ကြီးသော ခွေးတပ်ကို သံဆူးခွပါသော အမဲသားတစ်ကျွေး၍အောင်နိုင်ပုံ ဒေလီမြို့တော်ကို ဝိုင်းရံထားသော ဝါးတောများ၌ မင်းစောမွန်မှ ဒင်္ဂါးများ သွားကြဲခိုင်းကြောင်း ဒင်္ဂါးလိုချင်သူ ရွာသားများမှ ဝါးတောကိုခုတ်ထွင်ရှင်းလင်း ရှာဖွယ်ကြရာ ဝါးတောရှင်းသွားပြီး စစ်ထိုးအောင်မြင်ခဲ့ကြောင်း ထူးချွန်စွာ စစ်မှုထမ်းခဲ့ပုံကို ဖော်ပြသည်။
ဦးသာထွန်းအောင်၏ ရခိုင်မဟာရာဇဝင်တော်ကြီးတွင် မင်းစောမွန်သည် ဒီလီမြို့တော် ရုံပါသျှားမင်းထံ အကူညီတောင်း၍ ကုလားတပ်သား တစ်သောင်း (၁၀၀၀၀) ဖြင့်ချီလာပြီး နရနု (မင်းခရီ)လည်း စစ်သည်အင်အားတစ်သောင်းဖြင့် လာရောက်ပူးပေါင်း မွန်တို့အား မောင်းထုတ်ကြပြီး မင်းစောမွန်ကို လောင်းကြက်မြို့တော်၌ နန်းတင်ပြီး ရုံပါသျှားမင်း၏ လက်အောက်ခံအဖြစ် သက္ကရာဇ် ၇၆၈ တွင် ဆက်လက်စိုးစံကြောင်းဖော်ပြသည်။
ငမည်းရာဇဝင်၏ ရေးသားချက်တွင် မင်းစောမွန်မှ မိမိအား နန်းတင်ပေးရန် နာဇီအူဒင်ရှားကို ပြန်ကြားကြောင်း မိမိမှာ နာဇီအူဒင်ရှား၏ ပဏ္ဍာဆက်အဖြစ်နေမည်ဖြစ်ကြောင်းရေးသည်၊ သူရတန်မင်းမှ ပထမအကြိမ် ဗိုလ်ချုပ် ဥလုံခင်ကို ကုလားစစ်တပ်အဖြစ် တာဝန်ပေးပြီး မင်းစောမွန်အားနန်းတင်ကြောင်း ထိုဗိုလ်ချုပ် သစ္စာဖောက်၍ မင်းစောမွန် အချုပ်ခံရပြီး ရခိုင်သားတို့ မင်းစောမွန်အား ကယ်တင်၍ သူရတန်ပြည်သို့ ပြန်ပြေးပြီး ထပ်မံအကူညီတောင်းရာ စူလတန်မင်းမှ ဆတျာခတ် ရာဇမဏိတို့ကို စစ်တပ်ဖြင့်စေလွှတ်၍ ထပ်မံနန်းတင်ကြောင်း ဖော်ပြသည်။
ဦးစံရွှေဘုမှ အေဒီ ၁၄၃၀ တွင် ဘင်္ဂလားဘုရင် နဇီသျှားမှ မင်းစောမွန်အား ထီးနန်းပြန်တင်ပေးပြီး နဇီသျှား၏ ဒင်္ဂါးပုံစံကိုအတုယူ၍ မြောက်ဦးခေတ်ဒင်္ဂါးများကို ခပ်နှိပ်ကြောင်း အေဒီ ၁၄၃၀ မှ ၁၅၃၀ အထိ နှစ်ပေါင်း ၁၀၀ အတွင်း ဘင်္ဂလားအား အခွန်ဆက်သရာ နယ်မြေအဖြစ် မင်းစောမွန်မှ နောက်ပိုင်းမင်း ၁၀ ဆက်ထိ လက်အောက်ခံအဖြစ်နေခဲ့ရဟန် ရေးသားသည်။
နိုင်ငံခြားသုတေသီတို့အမြင်
..... ....... ....... ....... .........
ရခိုင်သမိုင်းပါရဂူ ဂျော့လိုင်ဒါ ၊ သမိုင်းသုတေသီ ဖေယာ ၊ ဘင်္ဂလားသမိုင်းပညာရှင် ဟာဘီဘူလာတို့မှ မင်းစောမွန်အား ထီးနန်းတင်ပေးကြောင်း မည်သည့်ဘင်္ဂလားသမိုင်း အထောက်အထားတွင်မျှ မတွေ့ရဟုဆိုသည်။
ဘင်္ဂလားသမိုင်းသုတေသီ S.M.ALI မှ မင်းစောမွန်အား နန်းတင်ပေးသည်ဆိုသော နာဇီအူဒင်မာမတ်သည် ၁၄၄၂ ခုနှစ်တွင် ထီးနန်းမတက်သေးကြောင်း၊ သုတေသီ ဖေယာမှ ဂေါရ် (ဘင်္ဂလား) နှင့် ဒေလီ စစ်မက်ဖြစ်ပွားသည် ဆိုခြင်းမှာ မှားယွှင်းကြောင်း ဂေါရ် နှင့် ဂျန်ပူဘုရင်တို့သာ စစ်ပြိုင်ကြ၍ ဂျန်ပူဘုရင်နိုင်ကြောင်း မင်းစောမွန် စစ်ရေးထူးချွန်စွာ ကူညီခဲ့သည်ဆိုသည့်အချက်သည် သံသယဖြစ်ဖွယ်ဖြစ်သည်ဟုဆိုသည်။
ဂျက်လိုင်ဒါမှ မင်းစောမွန်သည် ဒင်္ဂါးတံဆိပ်နှင့် ကုလားဘွဲ့ခံပါမည်ဟူသော ကတိကို ဘင်္ဂလားဘုရင်အားပေးခဲ့သည်ဆိုသည်ကို မင်းစောမွန်သည် မူဆလင် အမည်မခံယူသော မင်းတစ်ပါးဖြစ်ပြီး သူသည် ဘင်္ဂလားစံပြု ဒင်္ဂါးတစ်ပြားတစ်ချပ်မှ မသွန်းလုပ်ခဲ့ဟုဆိုသည်။
မြောက်ဦးခေတ်အစောပိုင်းဘုရင်တို့ ကုလားဘွဲ့ခံယူကြသည်ကို အကြောင်းပြု၍ ဘင်္ဂလားလက်အောက်ခံ ဘင်္ဂလားအား ပဏ္ဍာဆက်ခဲ့ရသည်ဟု သုံးသပ်ချက်များကို ပညာရှင် ဟာဘီဘူလာ နှင့် ယခုခေတ် ဘင်္ဂလားသမိုင်းသုတေသီ ပါမောက္ခ ဂျူဒင် တို့မှ မင်းစောမွန် ကိစ္စ စီစစ်ပြရာတွင် ဘုရင် နရနု (မင်းခရီ)၏ သားတော် ဘစောဖြူသည် ဘင်္ဂလားစူလတန်တို့ အင်အားချိနဲခြင်းကို အခွင့်ကောင်းယူ၍ စစ်တကောင်းကို သိမ်းယူခဲ့သည်၊ ဘုန်တန်ခိုးကြီးမားသော ဘုရင်မင်းဗာသည် ရာမူးနှင့် စစ်တကောင်းကို ထိန်းသိမ်းထားနိုင်ခဲ့သည်၊ ဆက်ခံသူ ရခိုင်ဘုရင် မင်းဖလောင်း ၊ မင်းရာဇာကြီး ၊ မင်းခမောင်း ၊ သီရိသုဓမ္မရာဇာတို့ စစ်တကောင်း နှင့် တရိပူရ ဘင်္ဂလားနယ်များကို အုပ်စိုးနိုင်ခဲ့ကြသည်၊ သူတို့ထီးနန်းဆက်ခံစဉ် မူဆလင်အမည်နှင့်ဘွဲ့များခံယူခြင်း ဒင်္ဂါးများပေါ်တွင် အာရဗီ နှင့် ဘင်္ဂလီစာရေးထိုး ခပ်နှိပ်ခြင်းတို့မှာ ဒင်္ဂါးတို့သည် အချုပ်ခြာအာဏာပိုင်ဆိုင်ခြင်း၏ အမှတ်အသားဖြစ်သည်၊ ဤဘုရင်များသည် ဘင်္ဂလားဒင်္ဂါးအမျိုးအစားများကို ထုတ်လုပ်ကြခြင်းမှာ စစ်တကောင်းဒေသအပေါ် သူတို့အချုပ်ခြာအာဏာ သက်ရောက်ကြောင်း ခိုင်မာအောင်ပြုလုပ်ထားခြင်းဖြစ်သည်ဟုဆိုပါသည်။
မြောက်ဦးခေတ် အစောပိုင်းမင်းများအနက် ပင်းဝါနှင့် စစ်တကောင်းဒေသကို စစ်ထိုးသိမ်းပိုက်ခဲ့သော မင်းများသည် ထိုဒေသခံများအတွက် ရည်ရွယ်၍ ကလီမာစာထိုးဒင်္ဂါးများကိုထုတ်ဝေကြသည်ဟု ဒင်္ဂါးသုတေသီ မီချီနာမှဆိုသည်၊
မြောက်ဦးခေတ်နှောင်းဘုရင်များသည် နရပတိကြီးမင်းလက်ထက်မှစ၍ စစ်တကောင်းကို မထိန်းချုပ်နိုင်တော့ပေ ထို့ကြောင့် ကုလားဘွဲ့ မခံကြတော့ကြောင်း သုတေသီ ဖေယာမှ ၁၆၃၈ တွင် စစ်တကောင်းကို မင်းစနေလက်ထက် မဂိုဘုရင်ခံချုပ် အစ္စလမ်ခန်သို့ လက်လွှတ်ပေးခဲ့ရ၏၊ ဤဖြစ်ရပ်သည် ရခိုင်ဒင်္ဂါးများ၌ ပါရှင် သို့မဟုတ် နာဂရီစာများမပါရှိတော့ခြင်း အကြောင်းရင်းဖြစ်ကြောင်း သုံးသပ်ပြခဲ့သည်။
မင်းစောမွန်ကို နန်းတင်သူ
..... ........ ........ ....... ......
မင်းစောမွန်ကို သူရတန်ဘုရင်မှ စစ်ရေးအကူညီပေး၍ လောင်းကြက်ကို ပြန်လည် သိမ်းယူနိုင်ခဲ့ပြီး ထိုဘုရင်၏ လက်အောက်ခံအဖြစ် ကုလားဘွဲ့ခံ ကတိပေး နန်းတက်ခဲ့သည်ဟု ရေးသားခဲ့ကြသည့် ပုဂ္ဂိုလ်တို့သည် ဖြစ်ရပ်မှန်အချက်အလက်များအတွက် မူရင်းအထောက်ထားများမရှိပဲ ထိုကာလ အခြေနေများကို မှန်းဆရေးသားခဲ့ကြခြင်းသာ ဖြစ်မည်ဟု ယူဆရပြီး မင်းစောမွန်ကို နန်းတင်ခဲ့သူမှာ ညီတော် မင်းခရီသာဖြစ်ကြောင်း တင်ပြထားပါသည်။
အကျယ်ကို (မောင်ဗသိန်း_မင်းစောမွန်ကို ဘယ်သူနန်းတင်ခဲ့သလဲ)စာအုပ်တွင်ရှုပါ။
Credit#Pyae Son San (Historical)
Photo credit # Google Image