''သံလွင့်ကို ပရဟိတလုပ်နေတဲ့ အစ်ကိုကြီးတစ်ယောက်နဲ့  မိတ်ဆက်ပေးမယ်
သူက ကိုမြင့်ဇော်တဲ့
ကိုကြီးလို့ ပဲ ခေါ်ကြတယ်
သံလွင် သိချင်တာလေးတွေ ရှိမယ်ထင်လို့ ''
ဝေမိုးပြောတဲ့ လူကိုက ခပ်ဝဝဖိုင့်ဖိုင့်နှင့် ဆံပင်ကအရှည်ဖြင့် လူပျော်ကြီးပုံစံ။
အစ်ကိုကြီးဟုဝေမိုးခေါ်သော်လည်း အသက်က သံလွင့်အဖေထက် ၃နှစ်လောက်သာငယ်မယ့်ပုံ
''ဝေမိုး ဒါ သားပြောတဲ့ သံလွင်လား''
''ဟုတ်ကဲ့ ကိုကြီး''
''သမီးပုံက ထက်မယ့်ပုံပဲ''
သံလွင် ရယ်ပြမိသည်
''မေးလေ သမီး ဘာသိချင်တာလဲ
ကိုယ်က တက်ကြွတဲ့ လူငယ်တွေကိုဆို သိပ်သဘောကျတာ''
''ဘယ်လို စိတ်ဓါတ်နဲ့  ပရဟိတ လုပ်သလဲကိုကြီး''
''Wow မေးခွန်းက အလန်းကြီး
မဖြေခင် စကားလုံးကဏ္ဍကို အရင် ရှင်းချင်တယ်သမီးရဲ့
စကားလုံးတစ်လုံးဟာ မူလအဓိပ္ပာယ်မြတ်သော်လည်း
သုံးစွဲသူတွေရဲ့
ကိုယ်ကျိုးဖက်မှု ယုတ်မာမှု ဥာဏ်ရည်နည်းမှုတွေကြောင့်
နိမ့်ကျသွားတတ်တယ်
မျိုးချစ်ဆိုတဲ့ စကားတောင် ခုဆို မြောင်းထဲရောက်စပြုနေပြီလေ
အဲ့သလိုပဲ ပရဟိတဆိုတဲ့ စကားတောင် လူတွေချဉ်နေကြပြီ
ဒီတော့ကိုယ်က ရိုးရိုးလေးပဲသုံးမယ်
ကိုယ်က ကွက်လပ်ဖြည့်တဲ့ အလုပ်လုပ်နေတာပါ
ဘဝတစ်ခု အသက်တစ်ချောင်းမို့  မသေသင့်သူမသေရအောင် ရှင်ရေးကူညီမှုကို လုပ်နေတယ်ကလေး''
''ဘယ်လိုလူတွေကို အဓိကထား ကူညီလဲ''
''ကလေး ရေအိုးစင်မြင်ဖူးလား''
''မြင်ဖူးတယ် ''
''ရေအိုးစင်လေးဟာ လူတွေလိုအပ်မယ့်နေရာလေးမှာ စောင့်စားနေတယ်
ရေကို လိုအပ်သူတွေခပ်သောက်နိုင်အောင်
သူ့ ကိုယ်သူပြင်ဆင်ထားတယ်
ရေအိုးစင်လေးရဲ့ ဖြစ်တည်မှုကို အားပေးလိုတဲ့သူတွေက ရေတွေကူဖြည့်ပေးကြတယ်
ရေအိုးစင်လေးမှာ ရေမရှိတဲ့
အခါမျိုးမှာရေသိပ်ဆာနေသူဟာ ငြိုငြင်ရှာမှာပေါ့
ကိုယ်က ရေအိုးစင်လေးပေါ့ သမီးရယ်
အကူညီသိပ်လိုသူတွေဟာ ကိုယ့်ဆီကို အကူအညီလာတောင်းကြတယ်
ကိုယ့်ဆီမှာ ရှိသလောက် ကိုယ်နိုင်သလောက် ကူညီပေးတယ်
အယုတ်အလတ် အမြတ်မရွေး ဆာလောင်နေသူတိုင်းအတွက် အကူညီလိုသူတိုင်းအတွက်ပေါ့
တချို့ က သောက်သုံးရုံမက ခြေပါဆေးချင်ကြတာလေ''
သံလွင်ကြွေသွားမိသည်
ကွက်လပ်ဖြည့်သူဆိုတဲ့စကားလေး
ရယ်
ရေအိုးစင်ဆိုတဲ့ အသုံးလေးရယ်
ဝေလရဲ့ ရေအိုးအကြောင်း သီချင်းလေးတောင်ကြားယောင်မိသွားသည်
''ဘာအခက်အခဲတွေရှိလဲကိုကြီး''
''အခက်အခဲလား''
''ဟုတ်''
''အခက်အခဲဆိုရင်တော့မရှိဘူး
ဒါပေမယ့် နာကျင်ရတာတွေတော့ ရှိတယ်''
''ရှင်''
''လိုအပ်သူတိုင်းကို ကူညီဖို့  လုပ်အားကအဆင်သင့်ပါပဲ
ဝေယျာဝစ္စကုသိုလ်ကို အပြည့်အဝကိုယ်စိုက်ထုတ်ထားတယ်
ဒါပေမယ့် ကူညီဖို့  ရေပါလိုတဲ့အခါ ရေမရှိတဲ့ ရေအိုးစင်ဟာ ဘာမှမတတ်နိုင်ဘူးလေ
ကိုယ့်ရေအိုးလေး ရေပြည့်နေဖို့ တော့ ကိုယ်တောင့်တမိတယ်
သေရေး ရှင်ရေးဖြစ်နေတဲ့ လူနာအတွက် လူနာရှင်တစ်ယောက်က ဆက်သွယ် အကူအညီတောင်းတဲ့အခါမျိုးမှာ နာကျင်ခဲ့ဖူးတယ်...
အိပ်စိုက်ဆိုရင် လူတွေက ရယ်ချင်ကြတယ် သမီးရဲ့...
ဟုတ်ပါ့မလားဆိုပြီးတော့လေ
တချို့ ပရဟိတသမား တွေရဲ့
ကိုယ်က်ျုးဖက်သုံးစွဲမှုတွေ ကြောင့်လည်း ဒီပရဟိတရပ်ဝန်းဟာ နာမည်ပျက်နေရတယ်''
စိတ်ပျက်လက်ပျက်ရေရွတ်နေသည့် ကိုမြင့်ဇော်ကို ဝေမိုးက
''အစ်ကိုပြောသလို ရေအိုးလိုပဲ တွေးပေါ့အစ်ကိုရာ
ရှိသလောက် အဖုံးဖွင့်ပြီးတိုက်ပေါ့ အစ်ကိုရာ
မရှိတော့လည်း မရှိကြောင်း
အဖုံးဖွင့်ပြလိုက်ပေါ့''
''သိပ်ဆာလောင်နေသူကို
တွေ့ တဲ့အခါ အသဲနှလုံးပါတဲ့ ရေအိုးက ရင်နာတတ်တယ်ငါ့ညီရ..''
''ဒုက္ခသည်ဆိုတာ အများကြီး အစ်ကို
အစ်ကိုဘယ်လောက်အထိ ကူညီနိုင်မှာလဲ''
''ဒုက္ခသည်လို့ မသုံးနဲ့ ကွာ
အခြေအနေတစ်ခုမှာ အကူညီလိုအပ်နေသူတွေပါ
ငါ့ညီပြောသလို အကူအညီလိုသူတွေက အများကြီးပဲ
အဲ့ဒိထဲမှာ ကိုယ်နိုင်သလောက် ကူညီမှာပေါ့
ကြယ်ငါးကောက်တဲ့ ပုံပြင်လိုပေါ့ကွာ''
''ပရဟိတအလုပ်က မြင့်မြတ်တယ်နော်အစ်ကို''
''ညီကအဲ့ဒိလိုထင်လား''
''မဟုတ်ဘူးလား''
''မြင့်မြတ်တယ် ယုတ်ညံ့တယ်
ညီကြိုက်သလိုသတ်မှတ်လေ
ကိုယ်က တော့ ကိုယ်ဝါသနာပါရာ ကိုယ်ပျော်ရာ ကို လုပ်နေရခြင်းမှာ ကိုယ်ကျေနပ်တယ်
လူဆိုတာ ကိုယ်စိတ်ပျော်ရာ ကိုယ်လုပ်နေကြတာချည်းပဲ
ဥာဏ်ရည်နဲ့ မေတ္တာတရားပေါ်မူတည်ပြီး
မြင့်မြတ်ခြင်းတွေ ယုတ်ညံ့ခြင်းတွေ ကွာခြားသွားတာပဲငါ့ညီ''
''အစ်ကို ဘယ်လိုပုံစံမျိုးတွေကူညီဖြစ်လဲအစ်ကို''
''အေး အတွေ့ အကြုံလေးတစ်ခု ပြောပြမယ် ၇လွှာမှာနေတဲ့ အမေအိုကြီးတစ်ယောက် ချော်လဲပြီး တင်ပါးဆုံရိုးကျိုးသွားတော့ ကုဖို့ က လူအားရော ငွေအားရော မတတ်နိုင်ကြဘူး
၇လွာကနေ အောက်ကိုချဖို့  ဆိုတာ လွယ်မှမလွယ်ဘဲညီရေ
အစ်ကိုတို့ ပဲ ထမ်းစင်ပေါ်ကနေ ထမ်းပေးရတာလေ
အသက်ကြီးတော့ ဆီးတွေဘာတွေ မနိုင်ဘူးလေ ခေါင်းပေါ်ကို ရေတွေလည်း ကျတာပေါ့
ဟားဟား''
''မိန်းမတွေကို ထမ်းတော့ အစ်ကို ဘုန်းမနိမ့်ဘူးလား''
''ညီက ဘုန်းတွေဘာတွေကို ယုံလား''
''ကျနော်ကတော့မယုံပါဘူး
အစ်ကိုများ ယုံမလားလို့ ''
''ကောင်းတာကို လုပ်လို့  နိမ့်မယ်ဆိုလည်း နိမ့်ပါစေပေါ့ကွာ
ကိုယ်က ခေါင်းထဲကိုမရှိတာ''
''ဘာလို့ များ သက်ကြီးရွယ်အိုတွေက ၇လွှာမှာတက်နေရတာလဲဗျာ''
''ရန်ကုန်မှာ ကျောခင်းစရာတစ်နေရာက သိပ်မလွယ်ဘူးညီလေးရ
ငွေမရှိတဲ့သူဟာ ရွေးချယ်ခွင့်သိပ်မရှိဘူး''
''သြော်''
သံလွင်မှ
''အကယ်၍ သမီးတို့  အသိတွေ အကူညီလိုတဲ့အခါလည်း ကိုကြီးဆီ ဆက်သွယ်လိုက်မယ်နော်''
ကိုမြင့်ဇော်မှရယ်၍
''အကူညီလိုမှ မဟုတ်ဘူး
အကူညီပိုတဲ့အခါလည်း ဆက်သွယ်ပါ သမီးရေ... ကိုယ့်ဆီမှာ လုပ်အားဒါနလာပေးနေတဲ့ လူငယ်လေးတွေလည်း ရှိတယ်
သူတို့ လေးတွေခမျာလည်း အလုပ်တစ်ဖက်နဲ့  နိုင်ဝန်ကို ဝင်ထမ်းနေကြတာလေ''
''လာဖြစ်အောင်လာမှာပါကိုကြီး
သမီးလည်း ရေအိုးစင်ဘဝကို သိပ်အားကျတယ်
ကွက်လပ်တွေသိပ်ဖြည့်ပေးချင်တယ်''
ရေအိုးဝဝကြီးတစ်လုံးရဲ့ ရင်ထဲက ကွက်လပ်ဖြည့်လိုမှုတွေကို ခံစားမိရင်း
တကယ်ပဲ ပီတဖြစ်ရတယ်
''သမီးကို ဆက်သွယ်ရမယ့် ဖုန်းနံပါတ်လေးပြောဦးလေ''
''(095195420
ကိုကြီးနှင့် ညီအစ်ကို မောင်နှမများ
ပရဟိတအဖွဲ့ )ပါသမီး
အကူညီလိုတဲ့အခါဖြစ်ဖြစ်
အကူညီပိုတဲ့အခါဖြစ်ဖြစ်
ကိုယ့်ဆီကို ဆက်သွယ်ပါ
ဒီအလုပ်ကို ကိုယ်က မူးယစ်ဆေးစွဲသလိုစွဲပြီးလုပ်နေတာ''
ကိုကြီးကိုနှုတ်ဆက်ပြီး နောက်
ဝေမိုးကို နှစ်နှစ်ကာကာ စကားတစ်ခွန်းဆိုလိုက်မိသည်
''ကိုယ့်ရင်ထဲမှာ ကွက်လပ်ဖြည့်ချင်စိတ်တွေ ပြင်းပြင်းထန်ထန် ဖြစ်နေမိတယ် ဝေမိုးရယ်''