ဖွားမြင်သည်ကစ၍ မိဘချစ်ရ , ဆွေမျိုးဉာတိချစ်ရနှင့် ချစ်လက်စတီထွင်ကာ အတော်ကြာလျှင် ကစားဖော်ချင်းချစ်ရ , မိတ်ဆွေချင်း ချစ်ရ စသည်ဖြင့် ဝမ်းတွင်းပါ ဓမ္မတာတရားက အချစ်ကို လမ်းပြနေသောကြောင့် ရေငတ်ငတ်ရှိ၍ ဆားငန်ရေကို သောက်လိုက်ရာ သောက်ပြီးခါမှ သာ၍ငတ် , ငတ်သည့်အတွက် ထပ်၍သောက် သောက်လေငတ်လေ ဖြစ်သကဲ့သို့ ကာမဂုဏ်အာရုံတွေကို ငတ်ငတ်ရှိ၍ လိုက်စားခါမှ သာ၍ငတ်ပြီးလျှင် အပြစ်မမြင်နိုင်ဘဲ ချစ်ပင်လယ်ထဲ၌ ဝဲလှည့်၍ နေကြရလေတော့သည်။
အချစ်အချစ် ချစ်တိုင်းချစ်၍
ချစ်လေချစ်လေ ချစ်မပြေတည်း
ဆားငန်ရေနောက် ငတ်တိုင်းသောက်က သောက်လေသောက်လေ ငတ်မပြေသို့
ပေမအရာ တဏှာဖွဲ့ရစ်
ထိုအချစ်လည်း အပြစ်မမြင်
မဆင်ခြင်ဘဲ ချစ်လျှင်ပျော်နိုး
ချစ်စပျိုးသည် ချစ်ရိုး ချစ်စဉ် ချစ်လမ်းတည်း။ [ ရှေးပညာရှိပျို့ ]
လောဘသက်သက် အပါယ်ချပုံ
လောဘသည် ကုသိုလ် အထောက်အပံ့မရဘဲ သူ့ချည်းသက်သက်စဉ်းစားလျှင် သေးငယ်သော လောဘပင် အပါယ်ချနိုင်၏၊ ဥပမာ-ကျောက်ခဲမှန်လျှင် အငယ်ဆုံး ကျောက်မှုန့်ကလေးသည်ပင် ရေမှာနစ်ရသကဲ့သို့တည်း၊ ထို့ကြောင့် စုတေခါနီး၌ သမီးခင်ပွန်းအပေါ် စွဲလမ်းမှု , သမီးသားနှင့် စီးပွားဥစ္စာ တစ်စုတစ်ရာကို စွဲလမ်းမှုကြောင့် ပြိတ္တာဖြစ်ရသူတွေ များလေသည်၊ ငါတို့ဘုရား လကိထက်တော်၌ ရဟန်းတော်တစ်ပါးကား သင်္ကန်းသစ်ကလေးကို စွဲလမ်းသွားသည့်အတွက် သင်္ကန်းမှာလာ၍ သန်းဖြစ်ရလေသည်၊ ၇-ရက်လည်မှ သန်းဘဝက ကျွတ်လွတ်သတဲ့။
ကုသိုလ်အကူအညီရလျှင် အပါယ်မချပုံ
တစ်ယောက်နှင့်တစ်ယောက် ချစ်ခင်မှုခေါ် တဏှာပေမ ဖြစ်နေကြသော်လည်း ကုသိုလ်ကောင်းမှု အကူအညီရလျှင် အပါယ်သို့ မချနိုင်ချေ၊ ဥပမာ-ကျောက်ခဲသည် သူ့ချည်းသက်သက်ဆိုလျှင် ရေ၌ နစ်သော်လည်း လှေအကူအညီရလျှင် ရေမနစ်ဘဲ လှေ၏ အလိုကျ လှေပေါ်မှာပါရသကဲ့သို့တည်း၊ ထို့ကြောင့် ဇာတ်ဝတ္ထုတို့၌ တဏှာပေမ မကင်းသူချင်း ရင်နှီးစွာ အကျိုးပေးလျက် ပါရမီ ဖြည့်ဖက်များ ဖြစ်ကြလေသည်။
စဉ်းစားဖွယ်
သမီးခင်ပွန်းတို့ စိတ်တူသဘောတူ ဖြစ်ကြသောအခါ တစ်ယောက်ကိုတစ်ယောက် မခွဲခွာလိုကြ၊ သံသရာဝယ် ပါရမီဖြည့်ကာ နိဗ္ဗာန်ရလိုကြ၏၊ အလောင်းတော် သုမေဓာဘဝ၌ ယသော်ဓရာအလောင်း "သုမိတ္တာ"မည်သော အမျိုးကောင်းသမီးကလေးသည် ဘုရားအလောင်နှင့် မကွဲမကွာ ဖြစ်ရလိုကြောင်း ဆုတောင်းခဲ့၏၊ အရှင်မဟာကဿပနှင့် မယ်ဘဒ္ဒါအလောင်းလည်း ကမ္ဘာပေါင်းများစွာဝယ် ပါရမီကို အတူဖြည့်ခဲ့ကြသည်၊ ဤသို့ ဖြစ်ခဲ့ရာဝယ် "နောက်၌ပြမည့် ဆန္ဒသဘောလား, တဏှာပေမ လောဘသဘောလား"ဟု စဉ်းစားထိုက်ပေသည်။
ဆုံးဖြတ်ချက်
ပြခဲ့ပြီးသော ဇာတ်လမ်းတွင် ပါဝင်သော အရှင်တို့ကား စင်စစ်သူတော်ကောင်းများဖြစ်ကြသည်၊ သူတော်ကောင်းနှင့် အဆင့်ဆင့် ပေါင်းလိုခြင်းမှာ တမင်တကာ ဆုတောင်းရသော ကုသိုလ်ဆန္ဒကောင်းပေတည်း၊ ထိုအရှင်တို့သည် ပါရမီကို ကြိုးစားနေသော သီလရှိသူများလည်း ဖြစ်ကြသည်၊ ကျမ်းဂန်တို့၌ "သီလရှိသူမှာ တောင့်တတိုင်းပြည့်စုံနိုင်သည်၊ ဆန္ဒရှိလျှင် ဘယ်အရာမဆို ပြီးစီးနိုင်သည်"ဟုအဆိုရှိ၏၊ ထို့ကြောင့် ထိုအရှင်တို့၌ တစ်ယောက်နှင့်တစ်ယောက် မကွဲကွာအောင် တွယ်တာသော တဏှာပေမ ရှိကြမည်ဖြစ်သော်လည်း ကြီးမားသော ကုသိုလ်ဆန္ဒကြောင့် အလောင်အလျာတို့ အလိုကျအောင် ပြုသမျှ ကုသိုလ်ကံတွေက တွဲဖက်၍ စီမံသဖြင့် ဥမကွဲ သိုက်မကွာ ပါရမီဖြည့်ဖက်များ ဖြစ်ကြရပေသည်။